Showing posts with label ဝတ္ထုတို. Show all posts
Showing posts with label ဝတ္ထုတို. Show all posts
        
  
   

   
    
     

သက်ပြင်းတစ်ချက်

လေပြည်သွားရာ လမ်းကြောင်းအတိုင်း ပျော့ပျောင်းစွာ ကခုန်နေကြသော သစ်ရွက်ကလေးတွေကို အားကျတဲ့အကြည့်နဲ့ ကြည့်နေသူကတော့ သစ်ပင်ကြီးကိုယ်တိုင်ပင် … ။ 

Q: သစ်ပင်တစ်ပင်ရဲ့ သက်တမ်းဟာ ဘယ်လောက် လောက်ရှိသလဲခင်ဗျာ။
A: နှစ်ပေါင်းရာချီတိုင်အောင် လွတ်လပ်တဲ့ သစ်ပင်တစ်ပင်ဟာ ရှင်သန်နိုင်ပါတယ်။
Q: ဟုတ်ကဲ့ .. ဒါဆိုရင် သစ်ရွက်တစ်ရွက်ရဲ့ သက်တမ်းကရော ခင်ဗျာ။
A: သစ်ရွက်တစ်ရွက်ကတော့ …………………………………………………….


“အားတိုင်းခေါ်မနေစမ်းပါနဲ့အဖေရာ .. ကျွှန်တော်လုပ်ဖို့ အလုပ်တွေကတန်းစီနေတာပဲ .. တစ်ခုခု ခိုင်းစရာရှိရင် အလတ်ကောင်နဲ့အငယ်ကောင်ရှိနေတာပဲ သူတို့ကို ခေါ်ခိုင်းပေါ့” 
သားအကြီး ရဲ့စကားကို ချွေးမဖြစ်သူကလည်းထောက်ခံသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလေသည်။ သူ သက်ပြင်းတစ်ချက်ချကာ 
“သားကြီးရယ် .. သားညီလေးတွေကလည်း သူ့အိမ်ထောင်နဲ့သူ အဆင်ပြေကြတာမဟုတ်တာ .. ဖေတို့ထဲမှာ သားကြီးတစ်ယောက်ပဲ အဆင်ပြေပြေရှိလို့အဖေ ခေါ်မိတာပါကွာ” 
“ခု အဖေ ကျွှန်တော့်ကို ခေါ်တာ ဘာကိစ္စရှိလို့လဲ .. ကျွှန်တော်အားတာမဟုတ်ဘူး .. ခဏနေရင် အစည်းအဝေးသွားရဦးမှာ” ခပ်ဆတ်ဆတ် လေသံကြောင့် ..  နောက်တစ်ခါ သက်ပြင်း တစ်ချက်ချကာ 
“သားအမေဆုံးပြီးကတည်းက ဒီအိမ်လေးက တစ်ခုခု လွတ်ဟာနေသလိုပဲ .. အခု ငါ့သားတွေ အားလုံးလည်း အိမ်ထောင်ကိုယ်စီကျလို့ တစ်ယောက်တစ်နေရာဆီ ခွဲထွက်သွားကြတော့ .. အဖေ့ ဒီအိမ်လေးက ခြောက်သည့်ထက် ပိုခြောက်လို့လာတယ် .. အဲဒီတော့ အဖေလည်း အသက်ကြီးပြီ .. အဖေ မသေခင်တော့ ငါ့သားတွေနဲ့အတူတူ အဖေ ဒီအိမ်လေးမှာ နေချင်တယ်” စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချွေးမဖြစ်သူက .. 


“အို .. အဖေကလည်း အဖေအိမ်နဲ့ကျွှန်မတို့အလုပ် ပြီးတော့ ကလေးတွေရဲ့ကျောင်းနဲ့က အဝေးကြီးပဲ .. ဒီမှာလာနေရင် ကျွှန်မတို့အတွက် သွားရေးလာရေး အဆင်မပြေဘူး” ထို့နောက် သားဖြစ်သူက ..
“ဟုတ်တယ် .. ရွှေပြောသလိုပဲ .. ကျွှန်တော်တို့ပြောင်းနေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး .. အကယ်လို့ အဖေ ဒီမှာ တစ်ယောက်ထဲမနေချင်ဘူးဆိုရင် အငယ်ကောင်ကိုခေါ် နေလေ .. သူတို့က ကလေးလည်းရှိသေးတာမဟုတ်တော့ .. အဖေ့ကို ကောင်းကောင်း စောင့်ရှောက်လို့ရတာပေါ့  .. လိုအပ်တဲ့ ပိုက်ဆံကို ကျွှန်တော်ထောက်ပံ့ပါမယ် .. ” ခါးခါးသီးသီး ငြင်းဆန်နေသော သားအကြီးလင်မယားကို ကြည့်ပြီး သူ သက်ပြင်းနောက်တစ်ချက်ချလိုက်တော့သည်။

“တောက် .. တောက် … တောက် .. ” မြည်နေသော နာရီ လက်သံနဲ့အတူ သက်ပြင်းချသံများ အိမ်ကလေးထဲတွင် ပျံ့နှံ့လို့နေတော့သည်။ “ဝူး ..” ဆိုပြီး မောင်းထွက်သွားသော ကားလေးရဲ့ နောက်ကျောကို ပြတင်းပေါက်မှ အကူ နောက်ခြေတစ်ချောင်း ထောက်ကာ ရပ်ကြည့်ပြီး အလွတ်ရနေသော ဖုန်းနံပါတ် သုံးခုထဲမှ နောက်တစ်ခုကို တုန်တုန်ယင်ယင်ဖြင့် အလိုအလျောက်နိုပ်မိလိုက်သည်။ ထို့နောက် ပြောင်းလဲလာသော ခေတ်ကြီးနဲ့အပြိုင်  စနေ .. တနင်္ဂနွေ ပိတ်ရက်များမှာတောင် မအားမလပ် အလုပ်နဲ့နံဘန်းလုံးနေရသော သားကြီးအတွက် စိတ်မကောင်းဖြစ်မိကာ အတွေးများက ဟိုရောက်ဒီရောက်လို့နေတော့သည်။ .. ခုံပေါ်တွင်ကား ထောင်တန်အုပ်လေး ၂ အုပ်က လှောင်နေသယောင်ယောင် … ။

မနက် ၁၁ နာရီ .. နေကျဲကျဲတောက် ပူနေသည့်အချိန်တွင် ထီးတစ်ချောင်း နှစ်ယောက်အတူဆောင်းကာ ခြံဝင်းထဲသို့ဝင်လာသော သားငယ်လင်မယားကို အိမ်အဝမှ အသင့်စောင့်ကြိုလိုက်သည်။ ရောက်လာသည်နှင့်တစ်ပြိုင်နက် .. သားဖြစ်သူက
“အဖေ .. ဘာချက်ထားလဲ .. ဗိုက်ဆာလိုက်တာ ဗျာ ..”
“ဟေ .. မင်းတို့အိမ်မှာ ဘာမှမချက်ကြဘူးလား .. ”
“ချက်မလို့ ..အဖေ့ဆီက ဖုန်းရလို့ ဘာမှမချက်ဘဲ ဒီတိုင်းလာခဲ့တာ”
“အော် .. အေး .. အေး ” ဆိုပြီး .. အကျီ ၤအိတ်ထဲလက် နှိုက်မိတော့ ထွက်လာသော ထောင်တန် နှစ်ရွက်ကို ပေးရင်း .. 
“မင်းတို့ကြိုက်တာ ဝယ်စားကြ” ဆိုတော့ .. မုန့်ဖိုးရသလို ပြုံးကာနေသော သားငယ်ကိုကြည့်ပြီး .. ဒီလိုဆိုတော့လည်း ငါ့သားတွေက ကလေးလေးပဲ ရှိကြသေးတာကိုး .. လို့တွေးမိကာ သားငယ်နဲ့အတူ တစ်ချက်ပြုံးလိုက်တော့သည်။ ထောင်တန် ၂ ရွက်နဲ့လဲလာသော ဝက်သားတစ်ပွဲ .. ဟင်းချိုတစ်ပွဲ .. အသုတ်တစ်ပွဲကို လင်မယားနှစ်ယောက် တက်ညီလက်ညီ စားနေကြသည်မှာ အဖေကို ခေါ်ဖို့တောင် သတိမရချေ။ ဆေးပေါ့လိပ်ဖွာကာ မြိန်ရေယှက်ရေစားနေကြသော .. ကလေးနှစ်ယောက်ကိုကြည့်ပြီး ပီတီဝေနေသူကလည်း သူ့အတွေးနဲ့သူ … ။

စားပြီးသောက်ပြီးချိန်မှာတော့  ပိုးလက်ပက်လက် အိမ်ရှေ ့တွင် အဆီရစ်နေသော သားကို အဖေက ချောင်းတစ်ချက်ဟန့်ကာ စကားစလိုက်သည်။
“ငါ့သား အခုတစ်လော အဆင်ပြေရဲ့လား”
“မပြေပါဘူး .. အဖေရာ .. ပွဲစားအလုပ်က အခုမှ လုပ်တာဆိုတော့ … အလုပ်က သိပ်မဖြစ်ဘူး .. တစ်လောကတော့ အလုပ်ကဖြစ်မလိုလိုနဲ့ ကြားလူဖြတ်သွားတာနဲ့ ဘူပိတ်နေတာ အလုပ်ပြောင်းရင်ကောင်းမလားလို့”
“ဟေ .. မင်း ပွဲစားလုပ်တာ ဘယ်လောက်မှတောင် မကြာသေးဘူး .. ”
“အဲဒီ ပွဲစား အလုပ်ကလည်း မြန်မြန် ပြောင်းမှ အဖေရေ .. မဟုတ်ရင် လက်ဖက်ရည်ဖိုးနဲ့တင် အိမ်ကမွဲမှာ” ကြားဝင်ကာ ပြောသော ချွေးမဖြစ်သူရဲ့စကားကြောင့် သူလည်း ခေါင်းလိုက်ငြိမ့်မိသည်။ သူ့သားအကြောင်းလည်း သူအသိဆုံး .. ငယ်ငယ်လေးကတည်းက လက်ကြောကမတင်း .. ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ … မိန်းမသာရသွားတာ အခုချိန်ထိ စိတ်ချစရာ တစ်ကွက်မှမရှိသူဖြစ်သည်။ မိန်းမဖြစ်သူက စာရင်းမ ဆိုသူ့အတိုင်း စေ့စေ့ပါက်ပေါက် ကြည့်တတ်သူ ဖြစ်၍သာ တော်တော့သည်။ ဒါပေမဲ့လည်း ကိုယ်က သားရှင် .. သူများ သမီးပျိုကို ယူထားပြီး လုပ်ကျွှေးရမှာ ကိုယ့်တာဝန်ဖြစ်သည်။ အခုတော့ သားဖြစ်သူက အသုံးမကျလို့ မိန်းမဘက်က လူတွေ အထင်အမြင်သေးမည်ကိုလည်း မလိုလား။ နောက်ဆုံးတော့

“ကဲ .. ဒါဆို သား အခု ဘယ်အလုပ်ကို ပြောင်းဖို့စိတ်ကူးထားလဲ”
“ကျွှန်တော် တက္ကစီဆွဲမလားလို့ .. ဒါပေမဲ့ စဘော်အရင်ပေးရမှာ .. ”
“မင်း စဘော်က ဘယ်လောက်လဲ”
“၂ သိန်း”
“၂ သိန်း ဟုတ်ပြီ .. ငါ့သမီးကရော ဘယ်လိုမြင်လဲ” ချွေးမဖြစ်သူကို လှမ်းကာမေးတော့ .. သူမက ခေါင်းငြိမ့်ကာ
“ပွဲစား အလုပ်ထက်စာရင်တော့ သမီးကတော့ အားပေးပါတယ် .. တက္ကစီဆွဲတော့ ဝင်ငွေ ပုံမှန်ရှိတာပေါ့” ချွေးမ ပြောတာလည်း ဟုတ်သည်။ “ခေါ .. ခေါ” ဆိုပြီးဟောက်သံနှင့် တစ်ရေးရနေသော သားငယ်ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ခိုးကာ အသာချလိုက်တော့သည်။ ထို့နောက် စကားဆက်ကာ

“ငါ့သမီးတော့ နေရထိုင်ရတာရော အဆင်ပြေကြရဲ့လား”
“ဟုတ် အဖေ့သား လက်ကြောမတင်းတာက လွယ်လို့ အဆင်ပြေပါတယ်” အဝတ်များခေါက်ကာ ပြောနေသော ချွေးမလေးကိုကြည့်ပြီး သနားတော့သနားမိသည်။
“အကယ်လို့အဆင်မပြေရင်လည်း အဖေ့အိမ်မှာ လာနေလို့ရတယ်” 
“အို .. ရပါတယ် အဖေရယ် .. သမီးတို့ဘာသာ အပြင်မှာ နေရတာ အဆင်ပြေပါတယ် .. အဖေ့အိမ်ကို ပြောင်းလာရင်  အဖေ့သားက ဒီထက်ပိုပြီး ပေါ့နေတော့မှာ” သူအတွေးနဲ့ သူဆိုတော့လည်း မှန်သလိုလို ရှိသောကြောင့် ခေါင်းငြိမ့်နေသည်မှ လွဲ၍ ဘာမှ ထပ်မပြောဖြစ်လိုက်တော့။ ညနေ ၃ နာရီလောက် လင်မယားနှစ်ယောက်ပြန်ကာနီး .. သားကြီးပေးခဲ့တဲ့ ပိုက်ဆံ နှစ်သိန်းကို စဘော်အဖြစ်ပေးလိုက်သည်။ သားငယ်ကတော့ ဝမ်းသာအားရယူချင်ပေမဲ့ .. သမီးကတော့ လက်မခံချေ။ “ဒီတစ်ခါ အဖေ သားကို နောက်ဆုံးကူညီတာ လို့သဘောထားပြီး ယူလိုက်ပါ သမီးရယ် .. ” ဆိုတော့မှ လက်ခံကာ လင်မယားနှစ်ယောက် တစ်ယောက်တစ်လက်ချိတ်ကာ အိမ်ပေါ်မှ အပြုံးပန်းများပန်ဆင်ကာ ထွက်သွားကြတော့သည်။ 

ကဲ ..နောက်ဆုံးတစ်ယောက် .. အလတ်ကောင် .. ထုံးစံအတိုင်း စဉ်းစားစရာမလိုပဲ .. ဖုန်း ခလုတ်များကို နိုပ်လိုက်တော့သည်။ ခဏနေတော့ သားလတ်တို့လင်မယားရောက်လာကြသည်။ 
“ဖေဖေ .. သားတို့ရောက်ပြီ”
“အေး ..အေး .. ဝင်လာခဲ့ကြ ..” အိမ်အပေါက်ဝမှ အော်နေသော အလတ်ကောင်ကို ပြန်ထူးကာ ဆေးပေါ့လိပ်ကို တစ်ချက်ဖွလိုက်မိသည်။
“ဖေဖေ ..ထူးထူးဆန်းဆန်း .. ဖုန်းဆက်လို့ .. နေများမကောင်းဘူးလား” အသီးသီး ဝင်လာသော လင်မယားနှစ်ယောက်ကို ကြည့်ကာ .. သားလတ်၏အမေးကို .. 
“ကောင်းပါတယ်ကွယ် .. မင်းတို့နဲ့မတွေ့တာကြာလို့.. ငါ့မြေးလေးနဲ့လည်း တွေ့ချင်လို့လှမ်းခေါ်လိုက်တာ”
“ဖေ့ မြေးက ကျူရှင်မှာပဲရှိသေးတယ် .. ” ချွေးမလေးရဲ့ အဖြေကို ခေါင်းငြိမ့်ကာ
“မင်းတို့လင်မယား အဆင်ပြေကြရဲ့လား ..”
“ဟုတ် .. ပြေပါတယ် .. အခုတစ်လော အလှဓာတ်ပုံရိုက်တဲ့သူကလည်း .. များလာတယ်ဆိုတော့ အလုပ်တော့ဖြစ်တယ် .. ” ခေါင်းတစ်ချက် ထပ်ငြိမ့်ကာ
“ငါ့သမီးရော”
“သမီးကတော့ အလုပ်ထွက်လိုက်ပြီ .. ”
“ဟေ .. ဘာလို့လဲ ..”
“အဖေ့ သားပေါ့ .. သမီးအလုပ် လုပ်ဦးမယ်ဆိုတာကို ပေးမလုပ်လို့” ခပ်စူစူ ပြောနေသော ချွေးမကိုကြည့်ပြီး .. သားလတ်ကိုလှည့်ကြည့်တော့ 
“အဖေ့ ချွေးမမှာ ကိုယ်ဝန်ရှိနေပြီ .. အဲဒါ ပင်ပန်းမှာဆိုးလို့ ..အလုပ်ထွက်ခိုင်းလိုက်တာ .. ပူညံပူညံနဲ့ဗျာ .. ”  တစ်ယောက်တစ်ပေါက်စီ ပြန်တိုင်နေကြသော သားလတ်တို့လင်မယားကိုကြည့်ပြီး ..  ပြုံးလိုက်မိသည်။ ဒီကလေးတွေ မိဘတွေသာ ဖြစ်ကုန်ကြပြီ .. အခုချိန်ထိ ကလေးစိတ်တော့ မပျောက်ကြသေးပါလား .. ။ 

“ဒါနဲ့ .. ငါ့သား ဒီနေ့အလုပ်မရှိဘူးလား”
“မနက်ဖြန် နယ်မှာ ဓာတ်ပုံ လိုက်ရိုက်ရမှာ မို့လို့ .. ဒီနေ့နားတယ် ”
“မင်း နယ်သွားရင် .. သမီးနဲ့ကလေးတွေက ဘယ်လိုလုပ်မှာလဲ”
“သူ့မိဘတွေ အိမ်မှာ ပြန်နေဖို့ အကုန်စီစဉ်ပြီးသွားပြီ” သားလတ်ရဲ့ အဖြေကြောင့် သူ နည်းနည်းတွေဝေသွားသည်။
“သမီး .. ကိုယ်ဝန်နဲ့ဆိုတော့ အိမ်ကလူတွေက တစ်ယောက်ထဲနေရမှာ စိတ်မချဘူးလေ .. ပြီးတော့ သမီးကိုယ်တိုင်ကလည်း အိမ်မပြန်တာကြာပြီဆိုတော့ .. အိမ်ကိုလည်း လွမ်းတာနဲ့ .. သမီး မိဘတွေဆီမှာ ပြန်နေဖို့ဆုံးဖြတ်လိုက်တာ”  တစ်ချက် ခေါင်းငြိမ့်ကာ .. မိဘချင်း ကိုယ်ချင်းစာကာ စဉ်းစားမိတော့ .. ငါတောင်မှ ငါ့သားတွေနဲ့ အတူတူနေချင်သေးတာ .. သူတို့လည်း သူတို့သမီးနဲ့အတူတူနေချင်ကြမှာပေါ့ .. အတွေးများက အဝေးဆီသို့ .. ။ 

ညနေစောင်းချိန်တွင် ကလေး ကျောင်းကြိုရဦးမယ် ဆိုပြီး .. ပြန်သွားသော သားလတ်တို့လင်မယားကိုကြည့်ပြီး .. ဒီကလေး သုံးယောက် ငယ်ငယ်တုန်းက “သားကြီးလာရင် ဖေကြီးနဲ့အတူနေမှာ” ဆိုတဲ့စကားသံတွေ .. အခုတော့ ဒီအိမ်အဟောင်းကြီး ထဲမှာပဲ ဟောင်းနွမ်းကာ သူတို့လေးတွေ မေ့နေကြပြီထင်ပါတယ် .. ။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး .. သူတို့သုံးယောက် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိနေတာကိုက အခုချိန်မှာ သူ့အတွက်တော့ အကောင်းဆုံး ဆုလာာဒ် တစ်ခုပင် ။

“အဟင့် .. အဟင့် .. ” ရှိုက်သံများ ..  “ဟိုတစ်နေ့ကတောင် အကောင်းကြီးတွေ့လိုက်သေးတယ် .. ” ဟိုတစ်ပေါက် .. ဒီတစ်ပေါက် ပြောနေကြသော လူတွေရဲ့ စကားသံများကို ကြားတစ်ဝက် မကြားတစ်ဝက်နှင့် ယောကျာ်း ၃ ယောက် အဖြူ အမည်း ချိတ်ထားသော ဓာတ်ပုံရှေ ့တွင် ရပ်ကာ တွေတွေကြီး စိုက်ကြည့်နေကြသည်။ ထို့နောက် အကြီးဆုံးကစ၍  “အဖေဆုံးသွားပြီ .. ငါတို့အဖေရဲ့ နောက်ဆုံးခရီးမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးကြရအောင်” ကျန် ညီနှစ်ယောက်ကလည်း သဘောတူကာ ခေါင်းငြိမ့်ခဲ့ကြသည်။ 

“ကဲ ရက်လည်း လည်ပြီးပြီ .. ဖေဖေနဲ့မေမေ နှစ်ယောက်စလုံးလဲမရှိတော့ .. ဒီအိမ်ကြီးကို ဘယ်လိုလုပ်မလဲ …” အကြီးဆုံးရဲ့စကားကြောင့် ကျန် ညီနှစ်ယောက် အပြင် သူတို့မိန်းမများပါ ကြွတတ ဖြစ်လာသည်။
“အိမ်ကို ရောင်းပြီး သုံးပုံ ပုံပြီး တစ်ယောက်တစ်ပုံစီ ယူကြတာပေါ့” အလတ်ကောင်ရဲ့စကားကို .. အကြီးဆုံး မိန်းမဖြစ်သူက
“ဒါတော့ ဘယ်ညီမ ျှပါ့မဲ .. အဖေရှိတုန်းက .. အဖေ့ရဲ့ စားစရိတ် သုံးစရိတ်ကို .. ကျွှန်မတို့လင်မယားကပဲ ခံရတာ .. အဲဒီတော့ လေးပုံ ပုံမယ် .. နှစ်ပုံကို ကျွှန်မတို့ယူမယ်” ထိုအခါ အငယ်ဆုံး မိန်းမနဲ့အလတ်မ က ..
“ရှင်တို့ဘာသာရှင်တို့ .. အဖေ့ကို ရိုသေတာမဟုတ်ဘူးလား .. ကျွှန်မတို့ကတော့ မခွဲပေးနိုင်ဘူး .. သုံးပုံ .. တစ်ယောက်တစ်ပုံ ဆီပဲ … ” ဒီလိုခွဲ .. ဟိုလိုခွဲမယ်ဆိုပြီး … ညီအစ်ကို သုံးယောက်နဲ့ သူတို့မိန်းမများပါ မကျန် တကျက်ကျက် နှင့် အိမ်လေးထဲတွင် ဆူညံနေတော့သည်။

ဒီအိမ်လေးကို သေသွားသူ အဘိုးကြီးနဲ့အဘွားကြီး တို့စ ဝယ်စဉ်ကတည်းက .. အခုချိန်ထိ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သော ခြံထောင့်ရှိ သစ်ပင်ပေါ်က သစ်ရွက်ကလေးကတော့ … နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ .. ထို့နောက် “ဖြုတ်” ဆိုသည့် အသံကိုပါ နောက်ဆက်အတွဲ အဖြစ်ကြားလိုက်ရပါတော့သည်။

                
             
  
 
  
   

   
    
     

အချစ်ဦး

ဒီနေ့ သူငယ်ချင်းတစ်ယောက်က ကျွှန်မကိုမေးခွန်းလေးတစ်ခုမေးခဲ့တယ် .. နင့်ရဲ့အချစ်ဦးက ဘယ်သူလဲတဲ့။ “အချစ်ဦး” ဆိုတာ ဘာကိုသတ်မှတ်ပြီးခေါ်တာလဲ ကျွှန်မသူ့ကိုပြန်မေးတော့ သူက ပထမဆုံးရင်ခုန်ခဲ့တဲ့သူကို အချစ်ဦးလို့ခေါ်တာတဲ့။ နောက်တစ်ယောက်ကကျတော့ နင် “ချစ်တယ်” လို့ပထမဆုံးပြောဖူးတဲ့သူ .. ။ နောက်ဆုံးတစ်ယောက်ကျတော့ နင့်ကို “ချစ်တယ်”လို့ ပထမဆုံးပြောတဲ့သူ .. ။ သူတို့တွေ ပြောနေကြတာကိုကြည့်ပြီး ကျွှန်မပြုံး၍စဉ်းစားမိသည် .. ဘယ်သူက ကျွှန်မရဲ့ အချစ်ဦးများလဲ .. ။


ပထမ သူငယ်ချင်းပြောသလို ကျွှန်မ ပထမဆုံးရင်ခုန်ခဲ့တဲ့သူ ...

အိမ်ရှေ့အိမ်က အစ်ကိုကြီးပင်ဖြစ်သည်။ မှတ်မှတ်ရရ ကျွှန်မ သူ့ကို စတွေ့တာ bio ကျက်နေတဲ့အချိန်။ အိမ်ရှေ့တွင် ရုတ်တရက် ရပ်လာသော ကားပြာလေးကို ကျွှန်မငေးလို့ကြည့်မိသည်။ ထို့နောက် ကားရှေ့ခန်းမှ ထွက်လာသော သူ … အရပ်ရှည်ရှည် .. အသားဖြူဖြူ .. ဆံပင်ကို သူ့မျက်နှာဘဲဥပုံနဲ့လိုက်အောင် မတိုမရှည် ညှပ်ထားသော သူရဲ့ပုံစံမှာ အရမ်းကြည့်လို့ကောင်းသည်။ ရှပ်အကျီ ၤအဖြူရောင်ကို quarter ဘောင်းဘီ နက်ပြာရောင် နှင့်တွဲဝတ်ထားသော သူရဲ့ပုံမှာ အရမ်းကြည့်ကောင်းသည်ထက် ပိုလို့ပိုလို့ကြည့်လို့ကောင်းသည်။ “ဒုတ် .. ဒုတ် .. ဒုတ်” ပထမဆုံးအကြိမ် ကျွှန်မ လူတစ်ယောက်ကိုကြည့်ပြီး ဒီလောက်ရင်ခုန်သံမြန်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ကို ကျွှန်မရဲ့ “အချစ်ဦး” လို့ သတ်မှတ်ရမည်လား ..


ဒုတိယ သူငယ်ချင်းပြောသလို ကျွှန်မ “ချစ်တယ်” ပြောဖူးတဲ့သူ ...

အဲဒါဆိုရင်တော့ လွန်ခဲ့တဲ့ ၂ နှစ်က ကျွှန်မနဲ့သိခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်။ သုံးလလောက် တစ်ယောက်နဲ့တစ်ယောက်သိခဲ့ပြီး … ကျွှန်မ သူ့ကို အဖြေပေးခဲ့သည်။ တစ်လလောက်တွဲပြီးတဲ့အချိန်မှာတော့ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတဲ့ ...  သူ့ကို “အချစ်ဦး” လို့ ကျွှန်မခေါင်းစဉ်တပ်ရမည်လား ...


နောက်ဆုံး သူငယ်ချင်းပြောသလို ကျွှန်မကို “ချစ်တယ်” လို့ပထမဆုံးပြောတဲ့သူ ...

အိမ်က လူလာမကြိုသေးရင် အခန်းထဲမှာနေဆိုတဲ့ ဆရာမစကားကြောင့် ကျွှန်မအခန်းထဲမှာ ထိုင်နေမိသည်။ တစ်တန်းလုံးမှာမှ ကျွှန်မရယ် သူရယ် နှစ်ယောက်ထဲကျန်တော့သည်။ ကိုကြီးက သူ့အတန်းပြီးရင် လာခေါ်မယ်ဆိုပြီး ခုထိလာမခေါ်သေး။ ရောက်လာတော့မလား ရောက်လာတော့မလား အတန်းအပြင်ကိုငေးနေသော ကျွှန်မ ဘေးသို့သူရောက်လာသည်ကို ကျွှန်မ လုံးဝသတိမထားမိ။ သူ ကျွှန်မနာမည်ကို အသာလေးခေါ်တော့ ကျွှန်မလန့်လို့သွားသည်။ ထို့နောက် ကျွှန်မ နောက်လှည့်ကြည့်မိတော့ ဘေးမှာကပ်ကာထိုင်နေသောသူ .. သူက ကျွှန်မနား နားသို့ကပ်ကာ “ငါ .. နင့်ကိုချစ်တယ်” လို့တိုးတိုးပြောတော့ ကျွှန်မ သူ့ကိုမျက်လုံး အဝိုင်းသားနဲ့ကြောင်လို့ကြည့်နေမိသည်။ …. သူပဲလား … “အချစ်ဦး” ဆိုတာ …


Tynisha Keli ရဲ့ My First Love ဆိုတဲ့ သီချင်းနဲ့မြည်လာသော ဖုန်းလေးကိုကြည့်ပြီး ကျွှန်မပြုံးမိသည်။ ထို့နောက် ဖုန်းထဲက တစ်ယောက်သောသူက “ချစ် .. မင်းကို ကိုယ်အရမ်းချစ်တယ် … မင်းက ကိုယ့်ရဲ့အချစ်ဦးပါ” ဆိုတော့ ကျွှန်မရှက်ပြုံးတစ်ချက် ဖုန်းနောက်ကွယ်မှာပြုံးရင်း “ကို ကလည်း ချစ်ရဲ့ အချစ်ဦး …. ” လို့ပြောရင်း .. ကျွှန်မအတွက် “အချစ်ဦး” ဆိုသည်မှာ …………………………………………………………… ဖြစ်ပါတော့သည်။

                
             
  
 
  
   

   
    
     

Blog ချစ်သူ

ကျွှန်မ သူ့ကို စချစ်မိတာ သူ့ရဲ့ စာလေးတွေကြောင့်ပေါ့ .. သူရေးတဲ့စာလေးတွေ ကဗျာတွေက ကျွှန်မကို ပြုံးစေတယ် .. ရယ်စေတယ် .. ငိုစေတယ် .. ခံစားမှုအမျိုးမျိုးကို ပေးတယ်လေ။ ကြာလာတာနဲ့အမ ျှ သူတင်မဲ့ စာလေးတွေကို မသိမသာနဲ့စောင့်လာခဲ့မိတယ်။ သူ စာတွေ မတင်တာကြာပြီဆိုရင် နေများမကောင်းလို့လား .. အလုပ်တွေများ အရမ်းများနေလို့အချိန်များ မပေးနိုင်တော့ဘူးလား ဆိုပြီး အတွေးတွေနဲ့ပဲ ကျွှန်မစိတ်ထဲ နေလို့မကောင်းခဲ့ဘူး .. ။

ကျွှန်မ ကဗျာတွေစာတွေကို ကြိုက်လည်းမကြိုက် .. ခံလည်းမခံစားတတ်ပေ။ ကျောင်းတုန်းကဆို ကျွှန်မအမုန်းဆုံးဘာသာမှာ မြန်မာစာပင် .. စာအုပ်ပါးပါးလေးနဲ့ တော်တော် အရစ်ရှည်သည်ဟု ကျွှန်မထင်မိသည်။ ကိုးတန်းတုန်းက ကျွှန်မဘေးတွင် ထိုင်သော သူငယ်ချင်းတစ်ယောက်က ကဗျာစာအုပ်ထုတ်မလို့ဆိုပြီး .. သူရဲ့ကဗျာတွေကို အတင်းဖတ်ခိုင်းလေ့ရှိသည်။ ကျွှန်မအတွက်တော့ သူ့ကဗျာဖတ်မဲ့အစား ပီကေ “တ..ဗြစ်ဗြစ်” ဝါးတာကမှ အဓိပ္ဗါယ်ရှိဦးမယ်ဟုတွေးမိသေးသည်။ အိမ်တွင် သတင်းစာဝယ်သော်လည်း တစ်လနေလို့တစ်စောင်မဖတ်ဖြစ် … သတင်းစာဆိုလ ျှင် ပိဿာနှင့်ရောင်းစားမယ် .. ရတဲ့ ပိုက်ဆံကို မုန့်ဝယ်စားဖို့သာ ဆိုင်းပြင်နေတတ်သော ကျွှန်မ .. ခုတော့ သူ့ရဲ့စာတွေကို ဖတ်ဖို့စောင့်နေတယ်ဆိုတော့ ရယ်တော့ရယ်စရာကောင်းသား .. ။

ကျွှန်မ ဆယ်တန်းပြီးတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖြစ်ခဲ့သည်။ အစပိုင်းကတော့ နေရာသစ်ဆိုပြီး ပျော်ပေမဲ့ .. ကြာလာတော့ အင်္ဂလိပ်သီချင်းတွေအစား .. မြန်မာသီချင်းလေးတွေနားထောင်ချင်လာတယ် .. တီဗွီ ဖွင့်တိုင်း စိတ်ဝင်စားစရာတွေလာနေပေမဲ့ မြဝတီက ၇ နာရီဆိုရင် မိနစ် ၂၀လောက် ဝင်တဲ့ကြော်ငြာတွေကိုပဲ သတိရသလိုလိုနဲ့ …  HOME SICK ဆိုတဲ့ပိုးက ဘယ်ကမှန်းမသိဝင်လာတော့သည် ။ ကျောင်းမှာ သူငယ်ချင်းတွေနဲ့တွေ့တော့ အိမ်ကိုလွမ်းတဲ့အကြောင်း မြန်မာပြည်ကိုပြန်ချင်တဲ့အကြောင်းတွေပြောပြတော့ .. သူငယ်ချင်းတွေက ကျွှန်မလို အဝေးရောက်နေတဲ့လူတွေ အများကြီးပဲရှိကြောင်း .. သူတို့လည်း ဒီလိုပဲ သည်းခံပြီး ကိုယ့်အောင်မြင်မူအတွက် တိုင်းတစ်ပါးမှာနေကြရတာပဲ ဆိုပြီး ကျွှန်မကိုအားပေးခဲ့ကြတယ်။ ဒါပေမဲ့ .. ကျွှန်မကတော့ အိမ်လေးကို လွမ်းမြဲလွမ်းဆဲပင် .. ။

စနေ .. တနင်္ဂနွေ ပိတ်ရက်ကလေးတွေမှာတော့ ကျွှန်မတို့လို အိမ်လွမ်းသူတွေ စုကာ ချက်ကြ ပြုတ်ကြ သည်မှာပျော်စရာကောင်းလှသည်။ ကိုယ့်ရွာ ကိုယ့်ပြည်လေးကို ပြန်ရောက်နေသလို ပင် .. ။ ဒီတစ်ပတ် ကြက်သားသုတ်စားမယ်ဆိုပြီး အိမ်တွင် သူငယ်ချင်းများရောက်လို့နေပြီဖြစ်သည်။ ကြက်သားပြုတ်သူကပြုတ် .. ပဲဟင်းချက်မည့်သူကချက်နှင့် အနောက်ဘေး မီးဖိုချောင်လေးမှာ စကားသံများ ရယ်သံများဖြင့် ပြည့်နှက်လို့နေသည်။ စားပြီး သောက်ပြီးကြတဲ့အခါ .. ဘယ်သူကတော့ ရန်ကုန်ပြန်သွားတယ် .. ဘယ်နေ့ပြန်လာမှာ .. အဲဒီလူကိုသိလား .. ဘယ်မှာဈေးတွေချနေတယ် .. ဒီဟာစမ်းသုံးကြည့်ပါလား .. ဘယ်နေရာမှာ ဘာဖြစ်လို့ဆိုပြီး သတင်းပေါင်းစုံကို တီဗွီမကြည့် ရေဒီယိုနားမထောင်ပဲ ကြားရတော့သည်။ ညနေစောင်းချိန်မှာတော့ “မနက်ဖြန် ကျောင်းမှာတွေ့မယ်” “ဟဲ့ ငါညကျရင် ဖုန်းဆက်လိုက်မယ်” ပြန်ခါနီး တစ်ယောက်တစ်ပေါက် ပြောကာနှုတ်ဆက်နေကြသော သူငယ်ချင်းများကိုကြည့်ပြီး ဒီနေ့လိုရက်မျိုး နေ့တိုင်းသာဆိုရင် ဘယ်လောက်ကောင်းမလဲ တွေးမိတော့သည်။

အားလုံးပြန်သွားပြီးနောက် အခန်းထဲဝင်လာပြီး laptop ကိုဖွင့်လိုက်ချိန်မှာတော့  .. blog တစ်ခုကဖွင့်လျက်သားဖြစ်နေသည် ။ အဲဒါနဲ့ blog လေးကိုကြည့်မိတော့ ချစ်စရာလေး .. အပြာရောင်ကို နောက်ခံထားပြီး ဒီဇိုင်းဆွဲထားပုံကလည်း လှသည်။ blog ရဲ့ စာမျက်နှာအစမှတော့ ရေးထားသော ကဗျာတစ်ပုဒ် … ပုံမှန်အတိုင်းဆို ကျွှန်မမဖတ်ပဲ .. ပိတ်မိမှာသေချာသည်။ ဒါပေမဲ့ ဒီကဗျာလေးကတော့ ကျွှန်မကို ညှို့ယူထားသလိုပင် .. နောက်ဆုံး ကဗျာလေးကို ကျွှန်မ သေသေချာချာဖတ်ကြည့်မိသည် သိပ်ပြီးနားမလည်သော်လည်း စကားလုံးထဲများမှ အထီးကျန်မူနဲ့ လွမ်းဆွတ်မူတွေကို ကျွှန်မခံစားရသည်။ ကျွှန်မလိုပဲ အဝေးရောက်နေတဲ့လူတစ်ယောက်ပေါ့ လို့တွေးမိရင်း ပြုံးမိသည်။

သူ၏စာရေးနည်းမှာ ကျွှန်မလို စာဖတ်ဝါသနာမပါတဲ့ လူတွေတောင် ဖတ်ချင်လာအောင်ဆွဲဆောင်နိုင်စွမ်းရှိသည်။ တစတစနဲ့ကျွှန်မသူရဲ့ စာတွေကြားထဲမှာ ပျော်ဝင်လာတော့သည်။ အရင်တုန်းက chat box တစ်ချိန်လုံးပေါ်နေသော ကျွှန်မရဲ့ dekstop ပေါ်မှာ အခုသူ့ရဲ့ blog လေးက အစားထိုးလို့ယူလာခဲ့သည်။ သူသွားလည်နေကျ blog တွေကိုလည်း ကျွှန်မသွားလည်ခဲ့သည်။ သူ အကြိုက်ဆုံး စာအုပ်တွေကိုလည်း online ပေါ်ကနေ download ချကာ ကျွှန်မဖတ်ခဲ့သည်။ သူငယ်ချင်းတွေကတောင် အံ့အားသင့်လို့ကျွှန်မကို စနောက်ခဲ့ကြသေးသည်။ .. အချိန်တွေ တဖြည်းဖြည်း ကြာလာသည်နှင့်အမ ျှ သူရဲ့စာတွေ ကဗျာတွေက ကျွှန်မအတွက် အားဆေးတစ်ခွက်ဖြစ်လာခဲ့သည်။ အိမ်ကို သတိရတဲ့အချိန်တွေမှာတောင် စာဖတ်ခြင်းနဲ့ကျွှန်မဖြေဖျောက်တတ်လာခဲ့သည်။ 

အခုချိန်မှာတော့ ကျွှန်မဟာ အရင်ကထက် စာတွေ ကဗျာတွေကို ပိုပြီးခံစားတတ်လာသလို .. ချစ်လည်းချစ်တတ်လာခဲ့ပါပြီ။ သူဟာ ဘယ်သူလဲ ဘယ်ကလဲ ဆိုတာ ကျွှန်မ မသိပါဘူး .. ဒါပေမဲ့ သေချာတာကတော့  ကျွှန်မမြတ်နိုးတဲ့စာတွေနဲ့ထပ်တူ  သူ့ကိုလည်း ကျွှန်မတိတ်တခိုး ချစ်မိပါတော့သည်။