ကျွှန်မ သူ့ကို စချစ်မိတာ သူ့ရဲ့ စာလေးတွေကြောင့်ပေါ့ .. သူရေးတဲ့စာလေးတွေ ကဗျာတွေက ကျွှန်မကို ပြုံးစေတယ် .. ရယ်စေတယ် .. ငိုစေတယ် .. ခံစားမှုအမျိုးမျိုးကို ပေးတယ်လေ။ ကြာလာတာနဲ့အမ ျှ သူတင်မဲ့ စာလေးတွေကို မသိမသာနဲ့စောင့်လာခဲ့မိတယ်။ သူ စာတွေ မတင်တာကြာပြီဆိုရင် နေများမကောင်းလို့လား .. အလုပ်တွေများ အရမ်းများနေလို့အချိန်များ မပေးနိုင်တော့ဘူးလား ဆိုပြီး အတွေးတွေနဲ့ပဲ ကျွှန်မစိတ်ထဲ နေလို့မကောင်းခဲ့ဘူး .. ။
ကျွှန်မ ကဗျာတွေစာတွေကို ကြိုက်လည်းမကြိုက် .. ခံလည်းမခံစားတတ်ပေ။ ကျောင်းတုန်းကဆို ကျွှန်မအမုန်းဆုံးဘာသာမှာ မြန်မာစာပင် .. စာအုပ်ပါးပါးလေးနဲ့ တော်တော် အရစ်ရှည်သည်ဟု ကျွှန်မထင်မိသည်။ ကိုးတန်းတုန်းက ကျွှန်မဘေးတွင် ထိုင်သော သူငယ်ချင်းတစ်ယောက်က ကဗျာစာအုပ်ထုတ်မလို့ဆိုပြီး .. သူရဲ့ကဗျာတွေကို အတင်းဖတ်ခိုင်းလေ့ရှိသည်။ ကျွှန်မအတွက်တော့ သူ့ကဗျာဖတ်မဲ့အစား ပီကေ “တ..ဗြစ်ဗြစ်” ဝါးတာကမှ အဓိပ္ဗါယ်ရှိဦးမယ်ဟုတွေးမိသေးသည်။ အိမ်တွင် သတင်းစာဝယ်သော်လည်း တစ်လနေလို့တစ်စောင်မဖတ်ဖြစ် … သတင်းစာဆိုလ ျှင် ပိဿာနှင့်ရောင်းစားမယ် .. ရတဲ့ ပိုက်ဆံကို မုန့်ဝယ်စားဖို့သာ ဆိုင်းပြင်နေတတ်သော ကျွှန်မ .. ခုတော့ သူ့ရဲ့စာတွေကို ဖတ်ဖို့စောင့်နေတယ်ဆိုတော့ ရယ်တော့ရယ်စရာကောင်းသား .. ။
ကျွှန်မ ဆယ်တန်းပြီးတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖြစ်ခဲ့သည်။ အစပိုင်းကတော့ နေရာသစ်ဆိုပြီး ပျော်ပေမဲ့ .. ကြာလာတော့ အင်္ဂလိပ်သီချင်းတွေအစား .. မြန်မာသီချင်းလေးတွေနားထောင်ချင်လာတယ် .. တီဗွီ ဖွင့်တိုင်း စိတ်ဝင်စားစရာတွေလာနေပေမဲ့ မြဝတီက ၇ နာရီဆိုရင် မိနစ် ၂၀လောက် ဝင်တဲ့ကြော်ငြာတွေကိုပဲ သတိရသလိုလိုနဲ့ … HOME SICK ဆိုတဲ့ပိုးက ဘယ်ကမှန်းမသိဝင်လာတော့သည် ။ ကျောင်းမှာ သူငယ်ချင်းတွေနဲ့တွေ့တော့ အိမ်ကိုလွမ်းတဲ့အကြောင်း မြန်မာပြည်ကိုပြန်ချင်တဲ့အကြောင်းတွေပြောပြတော့ .. သူငယ်ချင်းတွေက ကျွှန်မလို အဝေးရောက်နေတဲ့လူတွေ အများကြီးပဲရှိကြောင်း .. သူတို့လည်း ဒီလိုပဲ သည်းခံပြီး ကိုယ့်အောင်မြင်မူအတွက် တိုင်းတစ်ပါးမှာနေကြရတာပဲ ဆိုပြီး ကျွှန်မကိုအားပေးခဲ့ကြတယ်။ ဒါပေမဲ့ .. ကျွှန်မကတော့ အိမ်လေးကို လွမ်းမြဲလွမ်းဆဲပင် .. ။
စနေ .. တနင်္ဂနွေ ပိတ်ရက်ကလေးတွေမှာတော့ ကျွှန်မတို့လို အိမ်လွမ်းသူတွေ စုကာ ချက်ကြ ပြုတ်ကြ သည်မှာပျော်စရာကောင်းလှသည်။ ကိုယ့်ရွာ ကိုယ့်ပြည်လေးကို ပြန်ရောက်နေသလို ပင် .. ။ ဒီတစ်ပတ် ကြက်သားသုတ်စားမယ်ဆိုပြီး အိမ်တွင် သူငယ်ချင်းများရောက်လို့နေပြီဖြစ်သည်။ ကြက်သားပြုတ်သူကပြုတ် .. ပဲဟင်းချက်မည့်သူကချက်နှင့် အနောက်ဘေး မီးဖိုချောင်လေးမှာ စကားသံများ ရယ်သံများဖြင့် ပြည့်နှက်လို့နေသည်။ စားပြီး သောက်ပြီးကြတဲ့အခါ .. ဘယ်သူကတော့ ရန်ကုန်ပြန်သွားတယ် .. ဘယ်နေ့ပြန်လာမှာ .. အဲဒီလူကိုသိလား .. ဘယ်မှာဈေးတွေချနေတယ် .. ဒီဟာစမ်းသုံးကြည့်ပါလား .. ဘယ်နေရာမှာ ဘာဖြစ်လို့ဆိုပြီး သတင်းပေါင်းစုံကို တီဗွီမကြည့် ရေဒီယိုနားမထောင်ပဲ ကြားရတော့သည်။ ညနေစောင်းချိန်မှာတော့ “မနက်ဖြန် ကျောင်းမှာတွေ့မယ်” “ဟဲ့ ငါညကျရင် ဖုန်းဆက်လိုက်မယ်” ပြန်ခါနီး တစ်ယောက်တစ်ပေါက် ပြောကာနှုတ်ဆက်နေကြသော သူငယ်ချင်းများကိုကြည့်ပြီး ဒီနေ့လိုရက်မျိုး နေ့တိုင်းသာဆိုရင် ဘယ်လောက်ကောင်းမလဲ တွေးမိတော့သည်။
အားလုံးပြန်သွားပြီးနောက် အခန်းထဲဝင်လာပြီး laptop ကိုဖွင့်လိုက်ချိန်မှာတော့ .. blog တစ်ခုကဖွင့်လျက်သားဖြစ်နေသည် ။ အဲဒါနဲ့ blog လေးကိုကြည့်မိတော့ ချစ်စရာလေး .. အပြာရောင်ကို နောက်ခံထားပြီး ဒီဇိုင်းဆွဲထားပုံကလည်း လှသည်။ blog ရဲ့ စာမျက်နှာအစမှတော့ ရေးထားသော ကဗျာတစ်ပုဒ် … ပုံမှန်အတိုင်းဆို ကျွှန်မမဖတ်ပဲ .. ပိတ်မိမှာသေချာသည်။ ဒါပေမဲ့ ဒီကဗျာလေးကတော့ ကျွှန်မကို ညှို့ယူထားသလိုပင် .. နောက်ဆုံး ကဗျာလေးကို ကျွှန်မ သေသေချာချာဖတ်ကြည့်မိသည် သိပ်ပြီးနားမလည်သော်လည်း စကားလုံးထဲများမှ အထီးကျန်မူနဲ့ လွမ်းဆွတ်မူတွေကို ကျွှန်မခံစားရသည်။ ကျွှန်မလိုပဲ အဝေးရောက်နေတဲ့လူတစ်ယောက်ပေါ့ လို့တွေးမိရင်း ပြုံးမိသည်။
သူ၏စာရေးနည်းမှာ ကျွှန်မလို စာဖတ်ဝါသနာမပါတဲ့ လူတွေတောင် ဖတ်ချင်လာအောင်ဆွဲဆောင်နိုင်စွမ်းရှိသည်။ တစတစနဲ့ကျွှန်မသူရဲ့ စာတွေကြားထဲမှာ ပျော်ဝင်လာတော့သည်။ အရင်တုန်းက chat box တစ်ချိန်လုံးပေါ်နေသော ကျွှန်မရဲ့ dekstop ပေါ်မှာ အခုသူ့ရဲ့ blog လေးက အစားထိုးလို့ယူလာခဲ့သည်။ သူသွားလည်နေကျ blog တွေကိုလည်း ကျွှန်မသွားလည်ခဲ့သည်။ သူ အကြိုက်ဆုံး စာအုပ်တွေကိုလည်း online ပေါ်ကနေ download ချကာ ကျွှန်မဖတ်ခဲ့သည်။ သူငယ်ချင်းတွေကတောင် အံ့အားသင့်လို့ကျွှန်မကို စနောက်ခဲ့ကြသေးသည်။ .. အချိန်တွေ တဖြည်းဖြည်း ကြာလာသည်နှင့်အမ ျှ သူရဲ့စာတွေ ကဗျာတွေက ကျွှန်မအတွက် အားဆေးတစ်ခွက်ဖြစ်လာခဲ့သည်။ အိမ်ကို သတိရတဲ့အချိန်တွေမှာတောင် စာဖတ်ခြင်းနဲ့ကျွှန်မဖြေဖျောက်တတ်လာခဲ့သည်။
အခုချိန်မှာတော့ ကျွှန်မဟာ အရင်ကထက် စာတွေ ကဗျာတွေကို ပိုပြီးခံစားတတ်လာသလို .. ချစ်လည်းချစ်တတ်လာခဲ့ပါပြီ။ သူဟာ ဘယ်သူလဲ ဘယ်ကလဲ ဆိုတာ ကျွှန်မ မသိပါဘူး .. ဒါပေမဲ့ သေချာတာကတော့ ကျွှန်မမြတ်နိုးတဲ့စာတွေနဲ့ထပ်တူ သူ့ကိုလည်း ကျွှန်မတိတ်တခိုး ချစ်မိပါတော့သည်။
No comments:
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်