“ဒါ … မဖြစ်သင့်ဘူး .. မဖြစ်သင့်ဘူး .. ” ခေါင်းလေးတခါခါ မျက်မှောင်လေးကြုံ့ ကာ ပြောလာသော သူမကို ကျွန်တော်ကြည့်ပြီး သူမလှမ်းကြည့်နေသော နေရာသို့ ကြည့်မိလိုက်သည်။ အဝါနဲ့ အစိမ်း တလိုင်းစီဆွဲထားသော နံရံကလွဲလို့  ကျန်တာမရှိ။ တစ်ခါတစ်ခါ သူမပြောချင်တာကို ခေါင်းမရှိ အမြီးမရှိ ပြောချတတ်သော သူမအကျင့်ကို ကျွန်တော် အကျင့်သားရသင့်ပြီဖြစ်သင့်သော်လည်း ယခုချိန်အထိ အသားမကျနိုင်ပဲရှိနေသေးသည်။ ခဏနေတော့ ကျွန်တော့်ဘက်ခေါင်းလေးလှည့်လာပြီး …
“ဟဲ့ .. သိလား ..” ကျွန်တော် အသာရယ်ပြတော့ .. သူမက သဘောကျစွာ လိုက်ရယ်ပြီး
“လူဆိုတာကိုလေ .. အမြဲတရေသေ မှတ်လို့ မရဘူးဟ .. ဗုံးတစ်လုံးလိုပဲ . .ဘယ်အချိန်ထပေါက်မယ်မှန်းမသိနိုင်ဘူး .. တစ်ယောက်ကိုတစ်ယောက်နားလည်ပါတယ် … ရင်းနီးပါတယ် ခင်မင်ပါတယ် .. ပြောနေကြတာတွေက .. အမှန်တော့ ကာကွယ်နည်းတစ်မျိုးပဲ .. ဟုတ်တယ်မဟုတ်လား .. ” ကျွန်တော် သူမကိုစိုက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမကလည်း ကျွန်တော့မျက်လုံးများကို သေချာစိုက်ကြည့်ပြီးတော့မှ တစ်ဖက်သို့ ပြန်လှည့်သွားတော့သည်။ “လူတွေမှာ လိမ်နည်းပေါင်းစုံရှိတယ် .. ကိုယ့်ကိုလူတစ်ယောက်က လိမ်လား မလိမ်ဘူးလားဆိုတာ .. သိနိုင်တဲ့နည်းက မျက်လုံးချင်းထိပ်တိုက်စုံဖို့ ပဲ .. အဲ့ဒါကြောင့် နောက် နင်နဲ့ ငါစကားပြောတိုင်း မျက်လုံးကိုပဲတည့်တည့်ကြည့်ကြေး .. အဲ့ဒါမှ ငါလိမ်လည်းနင်သိ .. နင်လိမ်လည်းငါသိ .. ဘယ်လိုလဲ .. ကတိနော် ” သူမ ပြောခဲ့ဘူးတဲ့ စကားလုံးများကို ကြားယောင်ရင်း ကျွန်တော်အသာပြုံးမိသည်။ သူမက အမြဲလို ကတိများ စကားများနဲ့ စည်းထားမှုကို ကျေနပ်သူဖြစ်သည်။ သူများပေါ်တွင်သာမကာ .. သူမကိုယ်တိုင်ကိုယ်ကိုလည်း စည်းများ မျဉ်းများ ချမှတ်ကာနေတတ်သူဖြစ်သည်။ တစ်ခါတစ်ခါ သူမအတွက် သူမ ချမှတ်သော စည်းများမှာ ကလေးဆန်လှသည်။