သူမ ရေးသောဇာတ်သိမ်းခန်းနှင့် ဇာတ်ကောင် ကျွန်တော်


“ဒါ … မဖြစ်သင့်ဘူး .. မဖြစ်သင့်ဘူး .. ” ခေါင်းလေးတခါခါ မျက်မှောင်လေးကြုံ့ ကာ ပြောလာသော သူမကို ကျွန်တော်ကြည့်ပြီး သူမလှမ်းကြည့်နေသော နေရာသို့ ကြည့်မိလိုက်သည်။ အဝါနဲ့ အစိမ်း တလိုင်းစီဆွဲထားသော နံရံကလွဲလို့  ကျန်တာမရှိ။ တစ်ခါတစ်ခါ သူမပြောချင်တာကို ခေါင်းမရှိ အမြီးမရှိ ပြောချတတ်သော သူမအကျင့်ကို ကျွန်တော် အကျင့်သားရသင့်ပြီဖြစ်သင့်သော်လည်း ယခုချိန်အထိ အသားမကျနိုင်ပဲရှိနေသေးသည်။ ခဏနေတော့ ကျွန်တော့်ဘက်ခေါင်းလေးလှည့်လာပြီး …

“ဟဲ့ .. သိလား ..” ကျွန်တော် အသာရယ်ပြတော့ .. သူမက သဘောကျစွာ လိုက်ရယ်ပြီး

“လူဆိုတာကိုလေ .. အမြဲတရေသေ မှတ်လို့ မရဘူးဟ .. ဗုံးတစ်လုံးလိုပဲ . .ဘယ်အချိန်ထပေါက်မယ်မှန်းမသိနိုင်ဘူး .. တစ်ယောက်ကိုတစ်ယောက်နားလည်ပါတယ် … ရင်းနီးပါတယ် ခင်မင်ပါတယ် .. ပြောနေကြတာတွေက .. အမှန်တော့ ကာကွယ်နည်းတစ်မျိုးပဲ .. ဟုတ်တယ်မဟုတ်လား .. ” ကျွန်တော် သူမကိုစိုက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမကလည်း ကျွန်တော့မျက်လုံးများကို သေချာစိုက်ကြည့်ပြီးတော့မှ တစ်ဖက်သို့ ပြန်လှည့်သွားတော့သည်။ “လူတွေမှာ လိမ်နည်းပေါင်းစုံရှိတယ် .. ကိုယ့်ကိုလူတစ်ယောက်က လိမ်လား မလိမ်ဘူးလားဆိုတာ .. သိနိုင်တဲ့နည်းက မျက်လုံးချင်းထိပ်တိုက်စုံဖို့ ပဲ .. အဲ့ဒါကြောင့် နောက် နင်နဲ့ ငါစကားပြောတိုင်း မျက်လုံးကိုပဲတည့်တည့်ကြည့်ကြေး .. အဲ့ဒါမှ ငါလိမ်လည်းနင်သိ .. နင်လိမ်လည်းငါသိ .. ဘယ်လိုလဲ .. ကတိနော် ” သူမ ပြောခဲ့ဘူးတဲ့ စကားလုံးများကို ကြားယောင်ရင်း ကျွန်တော်အသာပြုံးမိသည်။ သူမက အမြဲလို ကတိများ စကားများနဲ့ စည်းထားမှုကို ကျေနပ်သူဖြစ်သည်။ သူများပေါ်တွင်သာမကာ .. သူမကိုယ်တိုင်ကိုယ်ကိုလည်း စည်းများ မျဉ်းများ ချမှတ်ကာနေတတ်သူဖြစ်သည်။ တစ်ခါတစ်ခါ သူမအတွက် သူမ ချမှတ်သော စည်းများမှာ ကလေးဆန်လှသည်။


“မနေ့ က .. Creamy House မှာကိတ်မုန့် သွားစားတာ .. အရမ်းညံ့တယ် .. ကိတ်က ပွပွကြီး .. နောက်ဆို .. အဲ့ဆိုင်မှာ ဘယ်တော့မှ အဲ့ကိတ်မှာမစားတော့ဘူး .. ”

“အိမ်ကပြောတယ် အဝါနဲ့ လိုက်တယ်တဲ့ .. ဒီနေ့ ကစပြီး အဝါကို အလိုက်ဖက်ဆုံးစာရင်းထဲမှာထည့်လိုက်ပြီ .. သိလား .. ”

“ရေဆာတယ် .. ဒါမဲ့ အိပ်ခါနီးရေသောက်ပြီးအိပ်ရင် .. မနက်နိုးလာရင် မျက်နှာဖောင်းနေတတ်တယ်တဲ့ .. ”

“ပန်းမကြိုက်ဘူး .. ဘာလို့ လဲဆိုတော့ ပန်းကြိုက်တဲ့ မိန်းကလေးတွေရဲ့ စိတ်က မပြတ်သားဘူးတဲ့ ” တစ်ခါတစ်ခါ ကျွန်တော် သူ့ ကို “နင် .. တော်တော်ဂျီးများတဲ့လူပဲ ”လို့ ပြောတိုင်း သူမက “ငါကလုပ်ချင်တာထက် လုပ်သင့်တာကိုလုပ်တာ .. အကျိုးအကြောင်းမရှိဘဲ သူများတွေလို “ဘူး” ခံနေတာမဟုတ်ဘူး ..” ဆိုပြီးကတ်ကတ်လန်ကာ ပြန်လည်းပြောတတ်သည်။ သူမဘာတွေပဲပြောပြော ကျွန်တော်ကတော့ အမြဲခေါင်းငြိမ့်ကာ ထောက်ခံနေမှာပင်။


သူမ .. ဘယ်တော့မှ ဆုံးဖြတ်ပြီးသာကိစ္စတစ်ခုကိုမပြင်တတ်သူ .. တစ်ခုခုကိုရည်ရွယ်ထားတိုင်း မရရအောင်ယူတတ်သူလည်းဖြစ်သည်။ နားလည်ရလွယ်တယ်လို့ ထင်ရပြီး ခက်သောသူမက ဒီနေ့ တုန်လှုပ်တဲ့ ဆုံးဖြတ်ချက်တစ်ခုကိုချလိုက်ပြီဖြစ်ကြောင်း ကျွန်တော်သိလိုက်ရသည်။

“နင်လိုက်ခဲ့”

“ဟာ .. ရူးနေလား .. နင့်ဘာသာနင်လုပ်ချင်တာလုပ် .. ငါတော့မလိုက်ဘူး .. ” ကျွန်တော် အတင်းငြင်းနေမိသည်။

“မလိုက်လို့ မရဘူး  .. နင့်အတွက်ပါ ငါစဉ်းစားထားတာ .. ”

“တော်ပါ .. မယ်မင်းကြီးမရယ် .. နင့်ဦးနှောက်ကထွက်လာတာမှန်သမျှ .. တစ်ခုမှ အကောင်းမရှိဘူး .. ”

“မနှစ်တုန်းကလည်း .. သချိုင်းကုန်းမှာ ဝလုံးသွားဆွဲရင် စာမေးပွဲအောင်တယ်ဆိုပြီး ညကြီးမင်းကြီးသွားပြီးပြီ .. ပြီးတော့ရော .. စာမေးပွဲအောင်လား .. ကျတာပဲ”

“ဟဲ့ .. အဲ့ဒါ နင်သေချာမဆွဲလို့ လေ .. ငါနဲ့ နင်အတူတူသွားဆွဲတာ ငါအောင်ပြီး နင်ကျတာ .. သရဲကဘက်လိုက်မလား .. နင့်ဘာသာနင် စေတနာမပါတပါသွားလုပ်တာကိုး .. ”

“ဒါဆို .. ပြီးခဲ့တဲ့လက ထောင်ထွက်တစ်ယောက်ရဲ့ ခံစားချက်ကို စာရေးချင်လို့ ဆိုပြီး .. ငါ့ကို ပိုက်ဆံအိတ်နဲ့ ကောက်ပေါက်ပြီး သူခိုးလို့ စွတ်စွဲခဲ့တာဘယ်သူလဲ .. ”

“ငါလေ .. ” စားပွဲပေါ်က အအေးခွက်ကို အခန့် သားသောက်ပြီး တိုတိုပြတ်သူမစကားကြောင့် ကျွန်တော် မျက်ရည်များပင်ဝဲလာသည်။ ပြန်စဉ်းစားကြည့်ရင် အဖြစ်အပျက်မှာ တိုတောင်းကာ မြန်ဆန်လွန်းလှသည်။

ညကတည်းက အိပ်မက်တွေကမကောင်း .. မျက်ခုံးများကလည်း ခပ်လှုပ်လှုပ်။ သူမကလည်း ဒီနေ့  မပျက်မကွက်လာခဲ့ပါ တိုင်ပင်စရာရှိတယ်ဆိုပြီး အခုချိန်ထိ ရောက်မလာသေး။ သောက်နေသော ကော်ဖီတောင်ကုန်သွားပြီဖြစ်သည်။ နာရီကြည့်မိတော့ ချိန်းထားတာထက် ၁နာ၇ီကျော်တောင် နောက်ကျနေပြီ။ ထပြန်ရင်ကောင်းမလားစဉ်းစားရင်း ဆက်စောင့်နေမိသည်။ တအောင့်နေတော့ အမိက ကြွကြွရွရွနဲ့ ရောက်လာပါရော .. ထူးဆန်းစွာ သူမ ကျွန်တော့်ဆီမလာဘဲ ကျွန်တော်နဲ့ခပ်လှမ်းလှမ်းမှာ နံရံပဲကြည့်သလိုလို .. ကြမ်းပြင်ပဲ ကြည့်သလိုလိုလုပ်နေပြီး ကျွန်တော့်ဆီ ဖုန်းလှမ်းခေါ်သည်။ ကျွန်တော်လည်း သူမ အမူအရာကိုကြောင်တောင်တောင်လိုက်ကြည့်ပြီး ဖုန်းကိုင်လိုက်သည်။

“ဟဲ့ .. ”

“အေး .. နင်ကဘာလုပ်နေတာလဲ .. လာထိုင်မှာဖြင့်မထိုင်ဘူး .. ”

“အဲ့ဒါအရေးမကြီးဘူး .. အရေးကြီးတာက .. မနေ့ က ငါရေးနေတဲ့ ဝတ္ထုအရမ်းကောင်းနေပြီ .. ဒါမဲ့ ဇာတ်သိမ်းလေးနည်းနည်းလိုနေတယ် .. ”

“အမ် .. အဲ့ဒါ ငါကဘာလုပ်ရမှာလဲ .. ”

“လိုအပ်တဲ့ ကွက်လပ်နေရာကို နင်ကလွဲပြီး ကျန်သူမဖြည့်နိုင်လို့ ” ဖုန်းထဲက သူမအသံတိုးတိုးလေးကြောင့် ကျွန်တော်နည်းနည်းပင် ရင်ခုန်လို့ သွားသည်။

“ဒါဆို .. ငါဘယ်လိုကူညီရမလဲ”

“နင်တကယ်ကူညီမှာလား .. ”

“ဒါပေါ့ .. ပြော .. ငါဘယ်လိုကူညီရမလဲ .. ” ကျွန်တော်သူမကို လှမ်းကြည့်ပြီး ဖုန်းထဲမှ အသာမေးလိုက်သည်။ သူမ ကျွန်တော့်ကို ကျေးဇူးတင်သည်ဆိုသည့်သဘောဖြင့် ညင်သာစွာပြုံးပြသည်။  သို့ သော် သူမ မျက်လုံးများက ကျော့ကွင်းထဲသားကောင်မိသည့်နှယ် .. အလိုလိုနေရင်း ကျွန်တော်ကြက်သီးများတောင်ထလာသည်။

“နင် .. ငါ့ဆီကိုလျှောက်လာခဲ့ .. ဒါမဲ့ ဟိုဘက်ကိုခဏကြည့်လိုက် ဒီဘက်ကိုခဏကြည့်လိုက်နဲ့ လျှောက်လာ .. လျှောက်လာတဲ့အချိန်မှာ ခါးကိုနည်းနည်းကိုင်းထား .. ပြီးရင် လျှာနဲ့ ပါးစပ်ကို ခဏခဏသပ်နေ ”

“အာ .. နင့်ဟာကလည်း ”

“မရှည်စမ်းနဲ့  .. နင်ကူမယ်လို့ ပြောပြီးပြီ .. ငါခိုင်းတဲ့အတိုင်းလုပ်” သူပြောချင်တာပြောပြီး ဖုန်းကို ချလိုက်သောကြောင့် ကျွန်တော် နည်းနည်းဒေါသထွက်သွားသည်။ သို့ သော် ကူညီမယ်လို့ ပြောထားပြီးပြီဆိုတော့ .. သက်ပြင်းချကာ ကျွန်တော်ဘေးဘီကိုလှည့်ကြည့်လိုက်သည်။ ရှေ့ ကတစ်ဝိုင်းကျော်မှာ လူငယ်တစ်စုထိုင်နေပြီး ကျွန်တော့် ဘေးမှာတော့ ဆယ်ကျော်သက်ကလေးငယ်တစ်အုပ်စု စာအုပ်များနှင့် ရှုပ်နေကြသည်။ နေ့ လယ်ခင်းမို့ လို့  ဆိုင်ကလူလည်းရှင်းလှသည်။ ထို့ ကြောင့် ထိုင်နေရာမှ ထလိုက်ပြီး သူမပြောသလို ခပ်ကိုင်းကိုင်းခါးကို ကုန်းပြီး လျှာနဲ့ ပါးစပ်တစ်ဝိုက်သပ်ကာ သူမရှိရာသို့ လှမ်းလာမိသည်။ ဘေးကိုလှည့်ကြည့်တော့ ကျွန်တော့ကို ဆယ်ကျော်သက်ဝိုင်းမှ ကောင်မလေးက သူ့ သူငယ်ချင်းများကိုလက်တို့ ပြီး ..

“ဟဲ့ .. ဟိုလူကြီးက စိတ်မှန်ရဲ့လားမသိဘူး .. လျှာကြီးသွင်းလိုက်ထုတ်လိုက်နဲ့ .. ” တစ်အုပ်စုလုံးကျွန်တော်ကို အထူးအဆန်းသတ္တဝါလိုကြည့်နေကြသည်။ ရှက်စိတ်ကြောင့် ကျွန်တော့်မျက်နှာတစ်ခုလုံး ပူရှိန်းရှိန်းတောင်ဖြစ်သွားသည်။ အဲ့ဒီအုပ်စုထဲမှ ကောင်မလေးတစ်ယောက်က

“သွားမကြည့်နဲ့  .. တော်ကြာ ငါတို့ ကိုလာပြီးပြဿနာရှာနေဦးမယ် .. ရုပ်ကလေးကတော့သနားစရာလေး .. ယဉ်ယဉ်လေးနဲ့ တူတယ်” သူတို့ ပြောတော့မှပဲ .. ကျွန်တော့်မှာ တကယ့်ကိုအရူးကြီးဖြစ်လို့  ။ ဒါနဲ့  ဟိုဘက်လှည့်ကြည့်တော့ အာလူးကြော်စားရင်း ကျွန်တော့်ဘက်လှည့်လာသော ကောင်လေးက ကျွန်တော့်ကိုကြည့်ရင်း အာလူးကြော် စားမလားဆိုပြီး အမူအရာပြတော့ ကျွန်တော်လျှာနဲ့ နှုတ်ခမ်းများသတ်ကာ ခေါင်းခါပြလိုက်သည်။

“ဟေ့ကောင် .. ဟိုဘဲကြီးက ဆေးကြောင်နေတာလားမသိဘူး .. ”

“ဘယ်က ဘဲကြီးလဲ .. ”

“ငါတို့ အနောက်ဝိုင်းကလေ .. ”

“ငါတို့ လာတုန်းက အကောင်းကြီး .. ချက်ချင်းပဲ … ဆေးစွဲနေတာနဲ့တူတယ် .. ”

“ဟုတ်လား .. ငါက ပိုလီယိုရောဂါသည်မှတ်လို့  .. ” သူတို့ ပြောတော့မှ လူလည်း ရစရာလည်းမရှိတော့ ..  တစ်ဖွဲ့ က အရူး တစ်ဖွဲ့ က ဆေးသမား .. ကျွန်တော်စိတ်ထဲ သူမသာ လှမ်းကာအော်မိတော့သည်။ သူမကတော့ ရပ်နေရာမှ တစ်ဖဝါးမှမခွာ .. ကြမ်းပြင်ကိုပြောင်သွားမတတ် ဖိနပ်ဖြင့်ပွတ်နေသည်။ ကျွန်တော်သူမ အနားရောက်ခါနီး ရုတ်တရက် ခေါင်းကိုတစ်ခုခုဖြင့် ပေါက်ခံလိုက်ရသောကြောင့် မော့ကာကြည့်မိသည်။ နောက် ကြမ်းပြင်တွင် ပိုက်ဆံအိတ် ပန်းရောင်အရှည်လေး .. ဒီပိုက်ဆံအိတ်မြင်ဖူးသလိုပဲ စဉ်းစားလို့ တောင်မပြီးသေး ..

“ကယ်ကြပါဦးရှင် .. သူခိုး .. ခါးပိုက်နှိုက် .. ဓားပြ .. လူမိုက် .. ပိုက်ဆံအိတ်လုသွားလို့  ” ဆိုင်ထဲက စားပွဲထိုးများ အနောက်မှ ထိုင်နေကြသော လူငယ်တစ်စုလည်းရောက်လာပြီး နောက် ဖိနပ်ရောင်စုံများ .. ။ မျက်လုံးနှစ်လုံးပွင့်လာသည့်အချိန် တိုင်များပတ်ချာဝိုင်းထားသော အခန်းထဲတွင် တစ်ယောက်ထဲ .. ။ နှစ်ရက်လောက် ထိုနေရာလေးတွင်နေလိုက်ရပြီး သုံးရက်မြောက်မှတော့ အိမ်ပြန်ခွင့်ရခဲ့သည်။ အိမ်ပြန်ရောက်တော့ သူမက ကျွန်တော့်ကို သွားအဖြီးသားနှင့်ကြိုဆိုခဲ့သည်။ နောက် ကျွန်တော့်ရဲ့ နှစ်ညအိပ်သုံးရက်ခရီး တိုင်တံများ၏ အကြောင်းကို အားမနာလျှာမကျိုး မေးချင်တာများမေးပြီး ခပ်တော့တော့ပြန်သွားတော့ ကျွန်တော့်မှာ မျက်ရည်များဝဲရုံကလွဲလို့  ကျန်တာမတတ်နိုင်။

ဒီဇာတ်လမ်းပြီးတာကမှ တစ်လကျော်ပဲရှိသေး .. အခုသူမ လုပ်ပေါက်က တစ်သက်တစ်ကျွန်းကျကိန်း။ စာရေးရတာကြိုက်နှစ်သက်သော သူမသည် ကုန်ကြမ်းရှာတယ်ဆိုပြီး ဘတ်စ်ကားမှတ်တိုင် တစ်နေကုန်ထိုင်ချင်ထိုင်တတ်သလို မနက်အစောကြီး ဈေးသို့ သွားကာ ဈေးပိတ်မှလည်း ပြန်လာတတ်သည်။ မှုခင်းဟေ့ ဆိုရင်လည်း ဘောပင်တစ်ချောင်းမှတ်စုတစ်အုပ်ဖြင့် နေရာစုံ သူမ အရောက်သွားတတ်သည်။ သူမကို နင်စာရေးမဲ့အစား စုံထောက်လုပ်စားပါလား ပြောရလောက်သည်အထိပင်။ မြန်မာပြည်အနှံ့ ကားတစ်စီးဖြင့် သွားချင်ရာ သွားတတ်သော သူမကို စိတ်မချနိုင်သူ ကျွန်တော်ကလည်း သူမအရိပ်တစ်ရိပ်လိုပင် တကောက်ကောက်ဖြစ်လာခဲ့သည်။ သူမနဲ့ ပတ်သတ်ပြီး အမျိုးမျိုးခံခဲ့ရပေမဲ့ အမှတ်မရှိနိုင်။ တစ်ခါကလည်း ..

“နင့်အိမ်ကကြောင်ကလည်း .. ကြောင်ဖြစ်ပြီး ကြောင်လိုမနေရဘူး .. ”

“ငါ့ကြောင်ဘာဖြစ်နေလို့ လဲ .. ဟ” ကျွန်တော် အငေါ်တူးကာမေးမိသည်။

“ဘာဖြစ်ရမှာလဲ .. ကြောင်ကကြောင်ရုပ်မပေါက်ဘူး .. လူမမာ ဝမ်းနှုတ်ဆေးစားပြီး နှုတ်ခမ်းမွေးထွက်နေတဲ့ရုပ် .. ” သူမ ပြောလိုက်ရင် အထူးအဆန်းတွေချည်းပေ။ ကျွန်တော်ခေါင်းကုတ်ကာ သူမလက်ထဲက ကြောင်ကိုကြည့်မိသည်။ ကြောင်က သူမ ရှေ့ သွားနေတာလည်းမဟုတ် .. သူမက ကြောင်ရှေ့ လာပြီး ဂုတ်ကကိုင်ကာ ပစ်ပစ်နှစ်နှစ်ဝေဖန်နေခြင်းဖြစ်သည်။

“နင်ကလည်း .. ငါ့ကြောင်အဲ့လောက်မဆိုးပါဘူး .. ”

“ဆိုးတယ် .. ဆိုးတယ် .. ကြောင်ဖြစ်ပြီး ကြွက်လည်းမခုတ်တတ် .. သစ်ပင်လည်းမတက်တတ် .. နင့်ဟာ ကြောင်မှမဟုတ်တော့တာ … ဖျံကိုအမြီးတပ်ထားတာကြနေတာပဲ .. နှုတ်ခမ်းမွေးကဖြူဖြူ .. ကိုယ်လုံးက မဲမဲ .. ပြီးတော့ ဝတုတ်နေတာ .. ငါ့ပေါင်လုံး နှစ်လုံး ပေါင်းစာလောက်ရှိတယ် .. ” ဆိုပြီး သူမပေါင်ကို တဖြန်းဖြန်း နဲ့ရိုက်ပြသည်။ ကျွန်တော်လည်း ခေါင်းငြိမ့်ကာ ..

“နင့်လို အီသိယိုးပီးယားမ နဲ့ တော့ .. ငါ့ကြောင့်ကိုလာမနှိုင်းနဲ့ ပေါ့ .. ” နှုတ်မှလွှတ်ခနဲ ထွက်သွားသည်။ နောက်မှ မှားသွားပြီဆိုတာ နားလည်လိုက်ပြီး ကျွန်တော် သူမကိုအသာကြည့်တော့ .. သူမ မျက်လုံးကြီးများထောင့်ကပ်ကာ ပေစောင်းစောင်းနှင့်လှမ်းကာကြည့်နေသည်။ တစ်ဖက်သို့  ကျွန်တော်မျက်နှာလွှဲလိုက်ပြီး မျက်ခုံးများပင့်ကာ ဆံပင်ကြားထဲ လက်ထိုးထည့်မွှေလိုက်သည်။ နောက် ကြောင်ချီပြီး ထွက်သွားသော သူမနောက်သို့  ကျွန်တော်အနောက်မှ အပြေးလိုက်မိသည်။ ကားတံခါး ဖွင့်မယ်လုပ်နေသော သူမလက်များကို ကျွန်တော်ဆုပ်ကိုင်လိုက်ပြီး ..

“ငါက စတာပါဟာ .. နင် ဘယ်သွားမလို့ လဲ .. ငါလိုက်ပို့ ပေးမယ်လေ .. ” ပြောရင်း ကားမောင်းသူနေရာတွင် ကျွန်တော်ဝင်ထိုင်လိုက်သည်။ သူမ စကားတစ်ခွန်းမှမပြောဘဲ ကြောင်ပွေ့ ကာ တစ်ဘက်ခြမ်းတွင်ဝင်ထိုင်သည်။ ကားပေါ်ရောက်တော့ “ကန်တော်ကြီး” တစ်ခွန်းသာပြောပြီး နှုတ်ခမ်းဆူကာ နေတော့သည်။ သူမ မောင်းခိုင်းသော ကန်တော်ကြီး သို့ မောင်းရင်း သူမ အရိပ်အခြေအနေကို အကဲခပ်နေမိသည်။ ဒုတ်မကြောက် ဓားမကြောက်ပေမဲ့ သူမ စိတ်ဆိုးမည်ကိုတော့ ဘာကြောင့်မှန်းမသိ ကျွန်တော်ကြောက်မိသည်။ ရှစ်တန်းမှာ ကျောင်းသို့ ပြောင်းလာသော သူမကို ကျွန်တော်မြင်မြင်ချင်း သံယောဇဉ်ဖြစ်မိသည်။ ရှေးဘဝက ကျွန်တော် သူမ အပေါ်တင်ခဲ့သော အကြွေး ဟုပင် ကျွန်တော်ထင်မိသည်။ သူမကလည်း စတွေ့ ကတည်းက “ငါ့နာမည် ဝတီ .. နင့်နာမည် ဘယ်လိုခေါ်လဲ .. နင်ဘယ်လိုခေါ်ခေါ်အရေးမကြီးဘူး .. နင့်ကြည့်ရတာ စာလိုက်ရေးမဲ့ပုံပဲ .. ငါတို့  သူငယ်ချင်းလုပ်ရအောင် ” ကျွန်တော်သူမကို ကြောင်လို့ သာ ကြည့်နေမိသည်။ ထိုလိုဖြင့် ကျွန်တော်နှင့် သူမ သူငယ်ချင်းဖြစ်ခဲ့သည်။ နောက်နှစ်များမှာလည်း သူမ နှင့်ကျွန်တော် အတန်းလည်းတူ ကျူရှင်လည်းတူသဖြင့် တစ်ယောက်နဲ့ တစ်ယောက်ပိုလို့ ရင်းနီးလာခဲ့သည်။ ဆယ်တန်းပြီးသည့်နောက်မှလည်း ဆေးမမှီသည့် ကျွန်တော်က နည်းပညာတက္ကသိုလ်ကိုတက်ခဲ့သည်။ သူမကိုတော့ ဆေးကျောင်းတက်မှာပဲလို့ ထင်ခဲ့ပေမဲ့ .. တကယ်တမ်း ဆေးမှီသည့်သူမ ဆေးကျောင်းမတက်ပဲ ကျွန်တော်နှင့်အတူ နည်းပညာတက္ကသိုလ်လိုက်တက်ခဲ့သည်။ ကျွန်တော်မေးတော့ .. “ဆေးကျောင်းမှာ ၇နှစ် နှစ်တက်ပြီး မရူးချင်လို့  .. ရူးမဲ့ရူး နင့်ကိုပဲရူးအောင် လုပ်မှာပေါ့ .. ” ခပ်အေးအေးပြန်ဖြေသော သူမ စကားလုံးများကြောင့် ငြိမ်သက်နေသော ကျွန်တော့်ရင်ခွင် လှိုင်းကလေးများ ထလို့ သွားသည်။ သို့ သော် သူမကြောင့် ရင်တုန် ပန်းတုန်ဖြစ်ရသည်ကများသောကြောင့် သူမ နဲ့ ပတ်သတ်တိုင်းဖြစ်ပေါ်လာသော ရင်ခုန်သံများကို ကျွန်တော် ကိုယ်တိုင်ပင်မခွဲခြားတတ်။  အခုလိုမျိုး ဘေးမှာ ငြိမ်ငြိမ်လေးလိုက်ပါလာတော့လည်း ကျွန်တော့်ရင်ခုန်သံများ ဖြည်းဖြည်းမှန်မှန်လေး အရှိန်မြင့်လို့ လာသည်။ ပေါင်ပေါ် တင်ထားသော ကြောင်ကလေးကို နားရွက်ဆွဲလိုက် အမြီးဆွဲလိုက် ခေါင်းလေးသပ်ပေးလိုက်နှင့် တပြုံးပြုံး သူမလုပ်ချင်ရာလုပ်ရတော့ ကြည်လင်နေသော မျက်နှာလေးကို ကျွန်တော် တစ်ချက်တစ်ချက် မသိမသာ ခိုးခိုးကြည့်မိသည်။

ကားလေးရပ်လိုက်ပြီးပြီးချင်း သူမ ကားပေါ်မှ ဆင်းသွားခဲ့သည်။ ကားလော့ခ်ချကာ ကျွန်တော် သူမနှင့်အမှီ ခြေလှမ်းများမြန်လိုက်သည်။ နေပူပူ မိုးရွာရွာ ကန်တော်ကြီးရောက်တိုင်း သူမ သွားသောနေရာလေးမှာ တစ်ခုထဲပင်။ ကျွန်တော်ရောက်တော့ သူမက အေးဆေးထိုင်ကာနေပြီဖြစ်သည်။ ကျွန်တော်သူမဘေးတွင် ဝင်ထိုင်ကာ

“စိတ်ဆိုးနေတုန်းပဲလား” ငြင်သာစွာမေးလိုက်သည်။ မကြားသလို သူမ ဟန်ဆောင်ကာ ကန်ပြင်ကို ငေးကြည့်နေသည်။ သူမလက်ပေါ်တွင် ပါလာသော ကြောင်ကလေးကလည်း အောက်ဆင်းရန် အတင်းပြင်ဆင်နေတော့သည်။ သူမ အသာအောက်သို့ ချပေးလိုက်သည်။ လွတ်လပ်သွားသော ကြောင်ကလေးက နေရာအသစ်အဆန်းမို့ လို့  အဝေးကြီးလည်း သိပ်မသွားဘေးနားတွင်သာ ဟိုမြက်ပင်သွားနမ်းလိုက် ဒီမြက်ပင်သွားနမ်းလိုက်နှင့် အလုပ်ရှုပ်လျက်ရှိနေသည်။ ကျွန်တော် သူမ ကိုကြည့်ရင်း ..

“စိတ်ဆိုးနေတုန်းပဲလား ” နောက်တစ်ခါ အသာထပ်မေးမိသည်။ သူမ ကျွန်တော့်ဘက်လှည့်လာပြီး

“ဟုတ်တယ်” ဖြေပြီး တစ်ခြားဘက်သို့ ပြန်လှည့်သွားတော့ ကျွန်တော် အသာလေးရယ်မိသည်။

“ဒါဆို .. စိတ်ဆိုးပြေအောင် .. ငါဘာလုပ်ပေးရမလဲ .. ”

“တကယ် .. လုပ်ပေးမှာလား”

“ဒါပေါ့ .. ” ကျွန်တော်ပြုံးရင် ဖြေလိုက်သည်။ သူမ တစ်ခုခုစဉ်းစားဟန်ဖြင့် ကျွန်တော့်ကိုတစ်ချက်ကြည့်ပြီး ခေါင်းလေးငုံသွားသည်။ နောက်

“ရယ်ပြ”

“ဟမ် ” ကျွန်တော် ကြောင်သွားသည်။

“ရယ်ခိုင်းတာလေ .. နင်ပြောတော့ ငါစိတ်ဆိုးပြေအောင် ဘာမဆိုလုပ်ပေးမဆို .. အခု ရယ်ပြလို့ ပြောနေတာလေ .. ရယ်လေ .. ” စိတ်ဆိုးဟန်ဖြင့် ပြောလာသော သူမ လေသံကြောင့် ကျွန်တော် ပြာပြာသလဲလဲ ဖြစ်သွားကာ ..

“အေးပါဟာ .. ဟဲဟဲ .. ” ရယ်ပြလိုက်သည်။ သူမ နှာတစ်ချက်ရှုံ့ ပြီး

“အိပ်ချင်မူးတူးရုပ် .. ” ကျွန်တော် မျက်လုံးများ စင်းပြီး မပွင့်တပွင့်လုပ်ပြတော့ သူမ သဘောကျစွာရယ်တော့သည်။ နောက် “ဒေါသထွက်ကြည့်” “မခို့ တရို့ လေး” “တရုတ်ကားတွေထဲကလို လင်းမြွေသိုင်းကစားပြ” “ကမ်းစပ်မှာ မိန်းမကြီး အဝတ်လျှော်နေပုံ” “အိပ်သာ တစ်လ မတက်ရသေးတဲ့ရုပ်” သူမခိုင်းတဲ့အတိုင်း ပုံစံမျိုးစုံ စတိုင်မျိုးစုံ စရိုက်မျိုးစုံ လုပ်ပြီးသည့်အချိန်မှာတော့ တစ်ကိုယ်လုံး တင်းနေသော အကြောအချဉ်တော်တော်များ ပြေလျော့လို့ သွားတော့သည်။ သူမကတော့ ဘေးဘီကိုလှမ်းကြည့်လိုက် နောက် တစ်ဖက်သို့ လှည့်ကာ ခန္ဓာကိုယ်လေးတသိမ့်သိမ့်လှုပ်ကာ ရယ်မောလို့ နေသည်။ ကျွန်တော်လည်း သူမ ခိုင်းတာမှန်သမျှ အကုန်လုပ်ပြီးတော့မှ လူက ရှက်ကိုးရှက်ကန်းဖြစ်လို့ လာသည်။ တော်သေးတာပေါ့ နေ့ ခင်းချိန်မို့ လို့  လူကလည်း သိပ်မရှိ။ ဒီလောက်ဆို သူမ စိတ်ဆိုးလည်းပြေလောက်ပြီထင်သည်မို့ 

“စိတ်ဆိုးပြေပြီမဟုတ်လား” ကျွန်တော်မေးလိုက်တော့ မျက်နှာလေးချက်ချင်းတည်ကာ

“ဘယ်သူပြောလဲ” ကျွန်တော် စကားများနင်သွားသည်။

“ချော့တိုင်း ပြေရအောင် .. ငါက နင့်ရည်းစားလား .. ” နှုတ်ခမ်းလေးရွဲ့ ကာ သူမလှမ်းပြောတော့ ကျွန်တော် စိတ်ရှုပ်ရှုပ်ဖြင့် ခေါင်းကုပ်လိုက်သည်။

“ဒါမဲ့ .. စိတ်တော့မဆိုးတော့ဘူး .. ” ဆိုလာသော သူမစကားကြောင့် ကျွန်တော်ပျော်လို့ သွားသည်။

“စိတ်မဆိုးတော့ဘူးဆိုလို့  .. စိတ်ဆိုးပြေပြီလို့ တော့ မထင်နဲ့  .. စိတ်ဆိုးမပြေသေးဘူး” နှစ်ခွန်းထဲနှင့် ပတ်ချာရိုက်နေသော သူမစကားကြောင့် ကျွန်တော် ခေါင်းသာ စိတ်လိုအားရ ကုပ်မိတော့သည်။

“ယက်ကန်ယက်ကန် ဆိုတာဘာလဲဟင်” သူမ မသိသလိုနှင့် ခေါင်းလေးစောင်းကာမေးတော့ ကျွန်တော်လည်းဘောက်ဆက်ဆက်ဖြင့်

“မသိဘူးကွာ”

“မသိဘူးလား .. ငါက နင်သိရင် စိတ်ဆိုးပြေမလားလို့  .. ” သူမ ပြောတော့ ကျွန်တော် ပြာပြာသလဲလဲဖြစ်ကာ ..

“ဒီလို ဒီလို” လက်နှစ်ဖက် ဟိုဘက်ဒီဘက် လွှဲပြကာ ခြေထောက် နှစ်ချောင်း ဟိုကန်ဒီကန်ပြကာ ပြတော့ သူမ မျက်လုံးလေးအဝိုင်းသားဖြင့်ကြည့်ကာ ..

“ဟုတ်လို့ လား .. ”

“ဟုတ်ပါတယ် .. ဟ .. ဒီလို .. ဒီလို” ကျွန်တော် ထပ်ကာထပ်ကာဖြင့် လုပ်ပြမိသည်။ သူမ သေချာကြည့်ပြီး ..

“တစ်ခုခုလိုနေတယ် .. အဲ့လိုမဟုတ်သေးဘူး .. ” ပြောပြီး ဘယ်အချိန်က ခြေရင်းတွင် လှဲနေမှန်းမသိသည့် ကြောင်ငယ်အား ပွေ့ ပိုက်လိုက်ပြီး ..

“ယက်ကန်ယက်ကန် ဆိုတာ”  … “ဗွမ်း” ကျွန်တော် အလန့် တကြားဖြင့် သူမကိုတစ်လှည့် ရေကန်ထဲ ကြောက်လန့် တကြား ယက်ကန်ယက်ကန်ကူးခတ်နေသော ကြောင်ငယ်အား တစ်လှည့်ဖြင့် ကြက်သေသေနေမိသည်။ သူမကတော့ အနီရောင် ကော်ဇော်ပြင်တွင် အက်ရှင်ပြနေသော မင်းသားမင်းသမီးနှယ် .. ကြောင်ငယ်အား ကင်မရာတဖျက်ဖျက်ဖြင့် ရိုက်နေတော့သည်။ သူမ စိတ်တိုင်းကျ ရိုက်ပြီးသွားသည့်နောက်

“ဟဲ့ .. ဘာလုပ်နေတာလဲ .. သွားကယ်လေ .. နင့်ကြောင်မဟုတ်ဘူးလား” သူမပြောမှ ကျွန်တော်လည်း သတိဝင်ကာ ကမန်းကတန်း ရေကန်ထဲဆင်းကာ ကြောင်အား ဆယ်လာခဲ့သည်။ သို့ သော် ကြောင်က အကြောက်လွန်နေသဖြင့် မှီရာ မှန်သမျှ လက်သည်းဖြင့် ကုတ်ခြစ်နေရာ .. ကျွန်တော့်လက်တွေနှင့် ရင်ဘတ်တွေမှာ ကြောင်ကုတ်ခြစ်ရာများဖြင့် နီရဲနေတော့သည်။ ကမ်းပေါ်ရောက်တော့ ဘယ်ချိန်ကတည်းက ယူလာလဲမသိသော တဘက်ဖြင့် သူမ ကြောင်ကိုလှမ်းပွေ့ လိုက်ပြီး .

“ဖြစ်ရလေ .. ညှောင်ရယ် .. ဘာလို့ ရေကန်ထဲ ဒိုင်ဗင်ထိုးချရတာလဲ .. အိုက်လို့ လား .. နောက်ခါဆို အဲ့လိုမလုပ်ရဘူးနော် .. ” ပြောရင်း ရေများ သုတ်ပေးနေတော့သည်။ ကြောင်က သူ့ ဘာသာသူ ဒိုင်ဗင်ထိုးချမလား .. နင့်ကြီးတော်ပဲ ထိုးချမှာ .. စိတ်ထဲသူမကို ကျိတ်အော်ရင်း ကြောင်ကုတ်ထားသော ဒဏ်ရာများကိုကြည့်မိတော့ တချို့ ခြစ်ရာများတွင် သွေးများတောင်စို့ နေသည်။ သူမကိုလှမ်းကြည့်လိုက် ရေများစိုရွဲကာနေသော ကြောင်ကိုကြည့်လိုက်နှင့် နောက်မှ ကျွန်တော်သဘောပေါက်ကာ

“နင် လုပ်ချလိုက်ပြန်ပြီမဟုတ်လား” မျက်နှာစပ်ဖြီးဖြီးနှင့် သူမက

“အဟိ .. ငါရေးနေတဲ့အခန်းမှာ ကြောင်က မတော်တဆရေထဲပြုတ်ကျသွားတာ .. အဲ့ဒါ ခွေးကသူ့ သူငယ်ချင်းကြောင်ကိုလာကယ်တဲ့အခန်း .. ဒါပေမဲ့ .. ငါမှ ကြောင်ရေထဲကျသွားတာ မြင်မှမမြင်ဘူးတာ .. အဲ့ဒါကြောင့် .. ”

“အော် .. နင်ပြောပုံအရဆိုရင် .. ငါကခွေးပေါ့ .. ” ကျွန်တော် ရွဲ့ ကာပြောတော့

“မဟုတ်ပါဘူး .. ဟယ် .. နင်ကလည်း .. တောင်းပန်ပါတယ်နော် .. please .. please ”လျှာကလေးတစ်လစ်တစ်လစ် ထုတ်ကာ တောင်းပန်သောအမူအရာဖြင့် ချစ်စရာကောင်းလောက်အောင် လုပ်ပြနေတော့ ကျွန်တော့်စိတ်ဆိုးမှုများလည်း ဘယ်ရောက်လို့ ရောက်မှန်းမသိ ပျောက်လို့ သွားတော့သည်။ စိုနေသော ဆံပင်များကို အသာဖွပြီး သူမနှင့် ဆန့် ကျင်ဘက်အရပ်သို့  ကျွန်တော်မျက်နှာလှည့်ကာ နေလိုက်သည်။ ရုတ်တရက် ညင်သာစွာ ရေစိုနေသော ဆံပင်များကို တဘက်ဖြင့် အနောက်မှလှမ်းကာ သုတ်လာပေးသောကြောင့် ကျွန်တော်လန့် လို့ သွားသည်။ အနောက်လှည့်ကြည့်လိုက်တော့ ခြေထောက်ကလေးထောက်ပြီး မမှီ့ တမှီလှမ်းသုတ်ပေးနေသော သူမ ပုံကြောင့် ကျွန်တော်အသာဒူးလေးကွေးမိလိုက်သည်။ ကြောင်ငယ်လေးကလည်း သူ့ အားသုတ်ပေးထားသောတဘက်ပေါ်တွင်တက်ထိုင်ကာ လျှာကလေးဖြင့် အမွှေးလေးမျာလျပ် နေသလို .. သူမရဲ့နူးညံတဲ့လက်ချောင်းကလေးများကလည်း ကျွန်တော်ဆံပင်များကြားဆော့ကစားရင်း ဘေးမှဖြတ်ပြေးသွားသော လေပြေညှင်းလေးက ကျွန်တော့်အားမျက်စိတစ်ဖက်မှိတ်လို့ ပြသွားတော့သည်။

 အရင်အကြောင်းအရာများ မျက်လုံးထဲမြင်ယောင်လာကာ ကျွန်တော်သူမကိုလှမ်းကြည့်မိသည်။ သူမ သည် ဒဏ်ရာတွေလှလှပပပေးတတ်ပြီး ဆေးလည်းကိုယ်တိုင်ကိုယ်ကျတိုက်ကျွှေးတတ်သူလည်းဖြစ်သည်။ အခုလည်း မျက်လုံးလေးကလယ်ကလယ်ဖြင့် ကျွန်တော့်လက်မောင်းကိုကိုင်ကာ သူ့ အားကူညီရန် တဂျီဂျီကျနေသည်။

“နင်အခုလုပ်နေတာက .. ငါထောင်ကျရင်မကျ မကျရင်အိမ်ထောင်ကျမဲ့ကိန်း .. ” ကျွန်တော် စိတ်လေစွာပြောမိသည်။

“နင်ကလည်း .. ငါ့ကိုမယုံဘူးလား .. ငါ့သူငယ်ချင်းကို အဲ့လိုမျိုးထောင်တွေ အိမ်ထောင်တွေကျအောင် ငါကလုပ်မလား ..” လုပ်များမလုပ်လို့ သာ .. စိတ်ထဲကပြန်ပြောရင်း ကျွန်တော်သူမကို ဘုကြည့် ဖြင့်ကြည့်လိုက်သည်။

“နင်ကလည်း .. စာရေးတယ်ဆိုတာလွယ်တာမဟုတ်ဘူး ..  ငါက ငါရေးတဲ့စာကို စာဖတ်သူတွေ သဘောပေါက်စေချင်တယ် .. နားလည်စေချင်တယ် .. ခံစားစေချင်တယ် .. အဲ့အတွက် ငါမခံစားရတဲ့အရာတစ်ခုကို စာရွက်ပေါ်မှာမတင်ချင်ဘူး .. ပြီးတော့ အခုဟာက ဘာမှမခက်ဘူးရယ် .. ကူညီမယ်မဟုတ်လားဟင် .. ” စာရေးတယ် .. စာရေးတယ်ဆိုပြီး လူကိုပဲဒုက္ခပေးနေတာ .. ပြီးတော့ အခုထက်ထိ တစ်ပုဒ်မှ ပြီးအောင်လည်းမရေးဘဲနဲ့  .. တွေးကာ သူမကိုကြည့်ပြီး

“မခက်လို့ သာပဲ .. သူများ သမီးပျိုကို ငါသွားခိုးရမှာ .. အဲ့ဒါမခက်တာလား .. နင်နော် .. ငါမပြောချင်တော့ဘူး ..” ပြောရင်း ထိုင်နေရာမှ ကျွန်တော်ထလိုက်သည်။ ကျွန်တော်ထတော့ သူမကလည်း လိုက်ထကာ ..

“ငါထင်သားပဲ နင်အဲ့လိုပြောမယ်မှန်း.. အဲ့ဒါကြောင့် ဘာမှမပူနဲ့လို့ ပြောတာပေါ့ .. ပြီးတော့ နင်ကတကယ်ခိုးရမှာမဟုတ်ဘူးလေ .. ကိစ္စတစ်ခုခုဖြစ်ရင် ငါတာဝန်ယူတယ် .. ”

“နင်က ဘယ်လိုတာဝန်ယူမှာလဲ .. ဟိုဘက်က မတော်လို့ ပြဿာတွေရှာပြီး လက်ထပ်ရမယ်ဘာတွေဖြစ်ရင် နင်က ကြားထဲက ယူပေးမှာလား .. ”

“အေး .. ယူမယ် ” ကျွန်တော်ဘာပြန်ပြောရမယ်မှန်းမသိဖြစ်လို့ သွားသည်။ နောက်စိတ်ရှုပ်ရှုပ်ဖြင့် ပြန်ထိုင်လိုက်ပြီး သူမ ကိုပေတေတေကြည့်တော့ .. သူမကလည်း ပြာပြာသလဲလဲ ဘေးတွင်ထိုင်ကာ စပ်ဖြီးဖြီးဖြင့် ..

“ငါသိတယ် .. နင် ငြင်းမှာမဟုတ်ဘူးဆိုတာ .. အရင်ဆုံး ငါစီစဉ်ထားတာကိုနားထောင် .. ပြီးတော့မှ နင့် အမြင်ကိုပြောပေါ့” ဆိုပြီး စားပွဲပေါ်တွင်ရှိသော ရေကို တစ်ငုံ သောက်လိုက်ပြီး ..

“ဒီလို .. နင်ဘေးအိမ်က မွှေးမွှေးကိုသိတယ်မဟုတ်လား .. ”

“နင်တို့ အိမ်ဘေးက .. စိတ်မနှံ့ တဲ့ တစ်ယောက်လား .. ” ကျွန်တော်မေးတော့

“အေး .. ဟုတ်တယ် .. သူပဲ.. နင်ခိုးရမှာ ”

“အမ် .. နင်ပြောတော့ ငါ့ကိုဒုက္ခရောက်အောင် မလုပ်ဘူးဆို .. အခု .. ”  ကျွန်တော်စကားများပင်ထစ်ကာ နေမိသည်။

“နင်ကလည်း .. ငါပြောတာ ဆုံးအောင်နားမထောင်ဘူး .. ခိုးတာတော့ ရုပ်ရှင်တွေထဲကလို .. ဦးလေးသမီးကို ကျွန်တော်ခိုးပြေးသွားပါပြီ ဘာညာလူကြီးတွေ သိအောင်လို့ တော့ ဘယ်လုပ်မလဲ … ပြီးတော့ ၂၄ နာရီမပြည့်ခင် ပြန်ပို့ ပြီးတာပဲ .. မဟုတ်ဘူးလား .. ဒါဆို သူတို့ ဘက်ကဘာမှလုပ်လို့ ရမှာမဟုတ်ဘူး .. ဟုတ်တယ်မဟုတ်လား … ”

“မဟုတ်သေးဘူးလေ .. နင်ခိုးရာလိုက်တဲ့ ဇာတ်လမ်းရေးချင်ရင် .. နင့်ဘာသာနင်လိုက်ပြေးပါလား .. အခုက သူများ သားသမီးကို .. နင်က မဟုတ်သေးပါဘူး .. ”ပြောရင်း ခေါင်းကို ကျွန်တော် အကြိမ်ကြိမ်ခါမိသည်။

“ငါက ဘယ်သူ့ နောက်လိုက်ပြေးရမှာလဲ .. နင့်နောက်လား .. အဲ့ဒါဆိုလာခိုးလေ ” တစ်ပြားမှမလျှော့သော လေသံဖြင့် ဆိုလာသော သူမကိုကြည့်ရင်း

“နင်က ငါခိုးရင်လိုက်မှာလား .. ” ကျွန်တော်ဘောက်ဆတ်ဆတ်မေးတော့

“နင်လား .. ခိုးရဲမှာ .. နင်ခိုးရဲရင် .. ငါဘာလို့ မလိုက်ရဲရမှာလဲ” စိမ်ခေါ်သည့်ပုံဖြင့် မျက်ခုံးလေးပင့်ကာပြောသော သူမကိုကြည့်ကာ

“အေးပါ .. နင့်စကားနင် မှတ်ထား .. ” ပြောပြီး ကျွန်တော်ထိုင်နေရာမှ ထွက်လာခဲ့သည်။ စိတ်ထဲတွင်လည်း ဒေါသထွက်သည်လား ဘာဖြစ်သည်လား မသိသော ခံစားချက်များရောထွေးကာ ကျွန်တော်အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်တော့လည်း ကျွန်တော် သက်ပြင်းများခဏခဏချကာ အခန်းထဲ ခေါက်တုံ့ ခေါက်ပြန်လျှောက်နေမိသည်။ နောက် နံရံပေါ်မှ နာရီလေးကြည့်တော့ ၅ နာရီခွဲ .. ဒီအချိန်ဆိုသူမ .. ကျွန်တော်စဉ်းစားရင် အခန်းထဲမှထွက်လာခဲ့သည်။ ကျွန်တော်ရောက်သွားတော့ သူမ အေးအေးဆေးဆေး ကော်ဖီသောက်လိုက် စာတွေချရေးလိုက်နှင့် အလုပ်များလို့ နေတော့သည်။ သူမ ကော်ဖီဆိုင်မှ ထွက်လာသည်အထိ ကားထဲမှ ကျွန်တော်စောင့်ကာနေမိသည်။ ၈ နာရီထိုးခါနီး .. သူမ ထိုင်နေရာမှ ထကာ ဆိုင်ထဲမှထွက်လာသည်။ ကျွန်တော် ကားပေါ်မှဆင်းရင်း သူမရှေ့ တွင် ပိတ်ရပ်လိုက်သည်။ သူမ အံ့သြသွားဟန်ဖြင့်ကျွန်တော့်ကိုကြည့်နေတုန်း ကျွန်တော်သူမ ကိုဆွဲကာ ကားပေါ်သို့ တင်လာခဲ့သည်။ လမ်းတစ်လျှောက် သူ ကျွန်တော့်ကို မေးခွန်းတစ်ခုမှမမေး။ ကျွန်တော်လည်း တစ်ခွန်းမှမဟဘဲ နှစ်ယောက် ကားပေါ်တွင် တိတ်ဆိတ်လို့ နေသည်။ ဖြည်းဖြည်းမှန်မှန်မောင်းလာသော ကားလေးမှာလဲ .. တရွေ့ ရွေ့ ဖြင့် ဘေးပတ်ဝန်းကျင်တွင် တိုက်တွေအိမ်တွေမရှိတော့  မြက်ရိုင်းများ ဟိုတစ်နေရာ ဒီတစ်နေရာ ထွန်းထားသော လမ်းမီးတိုင်းများဖြင့် လမ်းဘေးတွင် ပေါက်နေသော သစ်ပင်များကလွဲလို့  ကျန်တာမရှိ။ ဦးတည်ရာမရှိဘဲ မောင်းလာသော ကားကို ကျွန်တော်ရပ်လိုက်ပြီး သူမကိုလှည့်ကြည့်လိုက်သည်။ သူမကလည်း ကျွန်တော့်ကိုကြည့်ရင်း ကားပေါ်မှဆင်းလိုက်သည်။ ကျွန်တော်လည်းလိုက်ဆင်းရင်း သူမဘေးတွင်ရပ်လိုက်သည်။

“၁၁ နာရီတောင်ကျော်ပြီ .. ” သူမဖုန်းလေးကြည့်လိုက်ပြီး နောက် နင်ငါ့ကိုဒီနေရာခေါ်လာတာ ဘာလုပ်ဖို့ လဲ ဆိုသည့်အဓိပ္ဗာယ်ဖြင့် ကျွန်တော့်ကိုကြည့်တော့ ကျွန်တော်ဘယ်လို စကားစရမလဲ မသိဘဲဖြစ်နေတော့သည်။ “နင်လား .. ခိုးရဲမှာ ” သူမ ရဲ့စကားကို မခံချင်တာနဲ့ ပဲ လုပ်မိလုပ်ရာ လုပ်ပြီးတော့မှ .. “ဘယ်လိုလဲ .. နင်ပြောတော့ ငါနင့်ကိုမခိုးရဲဘူးဆို .. အခု ငါနင့်ကိုခိုးလာပြီ .. ဘယ်လိုလဲ ဟဲဟဲ ”သွားပြီး စပ်ဖြီးဖြီးလုပ်ပြရင်လည်း စိတ်ဆတ်ပုံသူမနဲ့ဆို ပါးက ကျိုးမည်မှာ မလွဲဧကန်ပင်။ သူမကို ဘယ်လိုရှင်းပြရမလဲ စဉ်းစားနေသည့်အချိန်မှာ

“နင် .. ငါ့ခိုးလာတာလား” သူမရဲ့ ရုတ်တရက်အမေးကြောင့် ကျွန်တော် တထွေးမြိုချကာ ခေါင်းခါရမလား ခေါင်းငြိမ့်ရမလား မသိဘဲနေတော့သည်။ ဒီအခြေအနေရောက်တော့မှ မထူးပါဘူးဆိုပြီး ကျွန်တော် သူမကို စိုက်ကြည့်ပြီး

“ငါ .. နင့်ကိုချစ်တယ် ” နှုတ်ကမထင်မှတ်ဘဲ ထွက်သွားသော စကားကြောင့် သူမ အံ့သြသွားသည့်ဟန် .. နောက် ချက်ချင်း ခေါင်းကို ငုံ့ ချလိုက်သည်။ ကျွန်တော်ခေါင်းကို ကုပ်ရင်း

“နင် စိတ်ဆိုးသွားလား .. စိတ်တော့မဆိုးပါနဲ့ ဟာ .. ငါဘယ်လိုပြောရမှန်းတောင်မသိတော့ဘူး .. ဒါပေမဲ့ ငါနင့်ကိုတကယ်ချစ်တာတော့ယုံပါ .. ငါနင့်ကို မချစ်ဘူးဆိုရင် ဘာလို့ နင့်ဘေးနားမှ အချိန်တိုင်းလိုလို ရှိနေမှာလဲ .. ပြီးတော့ နင်ခိုင်းတာမှန်သမျှ ငါအကုန်လုပ်ပေးနေတာတွေက ငါနင့်ကိုချစ်လို့ ပေါ့ဟာ .. နင်ယုံတယ်မှတ်လား ” ကျွန်တော်မေးတော့ သူမ ခေါင်းငုံ့ လျက် အတွင်တွင်သာခါနေတော့သည်။  ကျွန်တော်သူမ လက်မောင်းကိုအသာလှမ်းကိုင်လိုက်ပြီး သူမခေါင်းလေးကို ကျွန်တော့်ရင်ခွင်ထဲထည့်ကာ

“ရင်ခုန်သံ .. ကြားတယ်မဟုတ်လား .. အခုလိုမျိုး ရင်ခုန်တတ်အောင် သင်ပေးတာ ဘယ်သူလို့ ထင်လဲ ” မေးရင်း ကျွန်တော် သူမခေါင်းလေးကို လက်ကလေးဖြင့် အသာမော့တော့ သူမ မျက်နှာတစ်ခုလုံးနီရဲလို့ နေသည်။ နောက် ကျွန်တော့်ရင်ခွင်မှ အတင်းရုန်းကာ တိုးထွက်ရန်ပြင်တော့ ကျွန်တော် သူမကို ထွက်သွားမည်အလား စိုးရိမ်စွာဖြင့် တင်းကျပ်စွာဖက်ထားမိသည်။ နောက်ဆုံးသူမ ငြိမ်သွားတော့မှ ကျွန်တော် သူမကိုဖက်ထားသည်လက်များ ဖြေကာ သူမကိုအသာငုံ့ ကြည့်တော့ မျက်ရည်များကျကာ ငိုနေသည်ကိုတွေ့ တော့ ကျွန်တော်ပြာသွားကာ သူမကို

“ဝတီ .. ဘာလို့ ငိုနေတာလဲ .. နင်ငါ့ကိုစိတ်ဆိုးသွားလို့ လား .. ငါတောင်းပန်ပါတယ်ဟာ .. မငိုနဲ့ တော့နော် ” ချော့ရင်း သူမ ပါးပေါ်ကျလာသော မျက်ရည်များကိုသုတ်ပေးရင်း ကျွန်တော့်ကို ကျွန်တော် အပြစ်တင်မိသည်။

“ငါမှားပါတယ်ဟာ .. မငိုနဲ့ တော့နော် .. ငါနင့်ကို အခုအိမ်ပြန်ပို့ ပေးမယ်လေ .. နော်  .. မငိုပါနဲ့ တော့ .. ငါတောင်းပန်ပါတယ် ” ပြောနေသော ကျွန်တော့် အသံများပင်တုန်ကာလာလို့ နေတော့သည်။ ကျွန်တော့်ကြောင့် သူမ ငိုနေရတယ် ဆိုတဲ့အတွေးများက ကျွန်တော့်ခေါင်းထဲမှာရော ရင်ဘက်ထဲမှာပါပြည့်ကျပ်လို့ လာတော့သည်။ သူမကိုကားထဲ ဝင်ထိုင်ခိုင်းပြီး လာရာလမ်းအတိုင်းကားလေးကိုလှည့်ရန် ကျွန်တော်ပြင်လိုက်သည်။ ကျွန်တော့်လက်ကို ရုတ်တရက်ဆုပ်ကိုင်လာသော သူမလက်များကြောင့် ကားသော့ထည့်ရန်ပြင်နေသော ကျွန်တော့်လက်များရပ်တန့် လို့ သွားသည်။ သူမ ခေါင်းလေးငုံ့ ကာ စာအုပ်တစ်အုပ်ကိုထုတ်ကာ ကျွန်တော်ကိုပေးတော့ ကျွန်တော်စာအုပ်လေးကိုလှမ်းယူရင်း သူမကိုလှည့်ကြည့်တော့ သူမက ခေါင်းကိုငုံ့ မြဲ ငုံ့ ကာထားသည်။ စာအုပ်ထဲတွင် သူနှင့်ကျွန်တော် ပုံများ ကျောင်းတုန်းကတွဲရိုက်ထားသောပုံများ .. ခရီးထွက်တုန်းကပုံအချို့ နှင့် တစ်ချို့ ပုံများမှာ ကျွန်တော်ကိုယ်တိုင်ပင်မသိသော ကျွန်တော်တစ်ယောက်ထဲပုံများ .. နောက်ဆုံးစာမျက်နှာသို့ ရောက်သောအခါ စာအုပ်၏ အဆုံးအောက်ဘက်တွင် “ကျွန်မ ချစ်သော သူ” ဆိုသည့်စာသားလေးဖြင့် အောက်မှ သူမ လက်မှတ်ကလေးကို ထိုးကာထားသည်။ ကျွန်တော် ကိုယ့်မျက်စိကိုယ်ပင်မယုံနိုင်။ သူမကိုကြည့်လိုက် စာအုပ်လေးကိုကြည့်လိုက်ဖြင့် နောက်ဆုံး ကျွန်တော်သူမကို ထွေးပိုက်မိသည်။ ဒီတစ်ခါတော့ သူမ ရုန်းကန်ခြင်းမပြုတော့ အသာပင် ကျွန်တော်ကိုပြန်လည် သိုင်းဖက်ထားသည်။ နောက်အတန်ကြာအောင် ကျွန်တော်နှင့် သူမ ရှက်ကိုးရှက်ကန်းဖြင့် စကားမပြောကြဘဲ နေကြသည်။ နောက် ကျွန်တော်ကစပြီး

“အခု .. ဘာလုပ်ကြရင်ကောင်းမလဲ .. ”မေးတော့ သူမက ခေါင်းလေးမော့ပြီးကျွန်တော့်ကြည့်ပြီး ချက်ချင်းခေါင်းလေးပြန်ငုံ့ ကာ

“မသိဘူးလေ .. ” ကျွန်တော်လည်း သူမလို ခေါင်းပဲငုံ့ နေရင်ကောင်းမလား စဉ်းစားရင်း

“ဒါဆိုရင်လည်း အိမ်ပြန်ကြတော့ပေါ့” ကျွန်တော်ပြောတော့ သူမ ကျွန်တော့်လက်ကိုလှမ်းကိုင်ရင်း

“အိမ်ပြန်လို့ မရဘူး” ကျွန်တော်ကြောင်ကာ

“ဘာလို့ လဲ” မေးတော့

“အိမ်ကို ယောကျာ်းနောက်လိုက်သွားပြီလို့  စာရေးခဲ့တယ်” ကျွန်တော် ကိုယ့်နားပင်ကိုယ်မယုံနိုင်အောင်ဖြစ်သွားသည်။

“ဘယ်လို .. အိမ်ကိုစာရေးခဲ့တယ် ..  ” သူမခေါင်းငြိမ့်ကာ

“ဒါဆို .. နင်က .. တမင်သတ်သတ် ဒီအကွက်ထွင်တာပေါ့” ကျွန်တော်မဲ့ကာပြောတော့ .. သူမက ခေါင်းလေးစောင်းကာ

“တစ်ချို့ က အရိပ်ပြရင် အကောင် မြင်တယ်တဲ့ .. နင့်ကျမှ အကောင်လိုက်ကြီးချပြလည်း ဒါဘာအကောင်လဲလို့ ပြန်မေးမယ်ဆိုတာ ကြိုသိလို့  .. ဒါမျိုးစီစဉ်ရတာပေါ့ .. မဟုတ်ရင် နေနောက်ဘက်ကထွက်ရင်တောင် နင့်ဆီက ဒီလိုစကားမျိုးကြားရမှာမဟုတ်ဘူး .. ” နှုတ်ခမ်းလေးဆူကာပြောလာသော သူမစကားကြောင့် ကျွန်တော်ရယ်ကာ ..

“အကယ်လို့  .. နင်စီစဉ်ထားတဲ့အတိုင်း မဖြစ်ဘဲနဲ့ ငါနင့်ကိုခိုးမပြေးဘူးဆိုရင်ရော .. နင်ဘယ်လိုလုပ်မလဲ ”

“ဒါများလွယ်လွယ်လေး .. နင်ခိုးမပြေးရင် .. ငါ နင့်ခိုးပြေးမှာပေါ့ ” ပြောကာ တခစ်ခစ်ဖြင့် သဘောကျစွာရယ်ကာနေသော သူမ နဖူးကိုအသာခေါက်ကာ ကျွန်တော် ခပ်ဖွဖွအနမ်းတစ်ပွင့် ခြွေပစ်လိုက်သည်။ သူမကတော့ တဘုန်းဘုန်းထုရင်း ခေါင်းကိုအဆက်မပြတ်ငုံ့ ကာထားတော့သည်။ ထူးဆန်းစွာ ဒီည ကောင်းကင်ကြီးမှာ လမင်းကြီးကလည်းထိန်ထိန်သာနေသလို ကြယ်လေးများကလည်း ကျွန်တော်တို့ နှစ်ယောက်ကို ခိုးခိုးကြည့်ကာ နေတော့သည်။

April
11.11.11 (FRI) (04:40 PM)
                 

3 comments:

chocolatecupidlay said...

ဇာတ်ပေါင်းခန်းလေးလှလိုက်တာဗျာ...ကြည်နူးစွာခံစားသွားပါသည်

April said...

ချောကလက်ကျူးပစ်လေး --> ဟုတ် .. အခုလို အချိန်ပေးပြီးလာဖတ်ပေးတဲ့အတွက်ကျေးဇူးပါ ..

naykha said...

ကောင်းပါတယ် ဇာတ်ဝင်ခန်းလေးတွေက နဲနဲလေးရှည်ရှည်ဆန့်လိုက်ရင် ပိုကောင်းမယ်ထင်ပါတယ် နော်ထပ် ထပ်ပြီးတော့တင်ဖို့မျှော်လင့်ပါတယ်

Post a Comment

လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်