စိတ်မကစားခဲ့ပါ
၁၄နှစ်ဆိုတဲ့အရွယ်က စိတ်ကစားသေးတဲ့အရွယ်တဲ့လား .. ကျွန်မသဘောကျစွာရယ်လိုက်မိသည်။ ကျွန်မ စိတ်ကစားတာလား .. မကစားတာလား သေချာမသိပေမဲ့ .. သူ့ ကိုတော့ ကျွန်မခင်မင်မှုတွေပိုခဲ့သည်ကတော့ သေချာခဲ့သည်။
၅နှစ်ဆိုတဲ့ အသက်ကွာခြားမှုကြောင့်သူက ကျွန်မထက်ပိုပြီး ရင့်ကျက်သည် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ အမြဲလိုလို ညီမတစ်ယောက်လို စောင့်ရှောက်တတ်ပြီး အကြံအဥာဏ်တွေပေးတတ်တဲ့သူ့ ကို ကျွန်မက “ကိုမင်း” လို့ အများခေါ်သလိုခေါ်ပြီး သူကလည်း ကျွန်မကို “ငယ်လေး” လို့  အိမ်ကခေါ်သလိုခေါ်တတ်သူဖြစ်သည်။ မောင်နှမ သုံးယောက်အနက် သူက အလတ် .. အစ်မတစ်ယောက် ညီတစ်ယောက်ရှိသည့် သူသည် ကျွန်မကိုလည်း မောင်နှမလိုပင်ဆက်ဆံခဲ့သည်။ ကိုမင်းရဲ့ညီ ရဲမြတ်နှင့် ကျွန်မမှာ အသက်ကလည်းရွယ်တူမို့ လို့  ညီမတစ်ယောက်လိုမြင်သည့် သူ့ ကို ကျွန်မအပြစ်မတင်ပါ။ အပြစ်တင်မည့်တင် ကိုမင်းနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ ကျွန်မရဲ့ ခံစားချက်ကိုပင် တင်သင့်သည်။
“ငယ် .. ” ခေါ်သံကြားလှည့်ကြည့်မိတော့ ရဲမြတ် လက်ပြကာ ကျွန်မကိုလှမ်းခေါ်နေခြင်းဖြစ်သည်။
“ဘာလဲ ” ခပ်ဆောင့်ဆောင့်မေးတော့ ..
“အိမ်မှာ  စနေ .. မုန့် လုပ်စားမလို့  .. နင်တို့ မိသားစုကိုသွားပြောဆိုလို့ လာတာ ” စပ်ဖြီးဖြီ ပြန်ဖြေသော ရဲမြတ်ကို မျက်စောင်းထိုးကာ
“မေမေတို့ ကိုပြောလိုက်မယ် .. ” ပြောပြီး လှည့်ထွက်လာခဲ့သည်။
ရဲမြတ်နဲ့  ကျွန်မ နည်းနည်းလေးမှမတည့်ချေ။ ငယ်ငယ်လေးကတည်းက နှစ်ယောက်တွေ့ တာနဲ့  ရန်ဖြစ်ကြတာချည်းပင်။ ကျောင်းတက်တော့လည်း ကျောင်းတွင် အခေါ်အပြောမလုပ်ကြ။ တစ်ယောက်နှင့်တစ်ယောက် မသိသလိုသာနေကြသူများဖြစ်သည်။ အတန်းကြီးလာတော့ ဂိုက်အတူတူယူရင်း တစ်ယောက်ကိုတစ်ယောက် မခေါ်ချင်လည်းမရ … စကားမပြောချင်လည်းမရ ဖြစ်လာသည်။ ထို့ ပြင် ရဲမြတ်က ကျွန်မ့ထက် စာတော်သူပီပီ အမြဲလိုလို ကျွန်မ့ကိုဆရာကြီးလုပ်သူလည်းဖြစ်သည်။
“နင် .. တော်တော်ပိန်းတာပဲ .. ငါရှင်းပြတာ နှစ်ခါရှိပြီ .. ဒါတောင် မမှတ်မိသေးဘူးလား” ပြောလာသော ရဲမြတ်ကြောင့် ..
“နင်ဘယ်လိုရှင်းပြလဲမှမသိတာ … နားလည်အောင်ရှင်းပေါ့ .. ဘယ်နှစ်ခါ .. ဘယ်နှစ်ခါဆိုပြီးလာပြောမနေနဲ့ .. နားလည်အောင် တစ်ခါထဲရှင်း .. နင်တကယ်တတ်ရင်ပေါ့ .. ” မျက်ခုံးနှစ်ဖက် တွန့် ကာပြောသော ကျွန်မ့စကားကြောင့် ရဲမြတ် မျက်နှာကြီးနီရဲကာ ..
“စေတနာနဲ့ လည်း ရှင်းပြရသေးတယ် .. နင်ကလေ … စေတနာနဲ့ ကို မတန်ဘူး .. ” ပြောပြီး ထွက်သွားသော ရဲမြတ်နောက်ကျော ကိုကြည့်ပြီး ကျွန်မသဘောကျစွာရယ်မိသည်။
“ရန်ဖြစ်ပြန်ပြီလား .. ” ရယ်သံစွတ်ကာ ထွက်လာသော အသံကြောင့် ကျွန်မ ခဏတာ အသက်ရှူဖို့ မေ့သွားသည်။ နောက် ..
“ကိုမင်း ….  ရန်မဖြစ်ပါဘူး .. ရန်ဖြစ်ရအောင် ..ငယ်တို့ က ကလေးတွေမှမဟုတ်တာ ” ပြောရင်း ကျွန်မခေါင်းအသာငုံကာ ဆံပင်များသပ်လိုက်သည်။ သူပြုံးကာ ..
“ဟုတ်ပါပြီဗျာ .. သချာင်္တွက်နေတာလား .. ” မေးတော့
“အင်း” ကျွန်မခေါင်းငြိမ့်လိုက်သည်။ သူ ကျွန်မဘေးတွင်ထိုင်ကာ
“ဘယ်ပုစ္ဆာနားမလည်ဘူးလဲ .. ကိုမင်း ရှင်းပြမယ်လေ ” ပြောတော့ ကျွန်မ ဖတ်စာအုပ်တွေ တွေ့ သမျှ ပုစ္ဆာတိုင်းကို လက်ညှိုးထိုးပြလိုက်သည်။
“ဒီဟာ .. ဒီဟာ .. ဒီဟာရောပဲ .. ” သူရယ်ကာ
“အမယ်လေ .. များလှချည်လား .. စာသင်တုန်း လိုက်နားမထောင်ဘူးနဲ့ တူတယ် .. ”
“ဟုတ်ပါဘူး .. ဆရာမရှင်းပြတာ ငယ်မှ နားမလည်တာ ” တိုးတိုးလေး ကျွန်မပြန်ပြောတော့ သူ ကျွန်မခေါင်းကိုပုတ်ကာ ခုံပေါ်တွင်တင်ထားသော စာရွက်ကြမ်းများကို ယူပြီး တစ်ပုဒ်ချင်းစီ တွက်ကာရှင်းပြသည်။ 
“နားလည်ပြီလား .. ” သူမေးတော့ ကျွန်မခေါင်းငြိမ့်ကာ
“ဟုတ် .. ” ပြန်ဖြေတော့ သူသဘောကျစွာရယ်တော့သည်။
“ငါရှင်းပြတာနဲ့  ဘာကွာလို့ လဲ” အနောက်မှ ငှက်ဆိုးထိုးသံလို ထွက်လာသောရဲမြတ်အသံကြောင့် ကျွန်မ လှည့်ကြည့်ကာ
“ကွာတယ်လေ .. အများကြီးပဲ ” လက်နှစ်ဖက်ကိုဝိုင်းကာ ပြောသော ကျွန်မ့ အမူအရာကြည့်ပြီး ရဲမြတ် ရှေ့ တွင်လာထိုင်ကာ
“ကဲ .. ပြစမ်း .. ဘယ်လောက်ကွာလဲကြည့်ရအောင်” ဆိုပြီး ကိုမင်းရှင်းပြထားသော စာရွက်ကိုလှမ်းယူကာ ကြည့်လိုက်သည်။ နောက်ပြန်ချကာ
“ဘာမှမကွာဘူး .. အတူတူပဲ”
“မတူဘူးလေ .. နင် ရှင်းပြတာ ငါနားမလည်ဘူး .. ကိုမင်းရှင်းပြတာနားလည်တယ် .. အဲ့ဒါကွာတာ” ပြောပြီး ကိုမင်းကို ကျွန်မလှည့်ကြည့်တော့ ကိုမင်းက ပခုံးလေးနှစ်ဖက်မြှင့်ပြကာ ကျွန်မကို ရယ်ပြသည်။ နောက် ကျွန်မတို့ နှစ်ယောက်ခေါင်းကို အသာလေးတစ်ချက်စီခေါက်ကာ
“ကဲ .. ကိုကို .. ထမင်းသွားစားဦးမယ် .. ရန်ပဲဖြစ်မနေ ကြနဲ့ ဦး .. ခဏနေရင် ဆရာမလာမှာမဟုတ်လား .. စာရော ရပြီးလား ” ဆိုတော့မှ ကျွန်မတို့ နှစ်ယောက် စာပြန်ကြည့်ရန် သတိရတော့သည်။
ငယ်ငယ်လေးကတည်းက ကိုမင်းက ကျွန်မတို့ ကို အိမ်တွင်းကျူရှင်ဆိုပြီး စာသင်ပေးခဲ့သည်။ ကျွန်မ ဆယ်တန်းရောက်တော့လည်း ကိုမင်းကို ဂိုက်လုပ်ပေးဖို့ ပြောခဲ့ပေမဲ့ .. အလုပ်ကိုအကြောင်းပြကာ ကိုမင်းငြင်းခဲ့သည်။ သို့ သော် အားသည့်အချိန်မျိုးမှာတော့ ကျွန်မ နားမလည်သည်များကို ရှင်းပြပေးလေ့ရှိသည်။ တခြားသူရှင်းပြတာထက် ကိုမင်း ရှင်းပြလျှင် ကျွန်မပိုနားလည်လွယ်သည်။ ခဏလေးနဲ့ သဘောပေါက်သည်။ ဘာကြောင့်လဲတော့မသိချေ။ ကျွန်မတို့ ဆယ်တန်းဖြေတော့လည်း ကျွန်မတို့ နဲ့ အတူတူ အိပ်ရေးပျက်ခံကာ ဘေးတွင် စာဝိုင်းကျက်ပေးသူမှာ ကိုမင်း ပင်။ စာကျက်ရင်း စားရန် .. မုန့် များကို တကူးတက သွားဝယ်တတ်ပြီး spot ဆိုပြီးကြားသည်နှင့် ဟိုဖုန်းဆက် ဒီဖုန်းဆက်မေးကာ လိုက်စုံစမ်းပေးတတ်သူလည်းဖြစ်သည်။
စာမေးပွဲပြီးသွားသည့်အချိန်တွင်တော့ အကြောင်းမရှိ အကြောင်းရှာကာ ကိုမင်း အလုပ်ရှိရာသို့  မြောင်းပေါက်အောင် ကျွန်မသွားတော့သည်။ ကွန်ပြူတာနှင့် ကျောင်းပြီးထားသော ကိုမင်းက သူငယ်ချင်းများနှင့် ကွန်ပြူတာဆိုင်လေးတစ်ဆိုင် ဖွင့်ထားသည်။ ကွန်ပြူတာကို စိတ်မဝင်စားပေမဲ့လည်း စိတ်ဝင်စားချင်ယောင်ဆောင်ပြီး တစ်နေ့ တစ်နေ့ သွားနေသည်မှာ မျက်စိမှိတ်လျှင်ပင် ဘယ်နားဘာရှိသည်ဆိုတာတောင် ပြောနိုင်သည့်အထိဖြစ်ခဲ့သည်။ ကိုမင်း ကတော့ ကျွန်မခဏခဏလာသည်ကို ဘာမှမပြော။ မသိတာရှိရင်မေး ..ဆိုပြီး ခွင့်ပြုထားသောကြောင့်လည်း ကျွန်မ တဖြည်းဖြည်းနှင့် အတင့်ရဲလာခြင်းလည်းဖြစ်သည်။ သို့ သော် ကိုရီးယားကားတွေထဲကလို မိန်းကလေးက စပြီးဖွင့်ပြောရလောက်သည့်အထိတော့ ကျွန်မ မရဲပေ။ ကိုမင်း အနားမှာ အမြဲရှိနေမယ်ဆိုရင် ကိုမင်း တစ်နေ့ နေ့ တော့ အနည်းနဲ့ အများ ကျွန်မ့ ခံစားချက်တွေ သိလာလိမ့်မယ်ဆိုတဲ့ စိတ်ကူးနဲ့တင် ကျွန်မနေ့ ရက်များကုန်ဆုံးခဲ့သည်။
“ငယ် .. ” တိုးငြင်းစွာခေါ်လာသော အသံကြောင့် ကျွန်မကြောင်လို့ နေမိသည်။ အမြဲ အော်ဟစ်ကာဆိုတတ်သော ရဲမြတ် .. ဒီနေ့ တော့ မုန့် တီသောက်လာသည်နှင့်တူသည် .. ရုပ်ကတည်နေသည်။
“ငါ .. ဘယ်လိုလုပ်ရမလဲ ”  တုန်ခါစွာ ထွက်လာသော စကားများကြောင့် ကျွန်မလန့် သွားသည်။
“ရဲမြတ် .. နင်ဘာဖြစ်လာတာလဲ”  ကျွန်မမေးတော့ .. သူခေါင်းခါကာ
“မယမုံ .. နဲ့  ကိုကို လက်ထပ်တော့မယ်” ကျွန်မ့ ခဏတာ စွံ့ အ သွားခဲ့သည်။ ပတ်ဝန်းကျင်တစ်ခုလုံး ရပ်တန့် သွားသည့်နှယ် ကျွန်မ့နားထဲ မည့်သည့်အသံမှ ဆက်မကြားရ။ တစ်ကိုယ်လုံး ထူပူကာနေတော့သည်။
“ဒါ .. မဖြစ်နိုင်တာ .. ဘယ်လိုလုပ်ပြီး .. ” ရဲမြတ်ကို ကြည့်ပြီး ကျွန်မ မေးတော့ ..
“အစောလေးတင် .. အိမ်မှာ နှစ်ဖက်လူကြီးတွေ လာတွေ့ သွားတယ်.. ” ကျွန်မ ဆက်ပြီး ကြားနိုင်စွမ်းမရှိတော့ .. နှစ်ယောက်သား အသက်မဲ့ကျောက်ရုပ်များလို တစ်နေ့ ကုန် အခန်းထဲမှာ ငုတ်တုပ်ထိုင်နေမိသည်။
မယမုံသည် ကျွန်မနှင့် ရဲမြတ် နှစ်ယောက်ကို ၉ တန်း ၁၀ တန်း သင်ပေးခဲ့သော ဂိုက်ဆရာမဖြစ်သည်။ ကိုမင်းနှင့် သူငယ်ချင်းများလည်းဖြစ်ကြသည်။ အသားဖြူဖြူ အရပ်ပုပုနှင့် ချစ်ဖို့ ကောင်းသည့် မယမုံကို ကျွန်မ အစ်မတစ်ယောက်လို ခင်မင်လှသည်။ ဆယ်တန်းပြီးသွားပေမဲ့လည်း တက္ကသိုလ်တက်ချိန်တွင် ကျွန်မတို့ မသိသည်များကို အခုချိန်ထိ ရှင်းပြပေးတတ်သော မယမုံကို ကျွန်မရော ရဲမြတ်ပါ သံယောဇဉ်တော်တော်ရှိကြသည်။ အခုတော့ မယမုံနဲ့  ကိုမင်း .. ကျွန်မ မယုံချင်။ သို့ သော် မယမုံနဲ့  ပတ်သက်ပြီး ရဲမြတ် နောက်မည်မဟုတ်။ ရဲမြတ် .. မယမုံကိုကြိုက်နေမှန်း ကျွန်မသိသည်။ ထို့ ပြင် မကြာခင်ဖြေရတော့မည့် နောက်ဆုံးနှစ် စာမေးပွဲပြီးသည့်အချိန်တွင် ရဲမြတ် မယမုံကိုဖွင့်ပြောမည်ဆိုတာ .. ကျွန်မ … အတွေးများပေါင်းစုံ .. ခေါင်းကိုခါလိုက်ပြီး ရဲမြတ်ကိုလှမ်းကြည့်တော့ သူလည်း ကျွန်မကို စိုက်ကြည့်သည့်အချိန်နှင့်ကြုံသည်။ ထို့ နောက် ဘာရယ်မဟုတ်ဘဲ ကျွန်မတို့ နှစ်ယောက် အရှက်ပြေ တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးမိလိုက်သည်။
“နင် .. ဘာလုပ်မလဲ” ဆိုဖာပေါ်တွင် နှစ်ယောက်အတူတူထိုင်ကာ လာနေသော တီဗွီကို ကြည့်နေကြပေမဲ့ ဘာတွေပြနေလဲ ကျွန်မ မသိ။ တခြားလိုင်းပြောင်းဖို့ လည်း နှစ်ယောက်လုံး စိတ်မကူး။ ဒီအတိုင်းလာနေတာကိုကြည့်ပြီး
“မသိဘူး” ကျွန်မဖြေလိုက်သည်။
“နင် .. ကိုကို့   ကိုကြိုက်နေတာမဟုတ်လား” ရဲမြတ်မေးတော့ .. ကျွန်မပြုံးကာ
“နင်လည်း  .. မယမုံကို ကြိုက်နေတယ်မဟုတ်လား”  .. သူ့ ဘက်မှ သက်ပြင်းချသံ ကြားလိုက်ပြီး
“သူတို့  နှစ်ယောက်ကို ဒီအတိုင်း .. ထားတော့မှာလား”
“ဒီအတိုင်းမထားလို့  .. ကြိုးနဲ့ စွတ်ထားချင်လို့ လား” ကျွန်မ မေးတော့
“အေး .. ကောင်းသားပဲ .. ” ရဲမြတ်ပြန်ဖြေတော့ ကျွန်မတို့ နှစ်ယောက် အသာရယ်မိကြသည်။ သို့ သော် ခဏနေတော့ နှစ်ယောက်လုံးစီမှ သက်ပြင်းချသံများ ကိုယ်စီထွက်လာတော့သည်။
“မိဘတွေ့ ရုံပဲ ရှိသေးတာ .. မင်္ဂလာမှ မဆောင်ရသေးတာ .. ” ကျွန်မပြောတော့ ရဲမြတ် ကျွန်မ့ကိုကြည့်ကာ
“ရုပ်ရှင်တွေထဲကလို .. မင်္ဂလာမဆောင်ခင်ညမှာ သတိုးသားခိုးပြေးမလို့ .. စဉ်းစားနေတာလား”
“အဲ့ဒါလည်း ကောင်းသားပဲ ..”
“နင် .. ခိုးပြေးမယ်ဆိုရင်ပြောလေ .. ငါ့သူငယ်ချင်းတွေဆီက ကားယူပေးမယ် .. နေစရာလည်း စီစဉ်ပေးမယ်”
“တော်တော်အားကိုးရတာပဲ .. ”
“အခုမှ သိတာလား” သူပြောတော့ ကျွန်မနှုတ်ခမ်းများ ကွေးညွတ်ကာ မျက်ခုံးနှစ်ဖက် သဘောကျစွာ ပင့်ပြလိုက်သည်။ ရုတ်တရက်ပွင့်လာသော တံခါးသံကြောင့် ကျွန်မတို့ နှစ်ယောက် မျက်လုံးများ တံခါးရှိရာသို့ ရွေ့ လျားသွားသည်။ နောက် တံခါးနောက်မှဝင်လာသော လူရိပ် .. ကျွန်မတို့ ရင်းနှီးနေသော အရိပ်များ …
“ဒီမှာ .. နှစ်ယောက်လုံး .. ” ပြောကာ ဝင်လာသော ကိုမင်း .. ကိုမင်း၏ နောက်မှ မယမုံပါ ဝင်လာသည်။
“နှစ်ယောက် တိတ်လှချည်လား .. ရန်ဖြစ်ထားပြန်ပြီလား” ကိုမင်းမေးတော့ ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် လှည့်ကြည့်မိကြသည်။ ရဲမြတ်က ကျွန်မ့ကို ပြုံးဖို့  အရိပ်အခြေပြသည်။ သို့ သော် ကျွန်မ မလုပ်နိုင် .. နောက်ဆုံး ထိုင်နေရာမှထကာ အခန်းထဲသို့ ဝင်သွားခဲ့သည်။ အခန်းထဲဝင်လာပြီး မကြာ “ဒေါက် .. ဒေါက်” တံခါးခေါက်သံကြောင့် တံခါးဖွင့်မိတော့ အပေါက်ဝတွင် မယမုံ ..
“ဝင်လာလို့ ရမလား” မေးတော့ ကျွန်မ အပေါက်ဝမှ လမ်းဖယ်ကာပေးလိုက်သည်။ အခန်းထဲဝင်လာပြီး ကျွန်မ့ကိုကြည့်ကာ
“နေမကောင်းဘူးလား”
“စာမေးပွဲနီးလို့  …. ” စကားရပ်ပြီး မယမုံကိုကြည့်တော့ ကျွန်မ့ဆံပင်များကိုသပ်ကာ ပြုံးကာပြသည်။ ကျွန်မခေါင်းလေးငုံကာ  ..
“မ .. နဲ့  ကိုမင်း .. ” မေးတော့ မယမုံ ကျွန်မကိုကြည့်ပြီး
“မင်းမြတ်ရော မ .. နှစ်ယောက်လုံး မငယ်ကြတော့ဘူးလေ .. ငယ်သူငယ်ချင်းတွေဖြစ်တာရော .. မင်းမြတ်လို လူတစ်ယောက်ကို မ့ အနေနဲ့  ငြင်းစရာမရှိဘူး .. ” ပြောတော့ ကျွန်မ့ရင်ထဲ နေလို့ မကောင်း။
“ဒါမဲ့ .. မ .. တို့ နှစ်ယောက်တွဲနေတာလည်း မတွေ့ ဘူး ..”
“တစ်ယောက်နဲ့ တစ်ယောက် နှစ်တွေအများကြီး ခင်မင်လာကြတာ .. ဒီအသက်အရွယ်တွေပဲရောက်လာကြပြီ .. ဒါတွေမလိုအပ်တော့ဘူးလေ .. ” ပိုင်နိုင်စွာပြောလာသော မယမုံစကားများက ကျွန်မ့ကို တွေဝေစေသည်။
“ဒါမဲ့ .. ကိုမင်းက မ့ကို ချစ်မချစ်ဆိုတာ မ့မှ မသိတာ .. ” ကျွန်မ မေးတော့ ..
“မင်းမြတ် .. မ့ကို ချစ်လားမချစ်လား မ မသိဘူး .. ဒါပေမဲ့ … ” စကားဖြတ်ထားလိုက်ပြီး ကျွန်မ့ကို သေချာကြည့်ကာ ..
“မတို့ နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် သံယောဇဉ်တော့ရှိကြတယ် .. ” မျက်လုံးများ တောက်ပကာ ရွှန်းလဲ့နေသော နှုတ်ခမ်းတစ်စုံက ထွက်လာသော စကားတစ်ခွန်းက ကျွန်မ့ရင်ကို ထိခိုက်နာကျင်အောင် လုပ်နိုင်တာ ကျွန်မ လက်ခုပ်လက်ဝါးတီး အားပေးရမည်လားမသိအောင်ပင် တဆစ်ဆစ်နာကျင်နေမိသည်။ ခဏတာ အခန်းလေးထဲတွင် ငြိမ်သက်သွားပြီး ကျွန်မတို့  မည်သည့်စကားမှ ဆက်မပြောကြ။ တအောင့်ကြာသည့်အချိန်တွင် တံခါးဖွင့်သံကိုကြားလိုက်ပြီး မယမုံထွက်သွားသည်။
ကြယ်ကလေးများ ဟိုတစ်ပွင့် ဒီတစ်ပွင့်နှင့် တလက်လက်နေသည်။ အပြည့်မဟုတ်ပေမဲ့ .. အပြည့်နီးပါးသာနေသော လမင်းကြီးကလည်း ကောင်းကင်အလယ်တည့်တည့်တွင် လှပစွာနေရာယူထားသည်။ ခပ်မှိန်မှိန်တိမ်ဖြူဖြူလေးများကတော့ လေအဝှေ့ တွင် .. ဟိုဖက်ဒီဖက် ပြေးကာဆော့နေကြသည်။  ငွေမှင်ရောင် ကျဲကျနေသော ဒီလိုညခင်းမျိုးမှာ .. တစ်ယောက်ကျောကိုတစ်ယောက်မှီကာ ပါးစပ်ထဲတွေ့ သမျှ သီချင်းများကို ဆိုနေသူ နှစ်ယောက်ကတော့ ..
“စာမေးပွဲပြီးရင် သူငယ်ချင်းတွေနဲ့  .. ခရီးသွားမယ် .. လိုက်မလား” ရဲမြတ်မေးတော့ ကျွန်မခေါင်းခါကာ ..
“ဟင့်အင်း .. ” သူရယ်ကာ ..
“နင် .. ကိုကို့  ကိုဘယ်တုန်းကတည်းက ကြိုက်တာလဲ .. ”
“ငယ်ငယ်လေးကတည်းက .. ရှစ်တန်းလောက်ကတည်းက .. ” ကျွန်မဖြေတော့ ..
“၆ နှစ်တောင်ရှိပြီ .. ဘာလို့ ဖွင့်မပြောတာလဲ .. ”
“သူပြောမလားလို့  .. ”
“ပိန်းတယ် .. ” ကျွန်မသူ့ ကို တံတောင်ဖြင့်ထိုးကာ
“နင်ရော .. ဘာထူးလို့ လဲ .. ” သူရယ်ကာ ..
“အမှန်တော့ .. ငါတို့ နှစ်ယောက်လုံး ပိန်းတာ .. အကယ်လို့  .. နင်ကိုကို့ ကို ဖွင့်ပြောရင် သူလက်ခံမယ်လို့ ထင်လား .. ”
“ဘယ် .. သူ … သိ .. မှာ … လဲ” ကျွန်မ တစ်လုံးချင်းစီ .. နှေးကွေးစွာပြောတော့ .. သူခေါင်းငြိမ့်ကာ
“ဒီလကုန် .. သူတို့  မင်္ဂလာပွဲလုပ်မယ် .. ”
“အင်း .. ကြားပြီးပြီ ” ကျွန်မပြန်ဖြေလိုက်သည်။
“မြန်လိုက်တာ .. ”
“ဘေးချင်းကပ်ယက် နေတာ .. နင်တို့ အိမ်က လေချင်တက်ရင်တောင် ငါတို့ ဘက်ကကြားရတယ် .. ” ကျွန်မ ရွဲ့ ကာပြောတော့ သူရယ်ကာ ..
“အဲ့ဒါကြောင့် .. ညည .. တဘွတ်ဘွတ်နဲ့  အသံတွေကြားနေရတာ .. လတ်စသတ်တော့ နင့်တို့ ဘက်ကကိုးး ”
“သေချင်လို့ လား” ကျွန်မပြောပြီးနောက် နှစ်ယောက် ရယ်မိကြသည်။ ထို့ နောက် ..
“အခုတစ်လော .. ငါတို့ ရန် သိပ်မဖြစ်ကြဘူးနော် .. ”
“အင်း .. အားမှ မရှိတာ ” သူခေါင်းငြိမ့်ကာ ..
“ခရီးက ပြန်လာပြီးရင် … ငါ .. အကုန်လုံး အသစ်ကပြန်စမယ် ..  မယမုံနဲ့ပတ်သတ်တာတွေ အကုန်ထားခဲ့မယ် .. ” ကျွန်မ သူ့ ကိုပြုံးပြလိုက်သည်။ သူက လည်း ကျွန်မကို ပြန်လည်ကာ ပြုံးပြသည်။ ထိုညက လရောင်ကြောင့် သူ့ အပြုံးက ပိုပြီး အသက်ဝင်သလို ကျွန်မခံစားရသည်။ ဒါမှမဟုတ် .. ခံစားချက်ချင်းတူ လူနှစ်ယောက် မို့ လို့ လား ကျွန်မ မသိချေ။
“ကိုကျော်မင်းမြတ် + မယမုံဝင်း ” ထိမ်းမြား လက်ထပ်မင်္ဂလာပွဲ .. အနောက်တွင် အကြီးကြီးရေးဖွဲ့ ထားသော စကားလုံးများကို ဖတ်ပြီး ကျွန်မပြုံးလိုက်သည်။  ပုဆိုး .. တိုက်ပုံ ကျကျနနဝတ်ဆင်ကာ ခေါင်းပေါင်းပေါင်းကာထားသော ကိုမင်းက ကျွန်မရှေ့ တွင် ..  ကျွန်မ တိတ်တိတ်လေးချစ်ခဲ့သော ကိုမင်း .. ဒီနေ့ မင်္ဂလာဆောင်ပြီ ဆိုသည့်အသိက .. ကျွန်မ့အတွက် အိပ်မက်တစ်ခုလိုပင်။ ကျွန်မ ကိုမင်းရှိရာသို့  တစ်လှမ်းခြင်းစီသွားကာ ..
“ကိုမင်း .. ”
“ငယ်လေး . .ရောက်လာပြီလား .. ယမုံကအလှပြင်အခန်းထဲမှာနဲ့ တူတယ် .. ” ပြုံးကာပြောနေသော ကိုမင်းကိုကြည့်ပြီး
“ဟုတ် .. ငယ် သိတယ် .. ငယ် ကိုမင်း နဲ့  စကားခဏပြောချင်လို့ ” ဆိုလာသော ကျွန်မ့ကို ကိုမင်းခေါင်းငြိမ့်ကာ
“အင်း .. ခဏ” ဆိုပြီး သူငယ်ချင်းများနှင့် စကားပြောပြီး ကျွန်မ့ဆီရောက်လာသည်။
“ဘာပြောမလို့ လဲ .. ” ကျွန်မ့ ကိုမင်းကိုကြည့်ပြီး
“ကိုမင်းကို .. ငယ် ချစ်တယ် .. ” ရုတ်တရက်ဖွင့်ပြောလိုက်သော စကားများကြောင့် ကိုမင်း အံ့သြမှင်သက်နေတော့သည်။ ကံကောင်းသည်က ကိုမင်းနှင့် ငယ့်ဘေးတွင် မည်သူမှ မရှိခြင်းဖြစ်သည်။ ကိုမင်း ဘေးဘီကိုဝှေ့  ကြည့်ပြီး ..
“ငယ် .. ဘာတွေပြောနေတာလဲ .. ” ကျွန်မ့ကို ထစ်ထစ်ငေါ့ငေါ့မေးတော့ ကျွန်မပြုံးကာ
“ငယ် .. ကိုမင်းကို ချစ်တယ်လို့ ပြောတာ .. အခုမှမဟုတ်ဘူး .. ငယ်ငယ်လေးကတည်းက ချစ်ခဲ့တာ အစ်ကိုတစ်ယောက်လိုမဟုတ်ဘူး မိန်းမတစ်ယောက်က ယောက်ျားတစ်ယောက်ကို ချစ်သလိုမျိုး . ချစ်ခဲ့တာ .. ငယ်ရှစ်တန်းတုန်းက ကိုမင်းကို ချစ်တယ်ပြောဘူးတယ် .. မှတ်မိသေးလား” ကိုမင်း အတိတ်ကိုပြန်လည်ခရီးနှင်နေသည် .. သို့ သော် မှတ်မိပုံမရ .. 
“အဲ့ဒီတုန်းက .. ငယ် .. ငယ်သေးလို့  စိတ်ကစားတာလို့  ကိုမင်းပြောခဲ့တယ်.. မှတ်မိသေးလား  .. ငယ် ..  စိတ်မကစားခဲ့ဘူး .. ငယ် ကိုမင်းကို တကယ်ချစ်ခဲ့တာပါ”
“ငယ် .. ဒါမျိုး အခုချိန်မှာမပြောသင့်ဘူး .. ” ဆိုလာသော ကိုမင်းကိုကြည့်ပြီး ကျွန်မပြုံးကာ
“ငယ် .. နောင်တမရချင်ဘူး .. ” ပြောတော့ သူကျွန်မကို နားမလည်စွာကြည့်ပြီး
“ငယ် .. ကိုမင်း ကို ချစ်တယ်လို့ ဒီနေ့  မပြောခဲ့ရင် ငယ် .. နောင်တရလိမ့်မယ် .. ဒါမဲ့ .. ငယ် .. ကိုမင်းတို့ မင်္ဂလာဆောင်ကို ဖျက်စီးလိုစိတ်မရှိဘူး … ငယ် .. ကိုမင်းကိုချစ်ခဲ့တာ ကိုမင်း သိအောင်လို့ ပါ .. ” ပြောပြီး ကျွန်မခြေဖျားများထောက်ကာ ကိုမင်း နားနားသို့ တိုးကာ .. …  …. ….. …. ….. …. …. ။
xxxxxxxxxx                  xxxxxxxxxxxx                xxxxxxxxxxx
မင်္ဂလာဆောင်ပြီးဆုံးကြောင်း ကြော်ငြာပြီးသည့်အချိန်တွင် လက်ခုပ်တီးသံများ အခမ်းအနားပွဲလေးတွင် ပြည့်နှက်လို့ နေသည်။ အပေါက်ဝတွင် ရပ်ကာ ကျွန်မ တွေဝေနေမိသည်။ ဒီဘောင်လေးကိုကျော်ပြီးသွားရင် ကျွန်မပြန်ဝင်လို့ မရတော့ချေ။ တွေဝေနေဆဲ .. ရုတ်တရက် အထိအတွေ့ ကြောင့် ကြည့်မိတော့ ကမ်းလှမ်းလာသော လက်တစ်စုံ .....   ကျွန်မပြုံးကာ  .........… ။
April
18.09.2011 (7:20 PM)
No comments:
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်