အဖြူရောင် မှတ်တမ်း
ကျွှန်တော့်ဆိုင်လေး၏ အလယ်တည့်တည့်တွင် ဓာတ်ပုံတစ်ပုံကို ချိတ်ထားသည်။ ထိုဓာတ်ပုံသည် သာမန်မျှသာဖြစ်သည်။ တစ်ခြားဓာတ်ပုံများလို ဘာအရောင်မှ ခြယ်လိမ်းထားခြင်းမရှိသော် အဖြူသက်သက် ပုံတစ်ပုံသာဖြစ်သည်။ သို့ သော် ဓာတ်ပုံထဲတွင် ကောင်မလေးသုံးယောက် လှပစွာပြုံးကာ တစ်ယောက်လက်ကိုတစ်ယောက် မြဲမြဲဆုပ်ကိုင်ထားကြသည်။
xxxxxxxxxxxxxxxxxxxxxx  xxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxx
အရင်လတွေထက်စာရင် ဒီလမှာတော့ လာလူ ပါးလှသည်။ ငယ်ငယ်လေးကတည်းက ဓာတ်ပုံရိုက်ဝါသနာ ပါသောကြောင့်  ကျောင်းပြီးသည့်ချိန်မှာတော့ ဝါသနာတူ သူငယ်ချင်းများစုကာ ဓာတ်ပုံဆိုင်ကလေးတစ်ဆိုင်ကို ၂၃ လမ်းတွင်ဖွင့်ဖြစ်ခဲ့ကြသည်။ မတ်လလောက်တွင် ကျောင်းများပိတ်ပြီဖြစ်သဖြင့် ကျောင်းသူကျောင်းသားများစုကာ အလှဓာတ်ပုံလာရိုက်သောကြောင့် ဆိုင်တွင်လူမပြတ်ရှိနေတတ်သည်။ ဧပြီ ရောက်ချိန်မှာတော့ သင်္ကြန်အတွက် ဓာတ်ပုံရိုက်ပေးရန် လာလာခေါ်သော လူငယ်များကြောင့် နားချိန်မရှိခဲ့။ ဇွန် ဇူလိုင် ကျောင်းဖွင့်ချိန် လများတွင်လည်း ဓာတ်ပုံရိုက်သူများနှင့် ပြည့်နှက်နေတတ်သည်။ ကျန်သည့်လများမှာတော့ အထိုက်အသင့်ဆိုပေမဲ့ အောက်တိုဘာ နိုဝင်ဘာ လများတွင်တော့ ဓာတ်ပုံရိုက်သူသည် တော်တော်လေးရှားလှသည်။ တစ်ခါတစ်ခါ တစ်ချို့ ရက်များတွင် ဈေးဦးတောင်မပေါက်ဘဲ ရှိနေတတ်သည်။
ဒီနေ့ ကတော့ ကျန်တဲ့နေ့ များနှင့်မတူ မနက်မိုးလင်းကတည်းက ပိုလို့ အေးစိမ့်စိမ့်ဖြစ်နေသလိုလို .. ပြက္ခဒိန်ကြည့်လိုက်တော့ နိုဝင်ဘာ ၃၀ဆိုပါလား ဒီနေ့ ပြီးလျှင် ဒီဇင်ဘာရောက်ပြီ တစ်လဆိုတစ်လ အကုန်မြန်လိုက်ခြင်း မကြာခင်မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်တစ်နှစ်ကုန်တော့မည်။ နှစ်ကုန်လျှင် များလိုက်မယ့်အလုပ်အတွက်တွေးမိကာ လူတောင်နည်းနည်းပူနွေးနွေးဖြစ်သွားသည်။ ထို့ နောက် ဆိုင်ကလေးသို့ သွား၍ ဆိုင်ဖွင့်ရန် စီစဉ်ရတော့သည်။ လာလူနည်းသော ဒီလိုလများတွင် ဆိုင်တွင် တစ်ယောက်လောက်ရှိလျှင်ပင်လုံလောက်ပြီဖြစ်သောကြောင့် တစ်ယောက်တစ်ပတ် ဆိုင်ထိုင်ကြခြင်းဖြစ်ရာ ဒီတစ်ပတ် ကျွှန်တော်ထိုင်ရမည့်အလှည့်ဖြစ်သည်။ ထုံးစံအတိုင်း ဆိုင်ဖွင့်ပြီးသည်နှင့် ဘေးနားရှိ လက်ဖက်ရည်ဆိုင်သို့ ပြေးကာ လက်ဖက်ရည်တစ်ခွက် မုန့် ဟင်းခါးတစ်ပွဲမှာကာ ဗိုက်ဖြည့်လိုက်သည်။ နောက် စားပွဲထိုးလေးခေါ်ကာ ပိုက်ဆံရှင်း၍ ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့တော့သည်။
“ဓာတ်ပုံရိုက်ချင်လို့ ”
“ဟုတ်ကဲ့ အထဲဝင်ပါ”
“မဟုတ်ဘူး … တကယ်ရိုက်လို့ ရမရသိချင်တာ”
“ဟုတ်ကဲ့ .. ရပါတယ် .. အထဲကိုဝင်လာခဲ့ပါ”
“မဟုတ်ဘူးနော် …ဓာတ်ပုံရိုက်မှာ”
ခက်တော့ ခက်တော့တာပဲ ဒီကလေးမနဲ့ တော့ ဓာတ်ပုံရိုက်ဖို့ အထဲဝင်ပါဆိုမှ “ဘူး”ကိုအပြတ်ငှားကာ အခုထိ တစ်ယောက်ကအပြင်မှာ တစ်ယောက်ကဆိုင်ထဲမှာ အော်ပြောနေကြသည်။ နောက် သူမကပင်စ၍
“ဟို .. ဓာတ်ပုံက ရိုးရိုး ဓာတ်ပုံမဟုတ်ဘူးနော် .. ဟိုလေ ဘောင်တွေဘာတွေနဲ့  ရိုက်ချင်တာရမလား မသိဘူး”
“ဟုတ် .. ရပါတယ်ခင်ဗျာ”
“ဒါဆို .. ခဏ” ဆိုပြီး ဆိုင်ရှေ့ မှထွက်ကာ မျက်စောင်းထိုးတွင် ကွက်ကြည့်ကွက်ကြည့်လုပ်နေသော ကောင်မလေးနှစ်ယောက်ဆီသို့ သွားကာ လက်ဟန်ခြေဟန်တွေနှင့်ရော တစ်ယောက်ထဲရှုပ်ယှက်ခပ်ကာ နေတော့သည်။
ခဏအကြာတွင် ဆိုင်ထဲသို့ ကောင်မလေးသုံးယောက်လုံးဝင်လာသည်။ ကောင်မလေးတွေကြည့်ရသည်မှာ အသက် ၁၄ ၁၅ ဝန်းကျင်လောက်သာရှိဦးမည်နှင့်တူသည်။ မျက်မှန်မလေးက သူ့ ဘေးနားတွင်ရပ်နေသော တရုတ်မလေးကို တို့ ကာ မေးငေါ့ပြသည်။ နောက် တရုတ်မလေးက
“ဦးလေး .. ရိုးရိုးမဟုတ်ဘူးနော်”
အဲ .. စခေါ်ကတည်းက ဦးလေးတဲ့ ကျွှန်တော့်အသက် အခုမှ ၂၄နှစ် ဦးလေးခေါ်ခံရတော့ လူကနည်းနည်းတော့ ရိုန်းတိန်းတိန်းဖြစ်သွားသည်။ ထို့ နောက် ရိုးရိုးမဟုတ်ဘူးဆိုသော နောက်ဆက်စကားကြောင့် ဘယ်နေရာများ ခပ်ဆန်းဆန်းနေလို့ လဲ ဆိုပြီး အသာလေး အထက်အောက် ကိုယ့်ကိုယ်ကို ပြန်ကြည့်ပြီး ရုက်ကိုးရုက်ကန်းနှင့် သူမတို့ သုံးယောက်ကို တစ်ချက်ရယ်ပြလိုက်သည်။ ထိုသည်ကို တရုတ်မလေးက ဘယ်လို သဘောပေါက်သည်မသိ ခေါင်းကိုဆက်ကာဆက်ကာငြိမ့်နေတော့သည်။ ကျန်ကောင်မလေးနှစ်ယောက်ကလည်း တရုတ်မလေးနှင့်အတူ ခေါင်းတငြိမ့်ငြိမ့်နှင့် ကျွှန်တော်လည်း သူတို့  သုံးယောက်ကိုကြည့်ပြီး ယောင်တောင်တောင်နှင့် ခေါင်းလိုက်ငြိမ့်မိသည်။ ခဏကြာတော့ မျက်မှန်မလေးက
“ဒါဆို နံပါတ်ရွေးမယ်လေ” ဆိုသောကြောင့် ကျွှန်တော်ကြောင်သွားသည်။ အဆက်အစပ်မရှိသောစကားများ ပထမဆုံး တရုတ်မလေးက ရိုးရိုးမဟုတ်ဘူး .. နောက် မျက်မှန်မလေးက နံပါတ်ရွေးမယ်တဲ့ .. ဓာတ်ပုံဆိုင်နှင့် ထီဆိုင်မှားများဝင်လာကြလားမသိဘူး စိတ်ထဲကတွေးမိရင်း သူမတို့ သုံးယောက်ကိုကြည့်မိသည်။ ဆိုင်ထဲဝင်လာကတည်းက ဆိုင်တစ်ဆိုင်လုံးက အမိုးကြည့်လိုက် ကြမ်းကြည့်လိုက်နှင့် တစ်ယောက်ထဲအလုပ်များနေသော အပေါ်အောက်ဝမ်းဆက်နှင့်ကောင်မလေးကတော့ ကျွှန်တော့်ကို တစ်ချက်လှမ်းကြည့်ကာ ပြုံးလျက်
“ဦးလေး ပေါက်လားမသိဘူး”
လာပြန်ပြီ နောက်တစ်ယောက် အစမရှိ အဆုံးမရှိ နဲ့ ဘာကို ပေါက်ရမည်လဲမသိ။ လူသုံးယောက် စကား သုံးခွန်း နှင့်တင် ကျွှန်တော့်မှာ ထိုင်ငိုချင်လာသည်။ ဒီအလုပ်လုပ်လာတဲ့ ၄နှစ်အတွင်းတွင် အခုလို လေချွေတာသော customer များကို တစ်ခါမှမတွေ့ ဘူးချေ။ သို့ သော် သူမသုံးယောက်လုံး၏ မျက်နှာတွင် ပြောင်ချော်ချော် စနောက်သည့်အမူအရာမျိုးလုံးဝမတွေ့ ရချေ။ တကယ့် သဘောရင်းဖြင့် မေးသည့်ပုံများသာဖြစ်သည်။ ကြည့်ရတာ သုံးယောက်လုံး အင်မတန်အေးသော လူများဖြစ်မည်ဟု စိတ်ထဲတွင် ကောက်ချက်ချကာ သက်ပြင်းတစ်ချက်ချလိုက်သည်။
“ကဲ .. ရှင်းအောင်ပြောကြပါဦး .. မင်းတို့ ပြောတာတွေကလည်း အရင်းမရှိ အဖျားမရှိနဲ့ ” ဆိုတော့မှ သုံးယောက်လုံး လှုပ်တုတ်တုတ်ဖြစ်သွားပြီး
“ငါတို့ ပြောတာ ရှင်းရှင်းလေးကို အဲဒီ့ဦးလေးကြီးက နားလည်းမလည်ဘူး” မျက်မှန်မလေးရဲ့စကားကို တရုတ်မလေးကထောက်ခံသည့်ပုံမျိုးဖြင့်ခေါင်းငြိမ့်ပြသည်။ ဝမ်းဆက်မလေးကတော့ သူနှင့်မဆိုင်သလို မျက်နှာကြက်ကိုကြည့်ကာနေသည်။ ကျွှန်တော်လည်း ခေါင်းတချက်ကုတ်ကာ
“မဟုတ်ဘူးလေ .. ဒီက ငါ့ညီမတို့ ရှင်းပြတာက အရမ်းရှည်လွန်းတဲ့အခါ အစ်ကိုက လိုက်မမှီဘူးဖြစ်သွားတာ” … ရယ်ကျဲကျဲပြောတော့ မျက်မှန်မလေးက နှုတ်ခမ်းဆူကာ
“ဓာတ်ပုံရိုက်ချင်လို့  .. ဒါပေမဲ့ ရိုးရိုး ဓာတ်ပုံမဟုတ်ဘူး .. အလှဓာတ်ပုံလည်းမဟုတ်ဘူး ”
“အဲ .. ဒါဆို ဘယ်လိုဓာတ်ပုံမျိုးရိုက်ချင်တာလဲ ”
“sticker လပြည့်ဝန်းမှာ ရိုက်သလိုမျိုး sticker ရိုက်ချင်လို့ ”
“အော် ..” အခုမှ သူတို့ ပြောတာ ကျွှန်တော် သဘောပေါက်တော့သည်။ သူမတို့ ပြောသော ရိုးရိုးမဟုတ် နံပါတ်ရွေးမည်ဆိုတာ။ ကျွှန်တော်တို့ လပြည့်ဝန်းတွင် ဓာတ်ပုံရိုက်သည့်အခါ စာအုပ်ထဲတွင် ဓာတ်ပုံနောက်ခံနှင့် ဘောင်များကို နံပါတ်များပေးထားလေ့ရှိသည်။ အဲဒီ့ထဲမှ ကြိုက်တဲ့ ပုံစံတွေ့ လျှင် နံပါတ်မှတ်၍ ဓာတ်ပုံဆရာကိုပြောကာ ရိုက်နိုင်သည်။ အခုခတ် sticker photo များမှာ တော်တော်လေးခေတ်စားလာသည်။ ထို့ ပြင် သာမန်ဓာတ်ပုံများထက် ဈေးသက်သာသည်ကတစ်ပိုင်း ချက်ချင်းရိုက် ချက်ချင်းရသည်က တစ်ပိုင်းကြောင့် လူငယ်များကြားတွင် ရေပန်းစားလျက်ရှိသည်။
“အစ်ကိုတို့ ဆိုင်မှာ ညီမတို့ ရိုက်ချင်တဲ့ sticker တော့ရိုက်လို့ မရဘူး .. ဒါပေမဲ့ sticker လိုပုံစံမျိုးတို့ ရိုက်လို့ ရတယ်”  .. ကောင်မလေးသုံးယောက်တစ်ယောက်ကို တစ်ယောက်ကြည့်ကာ ဘယ်လိုလဲ ဆိုပြီး မေးငေါ့နေကြသည်။ ကျွှန်တော်လည်း ဆိုင်တွင် နမူနာရိုက်ထားသော ဓာတ်ပုံများကိုထုတ်ပြတော့ သူမတို့ သုံးယောက် စိတ်ဝင်တစားကြည့်နေကြသည်မှာ ကလေးများ ကာတွန်းကားကြည့်နေသလိုပင်။ ထို့ နောက် ဝမ်းဆက်မလေးက
“ငါကတော့ အိုကေတယ် နင်တို့ ရော” ကျန်တဲ့ ကောင်မလေးနှစ်ယောက်ကလည်း ခေါင်းငြိမ့်ကာ မဆိုးပါဘူး ဒါမျိုးပဲရိုက်တာပေါ့ ဆိုပြီး ၁၂ ပုံတွဲကို ယူကာ သူမတို့ စိတ်တိုင်းကျ ဘောင်များရွေး၍ ဓာတ်ပုံရိုက်ရန် အပေါ်ထပ်သို့ တပ်လာခဲ့တော့သည်။
“ကဲ .. ဘယ်သူအရင်စရိုက်မှာလဲ” ကျွှန်တော့်အမေးကို တစ်ယောက်မှမဖြေချေ။ ထို့ နောက် နင်အရင်သွား .. နင်အရင်သွားဟာ ဆိုပြီး စကားသံသဲသဲကြားလိုက်ပြီး တရုတ်မလေးထွက်လာသည်။
ကင်မရာရှေ့ တွင် သတိအနေအထားကိုဆွဲပြီး အပြုံးအရယ်မရှိ မျက်နှာသေဖြင့် ကင်မရာကိုကြည့်နေသည်။ ကျွှန်တော်တော်တော်လေး စိတ်ညစ်သွားသည်။ ဘယ့်နှယ် အတန်းထဲတွင် နိုင်ငံတော်သီချင်းဆိုမည့်အလား ကျောက်ရုပ်သဖွယ် တောင့်တောင့်ကြီးရပ်ကာနေသော သူမကို အနောက်က သူငယ်ချင်းမ နှစ်ယောက်ကတော့ “တခွီးခွီး” နှင့်ကြည့်ကာ ရယ်နေတော့သည်။ ကျွှန်တော် ခေါင်းတစ်ချက်ကုတ်ကာ “အဲလိုမျိုးတောင့်တောင့်ကြီးမနေနဲ့  .. နည်းနည်းလောက်ပြုံးပါလား” ဆိုတော့ သူမက မျက်လုံးကြီးပြူးကာ သွား ၃၂ ချောင်းလုံးပေါ်အောင် ပါးစပ်ကြီးဖြဲပြသည်။ ထို့ နောက် ယိုင်တဲယိုင်တဲနှင့် .. သူမ ပုံမှာ ဓာတ်ပုံရိုက်နေသည်နှင့်မတူ ရှေ့ တွင် သရဲ ဘီလူးဝင်စီးနေသလိုလို။ အစောတုန်းက တဟီးဟီး ရယ်နေသော နှစ်ယောက်ပင် အသံမထွက်နိုင် တစ်ယောက်လက်တစ်ယောက်ကိုင်ကာ အပေါက်ဝတွင် အသင့်နေရာယူထားကြသည်။
“အဲလို မျက်လုံးကြီးအရမ်းပြူးမထားနဲ့ လေ .. ” ဆိုတော့ သူမက “ ဦးလေးကလည်း သမီးကရယ်လိုက်ရင် မျက်လုံးပိတ်ပိတ်သွားတာ အဲဒါ မျက်လုံးမပေါ်မှာစိုးလို့  .. မြန်မြန်ရိုက်စမ်းပါ ဦးလေးကလည်း ပြူးတာရော ရယ်တာရော ညောင်းလာပြီ” သူ့ ဘာသာသူကျတော့လည်း ဟုတ်သလိုလို ဒါပေမဲ့ ဒီလိုပုံကြီးတော့ ရိုက်လို့ မဖြစ် နောက်ဆုံးတွင် “ကဲ အဲဒါဆိုရင်လည်း ပုံမှန်အတိုင်းပဲနေ” ဆိုတော့ လက်နှစ်ဖက်ဘေးတွင်ကပ်ကာ သတိအနေအထားပြန်ရောက်သွားတော့သည်။ အစောတုန်းက ပြူးဖြဲနေတာထက်စာရင် ဒီပုံကအများကြီးတော်သေးတာပေါ့ဆိုပြီး ခပ်မြန်မြန်လေးရိုက်လိုက်သည်။
“ပြီးပြီ .. နောက်တစ်ယောက်” ကင်မရာရှေ့ မှ တရုတ်မလေး ထသွားပြီး ဝမ်းဆက်မလေးရောက်လာသည်။ သူကျတော့ တစ်မျိုး .. ဓာတ်ပုံရိုက်ပါမယ်ဆိုမှ ကင်မရာကိုမကြည့်ပေ။ ရိုက်လိုက်သမျှ မျက်လုံးများက တောင်ကြည့်ရင်ကြည့် မကြည့်ရင် မြောက်ကိုကြည့်နေတတ်သည်။ ရယ်ဆိုတော့ သူများတွေလို အသာလေး ပါးစပ်လေးဟရုံလောက် ရယ်သည်မဟုတ် အသံကြီးထွက်ကာ တဟီးဟီး နှင့် တကိုယ်လုံး တဆတ်ဆတ်တုန်နေသည်မှာ နတ်ဝင်နေသလားမှတ်ရသည်။ “ဟူး” လေပူများမှုတ်ထုတ်ကာ နတ်ပွဲသိမ်းဖို့  မြန်မြန်လေး ကင်မရာကို ချိန်လိုက်တော့သည်။
နောက်ဆုံး မျက်မှန်မလေးကျတော့ တစ်ယောက်ထဲရိုက်ရမှာ အူကြောင်ကြောင်နိုင်လို့ အရုပ်တွေ ဘာတွေမရှိဘူးလားဆိုပြီး အရုပ်တစ်ရုပ်ပြီးတစ်ရုပ်ထိုင်ရွေးနေသည်မှာ နာရီဝက်လောက်ရှိပြီဖြစ်သည်။ အနောက်မှာ ရပ်နေသော သူငယ်ချင်းနှစ်ယောက်ကလည်း ဝိုင်းမရွေးပေးဘဲနဲ့  ကြောင်တောင်တောင်နှင့် ရပ်ကြည့်နေကြသည်။ နောက်ဆုံး အဖြူရောင်ဝက်ဝံရုပ်ကလေးကိုရွေးကာ ရိုက်ရန်စတင်တော့သည်။
“ရိုက်ပြီ .. ၁ ..၂ ..  ”
“ခဏ ခဏ .. မျက်မှန်ချွတ်ရင်ကောင်းမလားဟင်”
“ရပါတယ် .. ကိစ္စမရှိပါဘူး”
“အင်း .. ”
“ဒါဆို ပြန်စမယ် .. ၁ .. ၂ ..  ”
“ခဏလေး .. ဒီအရုပ်နဲ့ ဆိုရင် လူကပေါ်ပါ့မလားဟင် .. အရုပ်ကအရမ်းဖြူနေမလား”
“စိတ်ချပါ .. အဆင်ပြေအောင် အစ်ကိုလုပ်ပေးပါ့မယ်”
“ဟုတ်”
“စမယ်နော် .. ၁ .. ၂ .. ”
“ရပြီ ဦးလေး .. ”
“အိုကေ .. စမယ် .. ၁ .. ၂ ..”
“ခဏ .. ထိုင်ရင်ကောင်းမယ်နဲ့ တူတယ် .. အစောတုန်းကသူတို့ တွေ ရိုက်တုန်းက မတ်တပ်ရပ်ပြီးရိုက်တာ ထပ်နေရင်မကောင်းဘူး .. ထိုင်ခုံမရှိဘူးလားဟင်” ဆိုပြီး ကိုယ်တိုင်မေး ကိုယ်တိုင် ထရှာကာ ကင်မရာရှေ့ သို့  ထိုင်ခုံဆွဲယူလာပြီး ထိုင်ချကာ
“ရပြီ .. ရိုက်တော့ ဦးလေး” ကျွှန်တော်တော်တော်လေး ညစ်သွားသည်။ ဘယ်လိုကောင်မလေးတွေမှန်းမသိ တစ်ယောက်တစ်မျိုး တော်တော်လည်း တတ်နိုင်ကြသည်။ အခုလည်း ရိုက်လို့ ရပြီဆိုပြီး ခုံပေါ်တွင် ခါးကြီးအတင်းမတ်ကာ အရုပ်ကတစ်ဖက် အားနေတဲ့ လက်နောက်တစ်ဖက်က V ပုံထားပြီး ကီုးရီးယား စတိုင် နူတ်ခမ်းတစ်ခြမ်းရွဲ့ ၍ ခပ်မိုက်မိုက်ရယ်ပြနေသည်။ တစ်ခါ တစ်ခါ “ခွီ ခွီ” ဆိုပြီး အသံကထွက်လာသေးသည်။ မသိတဲ့လူတွေကတော့ လေတစ်ပိုင်းဖြတ်နေသည်ဟု ထင်ကြမည်ဖြစ်သည်။ သူမကတော့ ကြည့်ကောင်းသည်ထင်လားမသိ မျက်နှာတောင် တစ်ခြမ်းစောင်း၍ နေလိုက်သေးသည်။ သူမ၏ သူငယ်ချင်းများကလည်း လက်မတွေ အနောက်ကထောင်ကာ အားပေးနေကြသည်။ ဒါတောင်မှ တစ်ယောက် ၄ ပုံနှုန်း နှင့် ၁၂ ပုံပဲရိုက်လို့  ဖလင်တစ်လိပ်လုံးသာဆိုရင်တော့ ခေါင်းကို “တဗြည်းဗြည်း” မြည်အောင် ကျွှန်တော် ကုပ်လိုက်မိတော့သည်။
တစ်ယောက်ချင်းစီ ရိုက်ပြီးပြီဆိုတော့ ၃ယောက်တွဲရိုက်ဖို့  အရှေ့ ကို သုံးယောက်လုံး ထွက်လာခိုင်းတော့ တစ်ယောက်က သတိအနေအထား နောက်တစ်ယောက်က လူကရှေ့ တည့်တည့် မျက်လုံးကတော့ မျက်နှာကြက်ပေါ်တွင် နောက်ဆုံးတစ်ယောက်ကျတော့ အခုထိ နူတ်ခမ်းတစ်ဖက်ရွဲ့ ကာ V နေတုန်း .. ။
“နည်းနည်းလေးပြုံး .. အရမ်းကြီးမဟုတ်ဘူး” ဆိုတော့ သုံးယောက်သား မချိမဆန့် ပြုံးနေကြသည်မှာ ဗေလုဝ ပင် ဆရာအော်ခေါ်ရမည်။ ကျွှန်တော့် ဓာတ်ပုံဆရာသက်တမ်းတစ်လျှောက် ဒီလို အမူအရာမျိုး နောက်တစ်ယောက်ကို ခေါ်၍ခိုင်းရင်တောင်ရမည်မဟုတ် .. ခပ်ရှည်ရှည် အသက်တစ်ချက်ရှူလိုက်ကာ
“ဒါနဲ့  ဒီနေ့ က ထူးထူးခြားခြားနေ့ မို့ လို့ ဓာတ်ပုံလာရိုက်ကြတာလား”
“ဟုတ် ဒီနေ့ က သမီးတို့ ရဲ့ မွေးနေ့ မို့ လို့  .. အမှတ်တရဓာတ်ပုံလာရိုက်ကြတာ” မျက်မှန်မလေးရဲ့ အဖြေကို ကျွှန်တော်အံ့သြကာ
“သုံးယောက်လုံး တစ်ရက်ထဲ မွေးကြတာတွေလား” မေးတော့ သုံးယောက်လုံးပြုံးကာ ဘာစကားမှ ပြန်မပြောကြချေ။ ခဏအကြာဝမ်းဆက်မလေးက
“ဦးလေး လှလှလေးရိုက်ပေးနော် .. ဒါ သမီးတို့ သုံးယောက်စလုံး ပထမဦးဆုံးအကြိမ် အတူတူတွဲရိုက်တာမို့ လို့  .. ” ပြုံးကာ သူမပြောနေသော်လည်း သူမ၏အပြုံးသည် တစ်ခုခုကို ထိန်းချုပ်ထားသလိုလို ကျွှန်တော်နားမလည်ပေ။ ကျွှန်တော်ခေါင်းတစ်ချက်ငြိမ့်ကာ ..
“ကဲ .. ရိုက်မယ် .. ၁ .. ၂ .. ၃”
“ဖလပ်” မျက်စိကျိန်းလောက်အောင် မီးအဖြူတစ်ချက်ပွင့်သွားသည်။
xxxxxxxxxxxxxxxxxxxxxx  xxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxx
သုံးရက်အကြာ ဓာတ်ပုံရွေးရန် ဝမ်းဆက်မလေးနှင့် တရုတ်မလေးရောက်လာကြသည်။ သူတို့ ဘောက်ချာပြတော့ ကျွှန်တော်လည်း ဓာတ်ပုံအိတ်ကလေးလှမ်းပေးကာ
“နှစ်ယောက်ထဲလား .. မျက်မှန်လေးမပါဘူးလား”
“ဟုတ် .. သူ မနေ့ ကဆုံးသွားပြီ” နှစ်ယောက်လုံး ဓာတ်ပုံများထုတ်ကြည့်ကာ
“ကြည့်စမ်း .. ဒီပုံရယ်ရတယ် .. အဟီး .. ဒီပုံက သူ ခုံနဲ့ ရိုက်မယ်ဆိုပြီး ရိုက်တဲ့ပုံမဟုတ်လား” တခစ်ခစ်ရယ်နေသော ကောင်မလေးနှစ်ယောက် သူတို့ ၏ မျက်နှာပေါ်တွင် မျက်ရည်များကတော့ ဟန်ဆောင်မူမရှိ အတိုင်းသားစီးကျလာတော့သည်။
April
29.07.2011 (05:56 PM)
2 comments:
ရွှေပြည်သူ (ShwePyiThu) said...
ဇာတ်လမ်းအဆုံးမှာ အကြွေစောတဲ့ ပန်းလေးတစ်ပွင့်အတွက် စိတ်မကောင်း ဖြစ်ရပါတယ်...။ လာလည်စာဖတ်သွားတာလည်း ကျေးဇူးပါ April ရေ...
April said...
မရွှေပြည်သူ --> ဧပ၇ယ်ကလည်း ကျေးဇူးတင်ပါအိ .. မန့် မန့် အတွက်ရော .. ဝတ္ထုလေးဖတ်ပေးသွားတဲ့အတွက်ရော .. ^^
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်