၁၄နှစ်ဆိုတဲ့အရွယ်က စိတ်ကစားသေးတဲ့အရွယ်တဲ့လား .. ကျွန်မသဘောကျစွာရယ်လိုက်မိသည်။ ကျွန်မ စိတ်ကစားတာလား .. မကစားတာလား သေချာမသိပေမဲ့ .. သူ့ ကိုတော့ ကျွန်မခင်မင်မှုတွေပိုခဲ့သည်ကတော့ သေချာခဲ့သည်။
၅နှစ်ဆိုတဲ့ အသက်ကွာခြားမှုကြောင့်သူက ကျွန်မထက်ပိုပြီး ရင့်ကျက်သည် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ အမြဲလိုလို ညီမတစ်ယောက်လို စောင့်ရှောက်တတ်ပြီး အကြံအဥာဏ်တွေပေးတတ်တဲ့သူ့ ကို ကျွန်မက “ကိုမင်း” လို့ အများခေါ်သလိုခေါ်ပြီး သူကလည်း ကျွန်မကို “ငယ်လေး” လို့  အိမ်ကခေါ်သလိုခေါ်တတ်သူဖြစ်သည်။ မောင်နှမ သုံးယောက်အနက် သူက အလတ် .. အစ်မတစ်ယောက် ညီတစ်ယောက်ရှိသည့် သူသည် ကျွန်မကိုလည်း မောင်နှမလိုပင်ဆက်ဆံခဲ့သည်။ ကိုမင်းရဲ့ညီ ရဲမြတ်နှင့် ကျွန်မမှာ အသက်ကလည်းရွယ်တူမို့ လို့  ညီမတစ်ယောက်လိုမြင်သည့် သူ့ ကို ကျွန်မအပြစ်မတင်ပါ။ အပြစ်တင်မည့်တင် ကိုမင်းနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ ကျွန်မရဲ့ ခံစားချက်ကိုပင် တင်သင့်သည်။
“ငယ် .. ” ခေါ်သံကြားလှည့်ကြည့်မိတော့ ရဲမြတ် လက်ပြကာ ကျွန်မကိုလှမ်းခေါ်နေခြင်းဖြစ်သည်။
“ဘာလဲ ” ခပ်ဆောင့်ဆောင့်မေးတော့ ..
“အိမ်မှာ စနေ .. မုန့် လုပ်စားမလို့  .. နင်တို့ မိသားစုကိုသွားပြောဆိုလို့ လာတာ ” စပ်ဖြီးဖြီ ပြန်ဖြေသော ရဲမြတ်ကို မျက်စောင်းထိုးကာ
“မေမေတို့ ကိုပြောလိုက်မယ် .. ” ပြောပြီး လှည့်ထွက်လာခဲ့သည်။