Sunday, 26 June 2011

   
    
     

အချစ်ဦး

ဒီနေ့ သူငယ်ချင်းတစ်ယောက်က ကျွှန်မကိုမေးခွန်းလေးတစ်ခုမေးခဲ့တယ် .. နင့်ရဲ့အချစ်ဦးက ဘယ်သူလဲတဲ့။ “အချစ်ဦး” ဆိုတာ ဘာကိုသတ်မှတ်ပြီးခေါ်တာလဲ ကျွှန်မသူ့ကိုပြန်မေးတော့ သူက ပထမဆုံးရင်ခုန်ခဲ့တဲ့သူကို အချစ်ဦးလို့ခေါ်တာတဲ့။ နောက်တစ်ယောက်ကကျတော့ နင် “ချစ်တယ်” လို့ပထမဆုံးပြောဖူးတဲ့သူ .. ။ နောက်ဆုံးတစ်ယောက်ကျတော့ နင့်ကို “ချစ်တယ်”လို့ ပထမဆုံးပြောတဲ့သူ .. ။ သူတို့တွေ ပြောနေကြတာကိုကြည့်ပြီး ကျွှန်မပြုံး၍စဉ်းစားမိသည် .. ဘယ်သူက ကျွှန်မရဲ့ အချစ်ဦးများလဲ .. ။


ပထမ သူငယ်ချင်းပြောသလို ကျွှန်မ ပထမဆုံးရင်ခုန်ခဲ့တဲ့သူ ...

အိမ်ရှေ့အိမ်က အစ်ကိုကြီးပင်ဖြစ်သည်။ မှတ်မှတ်ရရ ကျွှန်မ သူ့ကို စတွေ့တာ bio ကျက်နေတဲ့အချိန်။ အိမ်ရှေ့တွင် ရုတ်တရက် ရပ်လာသော ကားပြာလေးကို ကျွှန်မငေးလို့ကြည့်မိသည်။ ထို့နောက် ကားရှေ့ခန်းမှ ထွက်လာသော သူ … အရပ်ရှည်ရှည် .. အသားဖြူဖြူ .. ဆံပင်ကို သူ့မျက်နှာဘဲဥပုံနဲ့လိုက်အောင် မတိုမရှည် ညှပ်ထားသော သူရဲ့ပုံစံမှာ အရမ်းကြည့်လို့ကောင်းသည်။ ရှပ်အကျီ ၤအဖြူရောင်ကို quarter ဘောင်းဘီ နက်ပြာရောင် နှင့်တွဲဝတ်ထားသော သူရဲ့ပုံမှာ အရမ်းကြည့်ကောင်းသည်ထက် ပိုလို့ပိုလို့ကြည့်လို့ကောင်းသည်။ “ဒုတ် .. ဒုတ် .. ဒုတ်” ပထမဆုံးအကြိမ် ကျွှန်မ လူတစ်ယောက်ကိုကြည့်ပြီး ဒီလောက်ရင်ခုန်သံမြန်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် သူ့ကို ကျွှန်မရဲ့ “အချစ်ဦး” လို့ သတ်မှတ်ရမည်လား ..


ဒုတိယ သူငယ်ချင်းပြောသလို ကျွှန်မ “ချစ်တယ်” ပြောဖူးတဲ့သူ ...

အဲဒါဆိုရင်တော့ လွန်ခဲ့တဲ့ ၂ နှစ်က ကျွှန်မနဲ့သိခဲ့တဲ့ အစ်ကိုကြီးတစ်ယောက်။ သုံးလလောက် တစ်ယောက်နဲ့တစ်ယောက်သိခဲ့ပြီး … ကျွှန်မ သူ့ကို အဖြေပေးခဲ့သည်။ တစ်လလောက်တွဲပြီးတဲ့အချိန်မှာတော့ သဘောထားမတိုက်ဆိုင်လို့ လမ်းခွဲခဲ့ကြတဲ့ ...  သူ့ကို “အချစ်ဦး” လို့ ကျွှန်မခေါင်းစဉ်တပ်ရမည်လား ...


နောက်ဆုံး သူငယ်ချင်းပြောသလို ကျွှန်မကို “ချစ်တယ်” လို့ပထမဆုံးပြောတဲ့သူ ...

အိမ်က လူလာမကြိုသေးရင် အခန်းထဲမှာနေဆိုတဲ့ ဆရာမစကားကြောင့် ကျွှန်မအခန်းထဲမှာ ထိုင်နေမိသည်။ တစ်တန်းလုံးမှာမှ ကျွှန်မရယ် သူရယ် နှစ်ယောက်ထဲကျန်တော့သည်။ ကိုကြီးက သူ့အတန်းပြီးရင် လာခေါ်မယ်ဆိုပြီး ခုထိလာမခေါ်သေး။ ရောက်လာတော့မလား ရောက်လာတော့မလား အတန်းအပြင်ကိုငေးနေသော ကျွှန်မ ဘေးသို့သူရောက်လာသည်ကို ကျွှန်မ လုံးဝသတိမထားမိ။ သူ ကျွှန်မနာမည်ကို အသာလေးခေါ်တော့ ကျွှန်မလန့်လို့သွားသည်။ ထို့နောက် ကျွှန်မ နောက်လှည့်ကြည့်မိတော့ ဘေးမှာကပ်ကာထိုင်နေသောသူ .. သူက ကျွှန်မနား နားသို့ကပ်ကာ “ငါ .. နင့်ကိုချစ်တယ်” လို့တိုးတိုးပြောတော့ ကျွှန်မ သူ့ကိုမျက်လုံး အဝိုင်းသားနဲ့ကြောင်လို့ကြည့်နေမိသည်။ …. သူပဲလား … “အချစ်ဦး” ဆိုတာ …


Tynisha Keli ရဲ့ My First Love ဆိုတဲ့ သီချင်းနဲ့မြည်လာသော ဖုန်းလေးကိုကြည့်ပြီး ကျွှန်မပြုံးမိသည်။ ထို့နောက် ဖုန်းထဲက တစ်ယောက်သောသူက “ချစ် .. မင်းကို ကိုယ်အရမ်းချစ်တယ် … မင်းက ကိုယ့်ရဲ့အချစ်ဦးပါ” ဆိုတော့ ကျွှန်မရှက်ပြုံးတစ်ချက် ဖုန်းနောက်ကွယ်မှာပြုံးရင်း “ကို ကလည်း ချစ်ရဲ့ အချစ်ဦး …. ” လို့ပြောရင်း .. ကျွှန်မအတွက် “အချစ်ဦး” ဆိုသည်မှာ …………………………………………………………… ဖြစ်ပါတော့သည်။

                
             
  
    
   

Friday, 24 June 2011

   
    
     

Blog ချစ်သူ

ကျွှန်မ သူ့ကို စချစ်မိတာ သူ့ရဲ့ စာလေးတွေကြောင့်ပေါ့ .. သူရေးတဲ့စာလေးတွေ ကဗျာတွေက ကျွှန်မကို ပြုံးစေတယ် .. ရယ်စေတယ် .. ငိုစေတယ် .. ခံစားမှုအမျိုးမျိုးကို ပေးတယ်လေ။ ကြာလာတာနဲ့အမ ျှ သူတင်မဲ့ စာလေးတွေကို မသိမသာနဲ့စောင့်လာခဲ့မိတယ်။ သူ စာတွေ မတင်တာကြာပြီဆိုရင် နေများမကောင်းလို့လား .. အလုပ်တွေများ အရမ်းများနေလို့အချိန်များ မပေးနိုင်တော့ဘူးလား ဆိုပြီး အတွေးတွေနဲ့ပဲ ကျွှန်မစိတ်ထဲ နေလို့မကောင်းခဲ့ဘူး .. ။

ကျွှန်မ ကဗျာတွေစာတွေကို ကြိုက်လည်းမကြိုက် .. ခံလည်းမခံစားတတ်ပေ။ ကျောင်းတုန်းကဆို ကျွှန်မအမုန်းဆုံးဘာသာမှာ မြန်မာစာပင် .. စာအုပ်ပါးပါးလေးနဲ့ တော်တော် အရစ်ရှည်သည်ဟု ကျွှန်မထင်မိသည်။ ကိုးတန်းတုန်းက ကျွှန်မဘေးတွင် ထိုင်သော သူငယ်ချင်းတစ်ယောက်က ကဗျာစာအုပ်ထုတ်မလို့ဆိုပြီး .. သူရဲ့ကဗျာတွေကို အတင်းဖတ်ခိုင်းလေ့ရှိသည်။ ကျွှန်မအတွက်တော့ သူ့ကဗျာဖတ်မဲ့အစား ပီကေ “တ..ဗြစ်ဗြစ်” ဝါးတာကမှ အဓိပ္ဗါယ်ရှိဦးမယ်ဟုတွေးမိသေးသည်။ အိမ်တွင် သတင်းစာဝယ်သော်လည်း တစ်လနေလို့တစ်စောင်မဖတ်ဖြစ် … သတင်းစာဆိုလ ျှင် ပိဿာနှင့်ရောင်းစားမယ် .. ရတဲ့ ပိုက်ဆံကို မုန့်ဝယ်စားဖို့သာ ဆိုင်းပြင်နေတတ်သော ကျွှန်မ .. ခုတော့ သူ့ရဲ့စာတွေကို ဖတ်ဖို့စောင့်နေတယ်ဆိုတော့ ရယ်တော့ရယ်စရာကောင်းသား .. ။

ကျွှန်မ ဆယ်တန်းပြီးတော့ နိုင်ငံခြားမှာ ကျောင်းသွားတက်ဖြစ်ခဲ့သည်။ အစပိုင်းကတော့ နေရာသစ်ဆိုပြီး ပျော်ပေမဲ့ .. ကြာလာတော့ အင်္ဂလိပ်သီချင်းတွေအစား .. မြန်မာသီချင်းလေးတွေနားထောင်ချင်လာတယ် .. တီဗွီ ဖွင့်တိုင်း စိတ်ဝင်စားစရာတွေလာနေပေမဲ့ မြဝတီက ၇ နာရီဆိုရင် မိနစ် ၂၀လောက် ဝင်တဲ့ကြော်ငြာတွေကိုပဲ သတိရသလိုလိုနဲ့ …  HOME SICK ဆိုတဲ့ပိုးက ဘယ်ကမှန်းမသိဝင်လာတော့သည် ။ ကျောင်းမှာ သူငယ်ချင်းတွေနဲ့တွေ့တော့ အိမ်ကိုလွမ်းတဲ့အကြောင်း မြန်မာပြည်ကိုပြန်ချင်တဲ့အကြောင်းတွေပြောပြတော့ .. သူငယ်ချင်းတွေက ကျွှန်မလို အဝေးရောက်နေတဲ့လူတွေ အများကြီးပဲရှိကြောင်း .. သူတို့လည်း ဒီလိုပဲ သည်းခံပြီး ကိုယ့်အောင်မြင်မူအတွက် တိုင်းတစ်ပါးမှာနေကြရတာပဲ ဆိုပြီး ကျွှန်မကိုအားပေးခဲ့ကြတယ်။ ဒါပေမဲ့ .. ကျွှန်မကတော့ အိမ်လေးကို လွမ်းမြဲလွမ်းဆဲပင် .. ။

စနေ .. တနင်္ဂနွေ ပိတ်ရက်ကလေးတွေမှာတော့ ကျွှန်မတို့လို အိမ်လွမ်းသူတွေ စုကာ ချက်ကြ ပြုတ်ကြ သည်မှာပျော်စရာကောင်းလှသည်။ ကိုယ့်ရွာ ကိုယ့်ပြည်လေးကို ပြန်ရောက်နေသလို ပင် .. ။ ဒီတစ်ပတ် ကြက်သားသုတ်စားမယ်ဆိုပြီး အိမ်တွင် သူငယ်ချင်းများရောက်လို့နေပြီဖြစ်သည်။ ကြက်သားပြုတ်သူကပြုတ် .. ပဲဟင်းချက်မည့်သူကချက်နှင့် အနောက်ဘေး မီးဖိုချောင်လေးမှာ စကားသံများ ရယ်သံများဖြင့် ပြည့်နှက်လို့နေသည်။ စားပြီး သောက်ပြီးကြတဲ့အခါ .. ဘယ်သူကတော့ ရန်ကုန်ပြန်သွားတယ် .. ဘယ်နေ့ပြန်လာမှာ .. အဲဒီလူကိုသိလား .. ဘယ်မှာဈေးတွေချနေတယ် .. ဒီဟာစမ်းသုံးကြည့်ပါလား .. ဘယ်နေရာမှာ ဘာဖြစ်လို့ဆိုပြီး သတင်းပေါင်းစုံကို တီဗွီမကြည့် ရေဒီယိုနားမထောင်ပဲ ကြားရတော့သည်။ ညနေစောင်းချိန်မှာတော့ “မနက်ဖြန် ကျောင်းမှာတွေ့မယ်” “ဟဲ့ ငါညကျရင် ဖုန်းဆက်လိုက်မယ်” ပြန်ခါနီး တစ်ယောက်တစ်ပေါက် ပြောကာနှုတ်ဆက်နေကြသော သူငယ်ချင်းများကိုကြည့်ပြီး ဒီနေ့လိုရက်မျိုး နေ့တိုင်းသာဆိုရင် ဘယ်လောက်ကောင်းမလဲ တွေးမိတော့သည်။

အားလုံးပြန်သွားပြီးနောက် အခန်းထဲဝင်လာပြီး laptop ကိုဖွင့်လိုက်ချိန်မှာတော့  .. blog တစ်ခုကဖွင့်လျက်သားဖြစ်နေသည် ။ အဲဒါနဲ့ blog လေးကိုကြည့်မိတော့ ချစ်စရာလေး .. အပြာရောင်ကို နောက်ခံထားပြီး ဒီဇိုင်းဆွဲထားပုံကလည်း လှသည်။ blog ရဲ့ စာမျက်နှာအစမှတော့ ရေးထားသော ကဗျာတစ်ပုဒ် … ပုံမှန်အတိုင်းဆို ကျွှန်မမဖတ်ပဲ .. ပိတ်မိမှာသေချာသည်။ ဒါပေမဲ့ ဒီကဗျာလေးကတော့ ကျွှန်မကို ညှို့ယူထားသလိုပင် .. နောက်ဆုံး ကဗျာလေးကို ကျွှန်မ သေသေချာချာဖတ်ကြည့်မိသည် သိပ်ပြီးနားမလည်သော်လည်း စကားလုံးထဲများမှ အထီးကျန်မူနဲ့ လွမ်းဆွတ်မူတွေကို ကျွှန်မခံစားရသည်။ ကျွှန်မလိုပဲ အဝေးရောက်နေတဲ့လူတစ်ယောက်ပေါ့ လို့တွေးမိရင်း ပြုံးမိသည်။

သူ၏စာရေးနည်းမှာ ကျွှန်မလို စာဖတ်ဝါသနာမပါတဲ့ လူတွေတောင် ဖတ်ချင်လာအောင်ဆွဲဆောင်နိုင်စွမ်းရှိသည်။ တစတစနဲ့ကျွှန်မသူရဲ့ စာတွေကြားထဲမှာ ပျော်ဝင်လာတော့သည်။ အရင်တုန်းက chat box တစ်ချိန်လုံးပေါ်နေသော ကျွှန်မရဲ့ dekstop ပေါ်မှာ အခုသူ့ရဲ့ blog လေးက အစားထိုးလို့ယူလာခဲ့သည်။ သူသွားလည်နေကျ blog တွေကိုလည်း ကျွှန်မသွားလည်ခဲ့သည်။ သူ အကြိုက်ဆုံး စာအုပ်တွေကိုလည်း online ပေါ်ကနေ download ချကာ ကျွှန်မဖတ်ခဲ့သည်။ သူငယ်ချင်းတွေကတောင် အံ့အားသင့်လို့ကျွှန်မကို စနောက်ခဲ့ကြသေးသည်။ .. အချိန်တွေ တဖြည်းဖြည်း ကြာလာသည်နှင့်အမ ျှ သူရဲ့စာတွေ ကဗျာတွေက ကျွှန်မအတွက် အားဆေးတစ်ခွက်ဖြစ်လာခဲ့သည်။ အိမ်ကို သတိရတဲ့အချိန်တွေမှာတောင် စာဖတ်ခြင်းနဲ့ကျွှန်မဖြေဖျောက်တတ်လာခဲ့သည်။ 

အခုချိန်မှာတော့ ကျွှန်မဟာ အရင်ကထက် စာတွေ ကဗျာတွေကို ပိုပြီးခံစားတတ်လာသလို .. ချစ်လည်းချစ်တတ်လာခဲ့ပါပြီ။ သူဟာ ဘယ်သူလဲ ဘယ်ကလဲ ဆိုတာ ကျွှန်မ မသိပါဘူး .. ဒါပေမဲ့ သေချာတာကတော့  ကျွှန်မမြတ်နိုးတဲ့စာတွေနဲ့ထပ်တူ  သူ့ကိုလည်း ကျွှန်မတိတ်တခိုး ချစ်မိပါတော့သည်။
                
             
  
    
   

Monday, 13 June 2011

   
    
     

အပြုံး




သူတို့တွေပြုံးနေကြတယ် .. 
ရင်ဘက်ထဲက နတ်ဆိုးကပြောတယ်
အဲဒါ မာယာတွေတဲ့ ။

 နှုတ်ခမ်း နှစ်လွှာ လှုပ်ရှားတိုင်း 
ငါ့အကြောင်းများလား ဆိုပြီး
စိုးထိတ်ရတဲ့ နေ့တွေ
ဘယ်တော့ များ ကုန်ဆုံးမလဲ ။

ဒီတစ်ညလည်း 
တိတ်ဆိတ်မှု နဲ့အတူ နာကျဉ်းမှု ကဘေးမှာ
 နှလုံးသားကတော့ အေးစက်စက်ပေါ့ ။

တကယ်တော့ .. ငါဟာ 
အပြုံးတွေ မရှိတဲ့ကမ္ဘာမှာ
ကြင်နာတတ်တဲ့ လူတစ်ယောက်ပါ ။

April
13.06.2011
                
             
  
    
   

Saturday, 11 June 2011

   
    
     

တစ်နေရာ



တိမ်လွှာလေး ကောင်းကင်ကြီးမှာ လေတိုက်တိုင်းလွှင့်မျော်နေတယ် .. တစ်ခါတစ်ရံ တိမ်လွှာလေး အပေါင်းအသင်းတွေနဲ့တွေ့ပြီး ကောင်းကင်ကြီးမှာ တိမ်တိုက်ကြီး တစ်ခုဖြစ်လာတယ် … အချိန်အတိုင်းအတာ တစ်ခုရောက်တော့ လေမင်းရဲ့ လှုံဆော်မူကြောင့် တိမ်လွှာလေး တိမ်တိုက်ကြီးနဲ့ကွဲကာပြီး .. နေရာအသစ်ကိုရောက်လာခဲ့တယ် .. တိမ်လွှာလေး အားမငယ်ပါဘူး .. ကောင်းကင်ကြီး ရှိနေသ၍ တိမ်လွှာလေး အတွက် နေရာတစ်နေရာအမြဲရှိနေမှာပါ .. မိုးစက်လေးတွေ မိုးကြိုးချုန်းသံတွေ က တိမ်လွှာလေးရဲ့ ခံစားချက်တွေပေါ့ .. ကောင်းကင်ကြီးကတော့ တိမ်လွှာလေးကို သတိထားမိမှာ မဟုတ်ပေမဲ့ .. ကောင်းကင်ရဲ့ တစ်နေရာမှာ နေရတာကိုပဲ တိမ်လွှာကျေနပ်မိပါတယ် .. ကောင်းကင်ကြီးကို တိမ်လွှာလေး အမြဲပြောချင်ခဲ့တာကတော့  .. " ကျေးဇူးပါပဲ " …