Friday, 29 July 2011
အဖြူရောင် မှတ်တမ်း
ကျွှန်တော့်ဆိုင်လေး၏ အလယ်တည့်တည့်တွင် ဓာတ်ပုံတစ်ပုံကို ချိတ်ထားသည်။ ထိုဓာတ်ပုံသည် သာမန်မျှသာဖြစ်သည်။ တစ်ခြားဓာတ်ပုံများလို ဘာအရောင်မှ ခြယ်လိမ်းထားခြင်းမရှိသော် အဖြူသက်သက် ပုံတစ်ပုံသာဖြစ်သည်။ သို့ သော် ဓာတ်ပုံထဲတွင် ကောင်မလေးသုံးယောက် လှပစွာပြုံးကာ တစ်ယောက်လက်ကိုတစ်ယောက် မြဲမြဲဆုပ်ကိုင်ထားကြသည်။
xxxxxxxxxxxxxxxxxxxxxx  xxxxxxxxxxxxxxxxxxxx xxxxxxxxxxxxxxxxxxxxxx
အရင်လတွေထက်စာရင် ဒီလမှာတော့ လာလူ ပါးလှသည်။ ငယ်ငယ်လေးကတည်းက ဓာတ်ပုံရိုက်ဝါသနာ ပါသောကြောင့်  ကျောင်းပြီးသည့်ချိန်မှာတော့ ဝါသနာတူ သူငယ်ချင်းများစုကာ ဓာတ်ပုံဆိုင်ကလေးတစ်ဆိုင်ကို ၂၃ လမ်းတွင်ဖွင့်ဖြစ်ခဲ့ကြသည်။ မတ်လလောက်တွင် ကျောင်းများပိတ်ပြီဖြစ်သဖြင့် ကျောင်းသူကျောင်းသားများစုကာ အလှဓာတ်ပုံလာရိုက်သောကြောင့် ဆိုင်တွင်လူမပြတ်ရှိနေတတ်သည်။ ဧပြီ ရောက်ချိန်မှာတော့ သင်္ကြန်အတွက် ဓာတ်ပုံရိုက်ပေးရန် လာလာခေါ်သော လူငယ်များကြောင့် နားချိန်မရှိခဲ့။ ဇွန် ဇူလိုင် ကျောင်းဖွင့်ချိန် လများတွင်လည်း ဓာတ်ပုံရိုက်သူများနှင့် ပြည့်နှက်နေတတ်သည်။ ကျန်သည့်လများမှာတော့ အထိုက်အသင့်ဆိုပေမဲ့ အောက်တိုဘာ နိုဝင်ဘာ လများတွင်တော့ ဓာတ်ပုံရိုက်သူသည် တော်တော်လေးရှားလှသည်။ တစ်ခါတစ်ခါ တစ်ချို့ ရက်များတွင် ဈေးဦးတောင်မပေါက်ဘဲ ရှိနေတတ်သည်။
ဒီနေ့ ကတော့ ကျန်တဲ့နေ့ များနှင့်မတူ မနက်မိုးလင်းကတည်းက ပိုလို့ အေးစိမ့်စိမ့်ဖြစ်နေသလိုလို .. ပြက္ခဒိန်ကြည့်လိုက်တော့ နိုဝင်ဘာ ၃၀ဆိုပါလား ဒီနေ့ ပြီးလျှင် ဒီဇင်ဘာရောက်ပြီ တစ်လဆိုတစ်လ အကုန်မြန်လိုက်ခြင်း မကြာခင်မျက်စိတစ်မှိတ်အတွင်းမှာပင် နှစ်တစ်နှစ်ကုန်တော့မည်။ နှစ်ကုန်လျှင် များလိုက်မယ့်အလုပ်အတွက်တွေးမိကာ လူတောင်နည်းနည်းပူနွေးနွေးဖြစ်သွားသည်။ ထို့ နောက် ဆိုင်ကလေးသို့ သွား၍ ဆိုင်ဖွင့်ရန် စီစဉ်ရတော့သည်။ လာလူနည်းသော ဒီလိုလများတွင် ဆိုင်တွင် တစ်ယောက်လောက်ရှိလျှင်ပင်လုံလောက်ပြီဖြစ်သောကြောင့် တစ်ယောက်တစ်ပတ် ဆိုင်ထိုင်ကြခြင်းဖြစ်ရာ ဒီတစ်ပတ် ကျွှန်တော်ထိုင်ရမည့်အလှည့်ဖြစ်သည်။ ထုံးစံအတိုင်း ဆိုင်ဖွင့်ပြီးသည်နှင့် ဘေးနားရှိ လက်ဖက်ရည်ဆိုင်သို့ ပြေးကာ လက်ဖက်ရည်တစ်ခွက် မုန့် ဟင်းခါးတစ်ပွဲမှာကာ ဗိုက်ဖြည့်လိုက်သည်။ နောက် စားပွဲထိုးလေးခေါ်ကာ ပိုက်ဆံရှင်း၍ ဆိုင်ထဲသို့ ပြန်ဝင်လာခဲ့တော့သည်။
Sunday, 17 July 2011
တန်ဖိုး
ကျွှန်တော်တို့ ကတော့ လူတွေရဲ့လိုအင်ဆန္ဒကို တစ်ထောင့်တစ်နေရာကနေ ဖြည့်ဆည်းပေးရန် တည်ရှိနေရခြင်းဖြစ်သည်။ တစ်ချို့  တွေက ကျွှန်တော်တို့ ကို အဖြည့်ခံ .. အတု ဆိုပြီး ခေါ်ကြသည်။ အဖြည့်ခံဆိုကတည်းက မူရင်းမဟုတ်တဲ့ ကျွှန်တော်တို့ ကို လူတွေက တန်ဖိုးတော့ သိပ်မထားကြချေ။ သို့ သော် တစ်ခါတစ်လေမှာတော့ တောက်လောင်သည့် မျက်လုံးများဖြင့် ကြည့်တတ်ကြသေးသည်။ လူတွေ လူတွေ ခက်တော့လည်းခက်သား .. ။ ဘာမှသာ မဟုတ်တာ ကြာလာသည်နှင့်အမျှ ကျွှန်တော်တို့ လည်း လူတွေပြောသည့် အဖြည့်ခံ .. အတု ဘဝဖြင့်  နေသားကြလာခဲ့ကြတော့သည်။ 
ဒီနေ့ ကတော့ သူ ဒီဆိုင်ကို ရောက်လာတာ နှစ်ပတ်ပြည့်သောနေ့ ဖြစ်သည်။ မီးချောင်းတွေ ဆလိုက်တွေရဲ့ အလင်းဟာ သူ့ အလှကို ပိုပြီး သက်ဝင်စေသည်။ ဆိုင်ရဲ့ မျက်နှာစာမှာ သူ့  ပိုစတာကြီးကိုလည်း ခမ်းခမ်းနားနား ကပ်ထားသေးသည် ။ ဆိုင်ထဲကို တွန့် ဆုတ်တွန့် ဆုတ်နဲ့  မဝင်ရဲတောင်မှ ပိုစတာကြည့်ပြီး ကျေနပ်သွားသူတွေက တစ်ပုံကြီးပင်။ သူရဲ့ တာဝန်က ကြီးမားလှသည်မဟုတ် .. သက်တောင့်သက်သာ နှင့် မှန်အပြည့်ကာထားသော အခန်းလေး ထဲတွင် ကိုယ်ဟန်ပြ ရခြင်းသာဖြစ်သည်။ သို့ သော် သူမကျေနပ်တာတစ်ခု ဖြစ်ပေါ်လာသည်။
Monday, 11 July 2011
ပုံရိပ်
တော်သေးတာပေါ့ .. သူ မရောက်သေးလို့  နာရီလေးကြည့်၍ အမောတစ်ချက်ဖြေကာ  သူ့ ကိုစောင့်နေမိသည်။ ၁၂ နာရီချိန်းထားပြီး ခုထိရောက်မလာသေး။ ရုတ်တရက် အထိအတွေ့ ကြောင့် ကျွှန်မလန့် လို့ သွားသည်။ သူက ကျွှန်မလန့် ပုံကိုကြည့်ကာ တခွီးခွီးနှင့် တစ်ယောက်ထဲ အားရပါးရ ရယ်နေသည်။ အစကတော့ သူ့ ကို စိတ်ဆိုးမယ်လို့  မျက်နှာကို စူပုပ်လိုက်ပေမဲ့ သူရဲ့ အပြုံးတွေ အရယ်တွေ အောက်မှာပင် ကျွှန်မလည်း သူနဲ့  အတူတူလိုက်ရယ်မိတော့သည်။ ထို့ နောက် သူက ကျွှန်မကို သူ နောက်ကျရသည့် ဆင်ခြေများကို တစ်ခုခုပြီးစပေးသည်။ ကျွှန်မနဲ့ ချိန်းတိုင်း အမြဲတမ်း နောက်ကျတတ်တဲ့ သူ့ ကြောင့် ကျွှန်မမှာ စိတ်ဆိုးရပေါင်းလည်းများလှပြီ။ သို့ သော် သူ ဆင်ခြေတွေပေးတိုင်းလည်း ခွှင့်လွှတ်မိပြန်သေးသည်။ ဘယ်လောက်ပဲ တင်းထားတင်းထား သူနဲ့ တွေ့ ရင် အမြဲတမ်း အလျှော့ပေးမိသည့် ကျွှန်မကိုယ်ကျွှန်မ တစ်ခါတစ်လေမှာတော့ မုန်းမိသည်။
“အခု ဘယ်သွားကြမလဲ”
“အင်း သိဘူးလေ .. ၁၂ ကျော်ပြီဆိုတော့ တစ်ခုခု အရင်သွားစားရအောင် ” ကျွှန်မ၏စကားကို သူကလည်း ထောက်ခံသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလေသည်။ ထို့ နောက် ကျွှန်မတို့ နှစ်ယောက် အေးအေးဆေးဆေးရှိသည့် ဆိုင်တစ်ဆိုင်ကို ရွေးထိုင်ကာ စားစရာများမှာစားကြသည်။ စားစရာများ စောင့်နေချိန်တွင် သူက ..
“ဘယ်မှာလဲ .. လက်ဆောင်”
“အမ် .. ဘာလက်ဆောင်လဲ .. ”
“မွေးနေ့ လက်ဆောင်ပေါ့ .. ”
“ပေးစရာလို လို့ လား .. သမီးရည်းစား အချင်းချင်း”
“အမ် .. သမီးရည်းစားဆိုရင် မပေးရဘူးလား”
“သိဘူးလေ .. ဒီနေ့  သူနဲ့  တစ်နေကုန်နေပေးမှာ  ..  အဲဒါ .. အကောင်းဆုံးလက်ဆောင်ပေါ့ .. ဘာထပ်လိုချင်သေးတာလဲ” ကျွှန်မ နှုတ်ခမ်းစူကာပြောတော့ သူက ရယ်ကာ
“ဟုတ်ပါပြီဗျာ .. ခင်ဗျားလေးက ကျွှန်တော့်အတွက် အကောင်းဆုံးလက်ဆောင်ပါ .. ဟုတ်ပြီလား”
“ခစ် ခစ် .. ” ကျွှန်မ သဘောကျစွာ ရယ်မိတော့သည်။ တစ်ခါတစ်ခါ သူရဲ့ ဘာမှမဟုတ်တဲ့ စကားတစ်ခွန်းဟာ ကျွှန်မအတွက်တော့ အရမ်းကိုလှပတတ်သည်။ စားလိုက် ပြောလိုက် ရယ်လိုက်ကြနဲ့  .. ဆိုင်လေးတစ်ခုလုံး ကျွှန်မတို့  အပျော်များဖြင့် ပြည့်နှက်နေတော့သည်။ 
Friday, 1 July 2011
သက်ပြင်းတစ်ချက်
လေပြည်သွားရာ လမ်းကြောင်းအတိုင်း ပျော့ပျောင်းစွာ ကခုန်နေကြသော သစ်ရွက်ကလေးတွေကို အားကျတဲ့အကြည့်နဲ့ ကြည့်နေသူကတော့ သစ်ပင်ကြီးကိုယ်တိုင်ပင် … ။ 
Q: သစ်ပင်တစ်ပင်ရဲ့ သက်တမ်းဟာ ဘယ်လောက် လောက်ရှိသလဲခင်ဗျာ။
A: နှစ်ပေါင်းရာချီတိုင်အောင် လွတ်လပ်တဲ့ သစ်ပင်တစ်ပင်ဟာ ရှင်သန်နိုင်ပါတယ်။
Q: ဟုတ်ကဲ့ .. ဒါဆိုရင် သစ်ရွက်တစ်ရွက်ရဲ့ သက်တမ်းကရော ခင်ဗျာ။
A: သစ်ရွက်တစ်ရွက်ကတော့ …………………………………………………….
“အားတိုင်းခေါ်မနေစမ်းပါနဲ့အဖေရာ .. ကျွှန်တော်လုပ်ဖို့ အလုပ်တွေကတန်းစီနေတာပဲ .. တစ်ခုခု ခိုင်းစရာရှိရင် အလတ်ကောင်နဲ့အငယ်ကောင်ရှိနေတာပဲ သူတို့ကို ခေါ်ခိုင်းပေါ့” 
သားအကြီး ရဲ့စကားကို ချွေးမဖြစ်သူကလည်းထောက်ခံသည့် သဘောဖြင့် ခေါင်းငြိမ့်ပြလေသည်။ သူ သက်ပြင်းတစ်ချက်ချကာ 
“သားကြီးရယ် .. သားညီလေးတွေကလည်း သူ့အိမ်ထောင်နဲ့သူ အဆင်ပြေကြတာမဟုတ်တာ .. ဖေတို့ထဲမှာ သားကြီးတစ်ယောက်ပဲ အဆင်ပြေပြေရှိလို့အဖေ ခေါ်မိတာပါကွာ” 
“ခု အဖေ ကျွှန်တော့်ကို ခေါ်တာ ဘာကိစ္စရှိလို့လဲ .. ကျွှန်တော်အားတာမဟုတ်ဘူး .. ခဏနေရင် အစည်းအဝေးသွားရဦးမှာ” ခပ်ဆတ်ဆတ် လေသံကြောင့် ..  နောက်တစ်ခါ သက်ပြင်း တစ်ချက်ချကာ 
“သားအမေဆုံးပြီးကတည်းက ဒီအိမ်လေးက တစ်ခုခု လွတ်ဟာနေသလိုပဲ .. အခု ငါ့သားတွေ အားလုံးလည်း အိမ်ထောင်ကိုယ်စီကျလို့ တစ်ယောက်တစ်နေရာဆီ ခွဲထွက်သွားကြတော့ .. အဖေ့ ဒီအိမ်လေးက ခြောက်သည့်ထက် ပိုခြောက်လို့လာတယ် .. အဲဒီတော့ အဖေလည်း အသက်ကြီးပြီ .. အဖေ မသေခင်တော့ ငါ့သားတွေနဲ့အတူတူ အဖေ ဒီအိမ်လေးမှာ နေချင်တယ်” စကားဆုံးသည်နှင့် တစ်ပြိုင်နက် ချွေးမဖြစ်သူက .. 
“အို .. အဖေကလည်း အဖေအိမ်နဲ့ကျွှန်မတို့အလုပ် ပြီးတော့ ကလေးတွေရဲ့ကျောင်းနဲ့က အဝေးကြီးပဲ .. ဒီမှာလာနေရင် ကျွှန်မတို့အတွက် သွားရေးလာရေး အဆင်မပြေဘူး” ထို့နောက် သားဖြစ်သူက ..
“ဟုတ်တယ် .. ရွှေပြောသလိုပဲ .. ကျွှန်တော်တို့ပြောင်းနေဖို့ဆိုတာတော့ မဖြစ်နိုင်ဘူး .. အကယ်လို့ အဖေ ဒီမှာ တစ်ယောက်ထဲမနေချင်ဘူးဆိုရင် အငယ်ကောင်ကိုခေါ် နေလေ .. သူတို့က ကလေးလည်းရှိသေးတာမဟုတ်တော့ .. အဖေ့ကို ကောင်းကောင်း စောင့်ရှောက်လို့ရတာပေါ့  .. လိုအပ်တဲ့ ပိုက်ဆံကို ကျွှန်တော်ထောက်ပံ့ပါမယ် .. ” ခါးခါးသီးသီး ငြင်းဆန်နေသော သားအကြီးလင်မယားကို ကြည့်ပြီး သူ သက်ပြင်းနောက်တစ်ချက်ချလိုက်တော့သည်။
“တောက် .. တောက် … တောက် .. ” မြည်နေသော နာရီ လက်သံနဲ့အတူ သက်ပြင်းချသံများ အိမ်ကလေးထဲတွင် ပျံ့နှံ့လို့နေတော့သည်။ “ဝူး ..” ဆိုပြီး မောင်းထွက်သွားသော ကားလေးရဲ့ နောက်ကျောကို ပြတင်းပေါက်မှ အကူ နောက်ခြေတစ်ချောင်း ထောက်ကာ ရပ်ကြည့်ပြီး အလွတ်ရနေသော ဖုန်းနံပါတ် သုံးခုထဲမှ နောက်တစ်ခုကို တုန်တုန်ယင်ယင်ဖြင့် အလိုအလျောက်နိုပ်မိလိုက်သည်။ ထို့နောက် ပြောင်းလဲလာသော ခေတ်ကြီးနဲ့အပြိုင်  စနေ .. တနင်္ဂနွေ ပိတ်ရက်များမှာတောင် မအားမလပ် အလုပ်နဲ့နံဘန်းလုံးနေရသော သားကြီးအတွက် စိတ်မကောင်းဖြစ်မိကာ အတွေးများက ဟိုရောက်ဒီရောက်လို့နေတော့သည်။ .. ခုံပေါ်တွင်ကား ထောင်တန်အုပ်လေး ၂ အုပ်က လှောင်နေသယောင်ယောင် … ။
မနက် ၁၁ နာရီ .. နေကျဲကျဲတောက် ပူနေသည့်အချိန်တွင် ထီးတစ်ချောင်း နှစ်ယောက်အတူဆောင်းကာ ခြံဝင်းထဲသို့ဝင်လာသော သားငယ်လင်မယားကို အိမ်အဝမှ အသင့်စောင့်ကြိုလိုက်သည်။ ရောက်လာသည်နှင့်တစ်ပြိုင်နက် .. သားဖြစ်သူက
“အဖေ .. ဘာချက်ထားလဲ .. ဗိုက်ဆာလိုက်တာ ဗျာ ..”
“ဟေ .. မင်းတို့အိမ်မှာ ဘာမှမချက်ကြဘူးလား .. ”
“ချက်မလို့ ..အဖေ့ဆီက ဖုန်းရလို့ ဘာမှမချက်ဘဲ ဒီတိုင်းလာခဲ့တာ”
“အော် .. အေး .. အေး ” ဆိုပြီး .. အကျီ ၤအိတ်ထဲလက် နှိုက်မိတော့ ထွက်လာသော ထောင်တန် နှစ်ရွက်ကို ပေးရင်း .. 
“မင်းတို့ကြိုက်တာ ဝယ်စားကြ” ဆိုတော့ .. မုန့်ဖိုးရသလို ပြုံးကာနေသော သားငယ်ကိုကြည့်ပြီး .. ဒီလိုဆိုတော့လည်း ငါ့သားတွေက ကလေးလေးပဲ ရှိကြသေးတာကိုး .. လို့တွေးမိကာ သားငယ်နဲ့အတူ တစ်ချက်ပြုံးလိုက်တော့သည်။ ထောင်တန် ၂ ရွက်နဲ့လဲလာသော ဝက်သားတစ်ပွဲ .. ဟင်းချိုတစ်ပွဲ .. အသုတ်တစ်ပွဲကို လင်မယားနှစ်ယောက် တက်ညီလက်ညီ စားနေကြသည်မှာ အဖေကို ခေါ်ဖို့တောင် သတိမရချေ။ ဆေးပေါ့လိပ်ဖွာကာ မြိန်ရေယှက်ရေစားနေကြသော .. ကလေးနှစ်ယောက်ကိုကြည့်ပြီး ပီတီဝေနေသူကလည်း သူ့အတွေးနဲ့သူ … ။
စားပြီးသောက်ပြီးချိန်မှာတော့  ပိုးလက်ပက်လက် အိမ်ရှေ ့တွင် အဆီရစ်နေသော သားကို အဖေက ချောင်းတစ်ချက်ဟန့်ကာ စကားစလိုက်သည်။
“ငါ့သား အခုတစ်လော အဆင်ပြေရဲ့လား”
“မပြေပါဘူး .. အဖေရာ .. ပွဲစားအလုပ်က အခုမှ လုပ်တာဆိုတော့ … အလုပ်က သိပ်မဖြစ်ဘူး .. တစ်လောကတော့ အလုပ်ကဖြစ်မလိုလိုနဲ့ ကြားလူဖြတ်သွားတာနဲ့ ဘူပိတ်နေတာ အလုပ်ပြောင်းရင်ကောင်းမလားလို့”
“ဟေ .. မင်း ပွဲစားလုပ်တာ ဘယ်လောက်မှတောင် မကြာသေးဘူး .. ”
“အဲဒီ ပွဲစား အလုပ်ကလည်း မြန်မြန် ပြောင်းမှ အဖေရေ .. မဟုတ်ရင် လက်ဖက်ရည်ဖိုးနဲ့တင် အိမ်ကမွဲမှာ” ကြားဝင်ကာ ပြောသော ချွေးမဖြစ်သူရဲ့စကားကြောင့် သူလည်း ခေါင်းလိုက်ငြိမ့်မိသည်။ သူ့သားအကြောင်းလည်း သူအသိဆုံး .. ငယ်ငယ်လေးကတည်းက လက်ကြောကမတင်း .. ဟိုယောင်ယောင် ဒီယောင်ယောင်နဲ့ … မိန်းမသာရသွားတာ အခုချိန်ထိ စိတ်ချစရာ တစ်ကွက်မှမရှိသူဖြစ်သည်။ မိန်းမဖြစ်သူက စာရင်းမ ဆိုသူ့အတိုင်း စေ့စေ့ပါက်ပေါက် ကြည့်တတ်သူ ဖြစ်၍သာ တော်တော့သည်။ ဒါပေမဲ့လည်း ကိုယ်က သားရှင် .. သူများ သမီးပျိုကို ယူထားပြီး လုပ်ကျွှေးရမှာ ကိုယ့်တာဝန်ဖြစ်သည်။ အခုတော့ သားဖြစ်သူက အသုံးမကျလို့ မိန်းမဘက်က လူတွေ အထင်အမြင်သေးမည်ကိုလည်း မလိုလား။ နောက်ဆုံးတော့
“ကဲ .. ဒါဆို သား အခု ဘယ်အလုပ်ကို ပြောင်းဖို့စိတ်ကူးထားလဲ”
“ကျွှန်တော် တက္ကစီဆွဲမလားလို့ .. ဒါပေမဲ့ စဘော်အရင်ပေးရမှာ .. ”
“မင်း စဘော်က ဘယ်လောက်လဲ”
“၂ သိန်း”
“၂ သိန်း ဟုတ်ပြီ .. ငါ့သမီးကရော ဘယ်လိုမြင်လဲ” ချွေးမဖြစ်သူကို လှမ်းကာမေးတော့ .. သူမက ခေါင်းငြိမ့်ကာ
“ပွဲစား အလုပ်ထက်စာရင်တော့ သမီးကတော့ အားပေးပါတယ် .. တက္ကစီဆွဲတော့ ဝင်ငွေ ပုံမှန်ရှိတာပေါ့” ချွေးမ ပြောတာလည်း ဟုတ်သည်။ “ခေါ .. ခေါ” ဆိုပြီးဟောက်သံနှင့် တစ်ရေးရနေသော သားငယ်ကို ကြည့်ပြီး သက်ပြင်းတစ်ချက် ခိုးကာ အသာချလိုက်တော့သည်။ ထို့နောက် စကားဆက်ကာ
“ငါ့သမီးတော့ နေရထိုင်ရတာရော အဆင်ပြေကြရဲ့လား”
“ဟုတ် အဖေ့သား လက်ကြောမတင်းတာက လွယ်လို့ အဆင်ပြေပါတယ်” အဝတ်များခေါက်ကာ ပြောနေသော ချွေးမလေးကိုကြည့်ပြီး သနားတော့သနားမိသည်။
“အကယ်လို့အဆင်မပြေရင်လည်း အဖေ့အိမ်မှာ လာနေလို့ရတယ်” 
“အို .. ရပါတယ် အဖေရယ် .. သမီးတို့ဘာသာ အပြင်မှာ နေရတာ အဆင်ပြေပါတယ် .. အဖေ့အိမ်ကို ပြောင်းလာရင်  အဖေ့သားက ဒီထက်ပိုပြီး ပေါ့နေတော့မှာ” သူအတွေးနဲ့ သူဆိုတော့လည်း မှန်သလိုလို ရှိသောကြောင့် ခေါင်းငြိမ့်နေသည်မှ လွဲ၍ ဘာမှ ထပ်မပြောဖြစ်လိုက်တော့။ ညနေ ၃ နာရီလောက် လင်မယားနှစ်ယောက်ပြန်ကာနီး .. သားကြီးပေးခဲ့တဲ့ ပိုက်ဆံ နှစ်သိန်းကို စဘော်အဖြစ်ပေးလိုက်သည်။ သားငယ်ကတော့ ဝမ်းသာအားရယူချင်ပေမဲ့ .. သမီးကတော့ လက်မခံချေ။ “ဒီတစ်ခါ အဖေ သားကို နောက်ဆုံးကူညီတာ လို့သဘောထားပြီး ယူလိုက်ပါ သမီးရယ် .. ” ဆိုတော့မှ လက်ခံကာ လင်မယားနှစ်ယောက် တစ်ယောက်တစ်လက်ချိတ်ကာ အိမ်ပေါ်မှ အပြုံးပန်းများပန်ဆင်ကာ ထွက်သွားကြတော့သည်။ 
ကဲ ..နောက်ဆုံးတစ်ယောက် .. အလတ်ကောင် .. ထုံးစံအတိုင်း စဉ်းစားစရာမလိုပဲ .. ဖုန်း ခလုတ်များကို နိုပ်လိုက်တော့သည်။ ခဏနေတော့ သားလတ်တို့လင်မယားရောက်လာကြသည်။ 
“ဖေဖေ .. သားတို့ရောက်ပြီ”
“အေး ..အေး .. ဝင်လာခဲ့ကြ ..” အိမ်အပေါက်ဝမှ အော်နေသော အလတ်ကောင်ကို ပြန်ထူးကာ ဆေးပေါ့လိပ်ကို တစ်ချက်ဖွလိုက်မိသည်။
“ဖေဖေ ..ထူးထူးဆန်းဆန်း .. ဖုန်းဆက်လို့ .. နေများမကောင်းဘူးလား” အသီးသီး ဝင်လာသော လင်မယားနှစ်ယောက်ကို ကြည့်ကာ .. သားလတ်၏အမေးကို .. 
“ကောင်းပါတယ်ကွယ် .. မင်းတို့နဲ့မတွေ့တာကြာလို့.. ငါ့မြေးလေးနဲ့လည်း တွေ့ချင်လို့လှမ်းခေါ်လိုက်တာ”
“ဖေ့ မြေးက ကျူရှင်မှာပဲရှိသေးတယ် .. ” ချွေးမလေးရဲ့ အဖြေကို ခေါင်းငြိမ့်ကာ
“မင်းတို့လင်မယား အဆင်ပြေကြရဲ့လား ..”
“ဟုတ် .. ပြေပါတယ် .. အခုတစ်လော အလှဓာတ်ပုံရိုက်တဲ့သူကလည်း .. များလာတယ်ဆိုတော့ အလုပ်တော့ဖြစ်တယ် .. ” ခေါင်းတစ်ချက် ထပ်ငြိမ့်ကာ
“ငါ့သမီးရော”
“သမီးကတော့ အလုပ်ထွက်လိုက်ပြီ .. ”
“ဟေ .. ဘာလို့လဲ ..”
“အဖေ့ သားပေါ့ .. သမီးအလုပ် လုပ်ဦးမယ်ဆိုတာကို ပေးမလုပ်လို့” ခပ်စူစူ ပြောနေသော ချွေးမကိုကြည့်ပြီး .. သားလတ်ကိုလှည့်ကြည့်တော့ 
“အဖေ့ ချွေးမမှာ ကိုယ်ဝန်ရှိနေပြီ .. အဲဒါ ပင်ပန်းမှာဆိုးလို့ ..အလုပ်ထွက်ခိုင်းလိုက်တာ .. ပူညံပူညံနဲ့ဗျာ .. ”  တစ်ယောက်တစ်ပေါက်စီ ပြန်တိုင်နေကြသော သားလတ်တို့လင်မယားကိုကြည့်ပြီး ..  ပြုံးလိုက်မိသည်။ ဒီကလေးတွေ မိဘတွေသာ ဖြစ်ကုန်ကြပြီ .. အခုချိန်ထိ ကလေးစိတ်တော့ မပျောက်ကြသေးပါလား .. ။ 
“ဒါနဲ့ .. ငါ့သား ဒီနေ့အလုပ်မရှိဘူးလား”
“မနက်ဖြန် နယ်မှာ ဓာတ်ပုံ လိုက်ရိုက်ရမှာ မို့လို့ .. ဒီနေ့နားတယ် ”
“မင်း နယ်သွားရင် .. သမီးနဲ့ကလေးတွေက ဘယ်လိုလုပ်မှာလဲ”
“သူ့မိဘတွေ အိမ်မှာ ပြန်နေဖို့ အကုန်စီစဉ်ပြီးသွားပြီ” သားလတ်ရဲ့ အဖြေကြောင့် သူ နည်းနည်းတွေဝေသွားသည်။
“သမီး .. ကိုယ်ဝန်နဲ့ဆိုတော့ အိမ်ကလူတွေက တစ်ယောက်ထဲနေရမှာ စိတ်မချဘူးလေ .. ပြီးတော့ သမီးကိုယ်တိုင်ကလည်း အိမ်မပြန်တာကြာပြီဆိုတော့ .. အိမ်ကိုလည်း လွမ်းတာနဲ့ .. သမီး မိဘတွေဆီမှာ ပြန်နေဖို့ဆုံးဖြတ်လိုက်တာ”  တစ်ချက် ခေါင်းငြိမ့်ကာ .. မိဘချင်း ကိုယ်ချင်းစာကာ စဉ်းစားမိတော့ .. ငါတောင်မှ ငါ့သားတွေနဲ့ အတူတူနေချင်သေးတာ .. သူတို့လည်း သူတို့သမီးနဲ့အတူတူနေချင်ကြမှာပေါ့ .. အတွေးများက အဝေးဆီသို့ .. ။ 
ညနေစောင်းချိန်တွင် ကလေး ကျောင်းကြိုရဦးမယ် ဆိုပြီး .. ပြန်သွားသော သားလတ်တို့လင်မယားကိုကြည့်ပြီး .. ဒီကလေး သုံးယောက် ငယ်ငယ်တုန်းက “သားကြီးလာရင် ဖေကြီးနဲ့အတူနေမှာ” ဆိုတဲ့စကားသံတွေ .. အခုတော့ ဒီအိမ်အဟောင်းကြီး ထဲမှာပဲ ဟောင်းနွမ်းကာ သူတို့လေးတွေ မေ့နေကြပြီထင်ပါတယ် .. ။ ဒါပေမဲ့ ကိစ္စတော့မရှိပါဘူး .. သူတို့သုံးယောက် ကျန်းကျန်းမာမာ ပျော်ပျော်ရွှင်ရွှင် ရှိနေတာကိုက အခုချိန်မှာ သူ့အတွက်တော့ အကောင်းဆုံး ဆုလာာဒ် တစ်ခုပင် ။
“အဟင့် .. အဟင့် .. ” ရှိုက်သံများ ..  “ဟိုတစ်နေ့ကတောင် အကောင်းကြီးတွေ့လိုက်သေးတယ် .. ” ဟိုတစ်ပေါက် .. ဒီတစ်ပေါက် ပြောနေကြသော လူတွေရဲ့ စကားသံများကို ကြားတစ်ဝက် မကြားတစ်ဝက်နှင့် ယောကျာ်း ၃ ယောက် အဖြူ အမည်း ချိတ်ထားသော ဓာတ်ပုံရှေ ့တွင် ရပ်ကာ တွေတွေကြီး စိုက်ကြည့်နေကြသည်။ ထို့နောက် အကြီးဆုံးကစ၍  “အဖေဆုံးသွားပြီ .. ငါတို့အဖေရဲ့ နောက်ဆုံးခရီးမှာ အကောင်းဆုံးဖြစ်အောင် လုပ်ပေးကြရအောင်” ကျန် ညီနှစ်ယောက်ကလည်း သဘောတူကာ ခေါင်းငြိမ့်ခဲ့ကြသည်။ 
“ကဲ ရက်လည်း လည်ပြီးပြီ .. ဖေဖေနဲ့မေမေ နှစ်ယောက်စလုံးလဲမရှိတော့ .. ဒီအိမ်ကြီးကို ဘယ်လိုလုပ်မလဲ …” အကြီးဆုံးရဲ့စကားကြောင့် ကျန် ညီနှစ်ယောက် အပြင် သူတို့မိန်းမများပါ ကြွတတ ဖြစ်လာသည်။
“အိမ်ကို ရောင်းပြီး သုံးပုံ ပုံပြီး တစ်ယောက်တစ်ပုံစီ ယူကြတာပေါ့” အလတ်ကောင်ရဲ့စကားကို .. အကြီးဆုံး မိန်းမဖြစ်သူက
“ဒါတော့ ဘယ်ညီမ ျှပါ့မဲ .. အဖေရှိတုန်းက .. အဖေ့ရဲ့ စားစရိတ် သုံးစရိတ်ကို .. ကျွှန်မတို့လင်မယားကပဲ ခံရတာ .. အဲဒီတော့ လေးပုံ ပုံမယ် .. နှစ်ပုံကို ကျွှန်မတို့ယူမယ်” ထိုအခါ အငယ်ဆုံး မိန်းမနဲ့အလတ်မ က ..
“ရှင်တို့ဘာသာရှင်တို့ .. အဖေ့ကို ရိုသေတာမဟုတ်ဘူးလား .. ကျွှန်မတို့ကတော့ မခွဲပေးနိုင်ဘူး .. သုံးပုံ .. တစ်ယောက်တစ်ပုံ ဆီပဲ … ” ဒီလိုခွဲ .. ဟိုလိုခွဲမယ်ဆိုပြီး … ညီအစ်ကို သုံးယောက်နဲ့ သူတို့မိန်းမများပါ မကျန် တကျက်ကျက် နှင့် အိမ်လေးထဲတွင် ဆူညံနေတော့သည်။
ဒီအိမ်လေးကို သေသွားသူ အဘိုးကြီးနဲ့အဘွားကြီး တို့စ ဝယ်စဉ်ကတည်းက .. အခုချိန်ထိ တစ်ချိန်လုံး စိုက်ကြည့်နေခဲ့သော ခြံထောင့်ရှိ သစ်ပင်ပေါ်က သစ်ရွက်ကလေးကတော့ … နောက်ဆုံးတွင် သက်ပြင်းတစ်ချက်ချလိုက်သည်။ .. ထို့နောက် “ဖြုတ်” ဆိုသည့် အသံကိုပါ နောက်ဆက်အတွဲ အဖြစ်ကြားလိုက်ရပါတော့သည်။