Thursday, 29 September 2011
ကြယ်ကလေး
တဖြိုးဖြိုး တလက်လက်နဲ့  
ကြယ်ကလေး
မြင်သာမြင်ရ မပိုင်ဆိုင်ရတဲ့ 
ကြယ်ကလေး
ခပ်လှမ်းလှမ်းက 
ကျဲနေတဲ့ အလင်းရောင်တွေ 
ဘယ်သူ့ အတွက်များလဲ ..
ဖြစ်နိုင်ရင် ကျလာတဲ့ 
အလင်းစက်လေးတွေတိုင်းမှာ 
မူပိုင်တံဆိပ်ထည့်ထားမိချင်ရဲ့ ... ။
အဆုံးသတ်ဆိုတာ 
အရာရာတိုင်းမှာရှိတယ်တဲ့
ကြယ်ကလေးရေ …
မင်းရဲ့ ကြွေသက်လေးမပြည့်ခင် 
တစ်ရက်လောက်တော့
ငါ့ကိုကြိုပြောပေးလှည့်ကွယ် ..
နှစ်ပေါင်းများစွာ ရှည်ကြာမဲ့ 
မင်းရဲ့အလင်းတန်းလေးနဲ့ 
ငါ မရှင်သန်ချင်လို့ ပါ .. ။
April
29.09.2011 (02:35 AM) Thu
Sunday, 25 September 2011
နောက်ဆုံး
“မွေးနေ့ မှာ ပျော်ရွှင်ပါစေ ” နှုတ်ခမ်းများလှုပ်ရုံမျှ သူမတိုးညင်းစွာဆိုပြီး ခပ်လှမ်းလှမ်းတစ်နေရာတွင် လူငယ်တစ်စု ပျော်ရွှင်စွာ မွေးနေ့ ပွဲကျင်းပနေသည်ကိုကြည့်ပြီး သူမညင်သာစွာပြုံးလိုက်သည်။
xxxxxxxxxxxxxxx                     xxxxxxxxxxxxxx                  xxxxxxxxxxxx
အကယ်လို့ သင်သည် ဘယ်နေ့ သေမည်ဆိုတာ သိနေခဲ့မည်ဆိုလျှင် .. အခုလိုမျိုး သင်ရယ်မောနေနိုင်ဦးမည်လား .. ငိုနေတာတွေရပ်သွားမလား .. သင့်ဘဝတွင် သင်လုပ်ချင်သော အရာများ သင်လုပ်ခဲ့ပြီးပြီလား .. သင်ရဲ့နောက်ဆုံးအချိန်တွင်းမှာ ….. ……. ….. ……
သူမထိုးနေသော သိုးမွေးအပ်ကလေးဘေးချကာ ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်သည်။ မထူမပါး တိမ်တိုက်များက ကောင်းကင်တစ်ခုလုံး နေရာယူထားသောကြောင့် ရာသီဥတုသည် နေအပူကြီးမဟုတ် အုံ့ အုံ့ မှိုင်းမှိုင်းလည်းမဟုတ် နေလို့ ကောင်းရုံလောက်သာဖြစ်သည်။ မကြာခင်ရက်အတွင်း သူမဆေးရုံက ဆင်းရတော့မည်ဖြစ်သည်။ ဆရာဝန်ကြီးများရဲ့ သုံးလပဲ ဆိုသည့်စကားက သူမနားထဲမှမထွက်ချေ။ ဆရာဝန်များက ဆေးရုံကဆင်းခွင့်မပေးပေမဲ့ .. သူမ ကျန်ရှိသည့်အချိန်ကလေးအနည်းငယ်အတွင်းမှာ ခုတင်ပေါ်တွင်မကုန်ဆုံးချင်။ သူမလုပ်စရာတွေ အများကြီးရှိသေးသည် .. အားတင်းရင်း သူမပြုံးရန်ကြိုးစားပေမဲ့ .. အပြုံးများက ခြောက်ကပ်ကပ်နိုင်လွန်းလှသည်။
အိမ်ထဲကိုသူမ ဝင်လိုက်သည်နှင့် ဆီးကာကြိုနေသည်မှာ ခပ်သင်းသင်းဖုန်မှုန့် များသာဖြစ်သည်။ သူမဆေးရုံတက်ခဲ့ရသည့် ခြောက်လဆိုသည့်အတိုင်းအတာတစ်ခုတွင် တစ်အိမ်လုံးဖုန်များဖြင့်ပြည့်နှက်ကာ ပိုးအိမ်များပင် ဟိုနားတစ်အိမ် .. ဒီနားတစ်အိမ်နေရာယူထားကြသည်။ တံခါးနောက်တွင်ထားထားသော တံမြက်စည်းကိုလှမ်းယူပြီး သူမ သန့် ရှင်းရေးလုပ်ဖို့ စတင်လိုက်သည်။ တစ်အိမ်လုံး သူမစိတ်တိုင်းကျ လှဲကျင်းပြီးသည့်အချိန်တွင်တော့ သူမခြေကုန်လက်ပန်းကျသွားသည်။ ဆိုဖာပေါ်တွင် အသာလှဲလျောင်းရင်း .. နံရံတွင် ချိတ်ထားသော ဓာတ်ပုံကို သူမ မျက်တောင်မခတ်ဘဲကြည့်နေမိသည်။ နောက် မတ်တပ်ရပ်ကာ ခုံပေါ်တွင် တင်ထားသော သော့လေးကိုကိုင်ပြီး အပြင်သို့ သူမထွက်လာခဲ့သည်။
Friday, 23 September 2011
အိပ်စက်ခွင့်
အပ်တစ်နေရာစာ
သူ့ နှလုံးသားမှာ ခြေချဖို့ 
ရက်တွေချီ စောင့်စားခဲ့ဘူးတယ် ... ။
ဝင်သက် ထွက်သက်မမျှတတဲ့
ရင်ခွင်ကို မျှတအောင်
အပြောချိုချိုတွေလည်း တိုက်ကျွေးဘူးတယ် ... ။
သွယ်ဝှိုက်သောနည်းနဲ့ ရလာတဲ့
ဒဏ်ရာတွေက အထူအပါးမညီပေမဲ့
ညီမျှစွာတော့ နာကျင်စေခဲ့တယ် ... ။
နောက်ဆုံးလို့  အမည်တပ်မှုက
ကနေဦးပြန်လည်ရောက်သွားသလိုမျိုး
လည်ပြန်လှည့်တိုင်း ...
ပိုကျယ်လောင်လာတယ် ... ။
ဒီတစ်ညတော့ ..
အမည်းရဲ့အဖော် အဖြူကိုခြံရံပြီး
ငါ့ကို အိပ်စက်ခွင့်ပေးရင် .. သိပ်ကောင်းမယ် ... ။
April
23.09.2011 (01:52 AM) Fri
Sunday, 18 September 2011
စိတ်မကစားခဲ့ပါ
၁၄နှစ်ဆိုတဲ့အရွယ်က စိတ်ကစားသေးတဲ့အရွယ်တဲ့လား .. ကျွန်မသဘောကျစွာရယ်လိုက်မိသည်။ ကျွန်မ စိတ်ကစားတာလား .. မကစားတာလား သေချာမသိပေမဲ့ .. သူ့ ကိုတော့ ကျွန်မခင်မင်မှုတွေပိုခဲ့သည်ကတော့ သေချာခဲ့သည်။
၅နှစ်ဆိုတဲ့ အသက်ကွာခြားမှုကြောင့်သူက ကျွန်မထက်ပိုပြီး ရင့်ကျက်သည် ဖြစ်ကောင်းဖြစ်နိုင်ပါလိမ့်မည်။ အမြဲလိုလို ညီမတစ်ယောက်လို စောင့်ရှောက်တတ်ပြီး အကြံအဥာဏ်တွေပေးတတ်တဲ့သူ့ ကို ကျွန်မက “ကိုမင်း” လို့ အများခေါ်သလိုခေါ်ပြီး သူကလည်း ကျွန်မကို “ငယ်လေး” လို့  အိမ်ကခေါ်သလိုခေါ်တတ်သူဖြစ်သည်။ မောင်နှမ သုံးယောက်အနက် သူက အလတ် .. အစ်မတစ်ယောက် ညီတစ်ယောက်ရှိသည့် သူသည် ကျွန်မကိုလည်း မောင်နှမလိုပင်ဆက်ဆံခဲ့သည်။ ကိုမင်းရဲ့ညီ ရဲမြတ်နှင့် ကျွန်မမှာ အသက်ကလည်းရွယ်တူမို့ လို့  ညီမတစ်ယောက်လိုမြင်သည့် သူ့ ကို ကျွန်မအပြစ်မတင်ပါ။ အပြစ်တင်မည့်တင် ကိုမင်းနဲ့ ပတ်သက်ပြီး ပြောင်းလဲလာတဲ့ ကျွန်မရဲ့ ခံစားချက်ကိုပင် တင်သင့်သည်။
“ငယ် .. ” ခေါ်သံကြားလှည့်ကြည့်မိတော့ ရဲမြတ် လက်ပြကာ ကျွန်မကိုလှမ်းခေါ်နေခြင်းဖြစ်သည်။
“ဘာလဲ ” ခပ်ဆောင့်ဆောင့်မေးတော့ ..
“အိမ်မှာ  စနေ .. မုန့် လုပ်စားမလို့  .. နင်တို့ မိသားစုကိုသွားပြောဆိုလို့ လာတာ ” စပ်ဖြီးဖြီ ပြန်ဖြေသော ရဲမြတ်ကို မျက်စောင်းထိုးကာ
“မေမေတို့ ကိုပြောလိုက်မယ် .. ” ပြောပြီး လှည့်ထွက်လာခဲ့သည်။
Sunday, 11 September 2011
ဆုပ်ကိုင်မိသော အလင်းတန်းငယ်
“မေမေ ရေ .. သမီး .. ဒီတစ်ပတ် အဆင့် ၁ ရတယ်” ပြောရင်း မေမေ့ရင်ခွင်ထဲသို့ ပြေးဝင်လိုက်သည်။ မေမေက ကျွန်မ ပါးကို အသာနမ်းရှုံ့ ရင်း
“တော်လိုက်တာ .. မေ့သမီးလေး .. နောက်လတွေလည်း ဒီအတိုင်းပဲဖြစ်ရမယ်နော်” မေမေပြောတော့ ကျွန်မ ခေါင်းကို ဆက်ကာငြိမ့်လိုက်သည်။
မေမေသည် ကျွန်မအတွက် ကမ္ဘာပေါ်တွင် အရေးပါဆုံးသောလူသားတစ်ယောက်ဖြစ်သည်။ ကျွန်မချစ်သည်ဆိုသည့် အရာများထက် မေမေ့ကို ကျွန်မပိုလို့ ချစ်သည်။ ကျွန်မ ငယ်ငယ်လေးကတည်းက နိုင်ငံရပ်ခြားတွင် အလုပ်သွားလုပ်သော ဖေဖေ့နေရာတွင် မေမေသည် အဖေလိုတစ်မျိုး အမေလိုတစ်မျိုး ကျွန်မတို့ ကို ထိန်းကျောင်းခဲ့သူ။ ငယ်စဉ်ကတည်းက ဝလုံးလေး ဝိုင်းဝိုင်းရေးတတ်ရန် ကျွန်မလက်ကလေးကိုကိုင်ကာ သင်ကြားပေးခဲ့သည်။ ကြီးလာသည့်အခါတွင်လည်း ကျွန်မဘေးတွင် ကျွန်မ မကျက်ချင်သည့် စာများကို ဝိုင်းကျက်ပေးပြီး မတွက်တက်သည့် သချာင်္ပုဒ်စာများကို သေသေချာချာရှင်းပြတတ်သူ။ မေမေသည် ကျွန်မတို့ ကို ဆက်ဆံရာတွင်လည်း “ငါက အမေ .. ငါပြောတာ နားထောင်ရမယ်” ဆိုသည့် စိတ်မျိုး မရှိ။ မေမေသည် သူမ ဖြစ်စေချင်သော ဆန္ဒကို ကျွန်မတို့ မောင်နှမ နှစ်ယောက်ကို နားလည်စွာပြောတတ်ပြီး ကျွန်မတို့  ဆန္ဒကို ဦးစားပေးတတ်သူလည်းဖြစ်သည်။
Sunday, 11 September 2011
တစ်ခန်းရပ် သူနှင့်လေလှိုင်း
“မမ .. ဒီနေ့  ကောင်းကင်ကြီးက ပြာရောင်သန်းနေတယ် .. တိမ်ဖြူဖြူလေးတွေကိုလည်း ဟိုတစ်နေရာ ဒီတစ်နေရာ တွေ့ ရတယ် .. ကျောင်းရှေ့ မှာ စိုက်ထားတဲ့ ပန်းလေးတွေလည်း ပွင့်နေပြီ .. အရမ်းလှတာပဲ ..” ကျွန်မသဘောကျစွာပြုံးလိုက်မိသည်။
“မမ့ကို .. ပန်းလေးတွေနားခေါ်သွားပေး .. အနံ့ လေးခံရအောင်”
“ဟုတ် .. မမ .. သတိထားနော် .. မိုးရွာထားလို့  နည်းနည်းချော်နေတယ်” ကျွန်မလက်များကို ကိုင်တွယ်ကာ တစ်လှမ်းချင်းစီ သူမ သတိထားကာ လျှောက်လှမ်းနေသည်။
“ရောက်ပြီ .. မမ .. ခဏလေးနော် .. သတင်းစာသွားယူလိုက်ဦးမယ် .. အောက်မှာ ခင်းထိုင်လို့ ရအောင်” ပြောပြီး ခပ်မြန်မြန် ခြေနင်းသံလေးများကို အဆက်မပြတ်ကြားလိုက်ရသည်။ ကျွန်မ ရှေ့ တည့်တည့်သို့  လက်ကလေးဆန့် ထုတ်ကာ စမ်းကြည့်တော့ မိုးရွာထားတာ မကြာသေးလို့  ရေစက်လေးများကို ထိတွေ့ ရသည်။ နောက် ခပ်သင်းသင်း မြေနံ့ နှင့် ပန်းပွင့်တို့ ၏ ရနံ့ များမှာ ကျွန်မ စိတ်ကို ကြည်လင်စေသည်။ ကျွန်မရှေ့ တွင်ရှိနေသော ပန်းပွင့်သည် ဘာအရောင်လဲ ဘယ်လိုပုံစံမျိုးလဲ ကျွန်မ မသိ။ သို့ သော် လှပမည်ဆိုတာကတော့ ကျွန်မသေချာပေါက်ပြောရဲသည်။
ကျွန်မ့အသက် ၈ နှစ်တွင် ကားအက်ဆီးဒင့်ဖြစ်ပြီး အမြင်အာရုံကွယ်ခဲ့သည်။ ကားပေါ်တွင်ပါသော ကျွန်မ့ဖေဖေ မေမေ မောင်လေး သုံးယောက်လုံး ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။ ကျွန်မတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ပေမဲ့ အက်စီးဒင့်ကြောင့် မျက်စိကွယ်ခဲ့ရသည်။ ဆွေမျိုးများကလည်း ကျွန်မကို အလိုမရှိသောကြောင့် နောက်ဆုံးတွင် မျက်မမြင်ကျောင်းသို့ ပို့ ခဲ့သည်။ အစပိုင်းမှာ နေသားမကျပေမဲ့ ဆရာမများ၏ ဖေးမမှု ဂရုစိုက်မှု သူငယ်ချင်းများ၏ အားပေးမှုတို့ က ကျွန်မ့အတွက်အားဖြစ်စေခဲ့ပြီး ပျော်ရွှင်လာစေခဲ့သည်။ ကျွန်မတို့ ကျောင်းက မျက်မမြင်ကျောင်းဆိုပေမဲ့ မျက်မမြင်ချည်းပဲမဟုတ်။ ဆွံအသူ နားမကြားသူ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများလည်း ရှိသောကျောင်းဖြစ်သည်။ ဘဝတူချင်းမို့ လို့  တစ်ယောက်နဲ့ တစ်ယောက် အားပေးကာ နေ့ ရက်များကို ဖြတ်သန်းလာခဲ့ကြသည်မှာ ကျွန်မ့အသက်ပင် ယခုဆို ၂၀ ပြည့်ကာနီးပြီဖြစ်သည်။
Friday, 2 September 2011
အပယ်ခံနှလုံးသားနှင့် ကြိုးဆွဲသူ
“ဟိတ် .. ဒီမှာ .. နင်ကလည်း နောက်ကျလိုက်တာ .. အကုန်လုံးစောင့်နေပြီ”  စိတ်ဆိုးသည့်လေသံနှင့်ပြောလာသော အိမေကြောင့် ကျွန်မလျှာ လေးထုတ်ကာ
“စော်ရီးဟာ .. ဘတ်စ်စောင့်နေရလို့  …” ပြောပြီး အိမေ ပေးသောခုံလေးတွင်ထိုင်လိုက်သည်။
“ဘတ်စ်ကိုလာလွှဲချမနေနဲ့  .. နင်အိမ်ကထွက်လာတာနောက်ကျရင်ကျတယ်ပေါ့ .. ဒီလူနဲ့ ဒီလူမသိတာမှတ်လို့ ” နှုတ်ခမ်းလေး မစူ့ တစူလုပ်ကာပြောနေသော အိမေစကားကြောင့် ကျွန်မ ရယ်မိသည်။ နောက်
“ဟိုက .. ရောက်နေတာကြာပြီ .. အခု ငါတို့ စားဖို့ မုန့် သွားမှာတယ် .. လာလိမ့်မယ် .. အဟိ”
“အံမယ် .. အတော်အူမြူးနေပါလား .. ငအိမ .. ” ကျွန်မရယ်ကာစတော့ အိမေတစ်ယောက် မျက်နှာတစ်ခုလုံးနီရဲကာ
“နင်ကလည်း .. အဟိ .. ဒါနဲ့ ငါကြိုပြောဦးမယ်နော် .. သူနဲ့ တွေ့ ရင် ပေါက်ကရတွေလျှောက်မပြောနဲ့နော် .. နင်က သိပ်ယုံရတာဟုတ်ဘူး ”
“ဒါတော့ .. ကြောက်တယ်ပေါ့” မျက်ခုံးလေးပင့်ကာ ကျွန်မမေးတော့ အိမေ ကျွန်မကို မျက်စောင်းထိုးကာ
“နင်နော် .. ” ထို့ နောက် ကျွန်မတို့ နှစ်ယောက် သဘောကျစွာရယ်မိကြတော့သည်။
အိမေသည် ကျွန်မ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ သူငယ်တန်းမှ ဆယ်တန်းအထိတွဲလာသောသူများလည်းဖြစ်ကြသည်။ ဆယ်တန်းပြီးသည့်အချိန်တွင် ကျွန်မက စင်ကာပူတွင်ကျောင်းတက်ရန် ထွက်လာခဲ့သည်။ အိမေကတော့ ရန်ကုန်မှာပင် LCCI ပြီးအောင်တက်ပြီးမှ စလုံးသို့  လိုက်လာခဲ့သည်။ ထို့ မတွေ့ ရသည့် အချိန်တစ်နှစ်ဆိုသည့်အတွင်းတွင် ကျွန်မတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်ပြတ်ခဲ့ခြင်းမရှိပေ။ အွန်လိုင်းတွင် အမြဲရှိသည့် ကျွန်မနှင့်တွေ့ ရန် သူမကလည်း သူမအားသည့်အချိန်တိုင်း အွန်လိုင်းသို့ လာခဲ့သည်။ ထို့ ကြောင့် ကျွန်မတို့ နှစ်ယောက် အနေဝေးပေမဲ့လည်း စိမ်းသွားချင်းမျိုးမရှိချေ။ ဝေးရင်ဝေးသလို နီးရင်နီးသလို အလွမ်းသယ်တတ်သော ကျွန်မတို့ နှစ်ယောက်ကို အိမ်ကပင်ပြောယူလောက်သည်အထိ အမြင်ကပ်ခြင်းကိုလည်းခံခဲ့ရသည်။