Wednesday, 16 November 2011

   
    
     

ပိုင် - ဆိုင်သူ



“ဆိုင်သူ” ဆိုတဲ့ စကားလေးတစ်ခွန်းရဲ့ရှေ ့မှာ 
“ပိုင်” ဆိုတဲ့ စာလုံးလေးတစ်လုံးပါဖို့ ... .
နားလည်မှုတွေထွေးပိုက်ကာ စောင့်နေခဲ့ဘူးတယ်



မောင် .. 
စောင့်စားနေသူတွေအတွက်
အချိန်ဆိုတာ ဖြေဆေးဆိုရင် 



ဥပက္ခာပြုထားတဲ့ သံသယတွေ
မလောင်ကျွမ်းခင်
ပြတ်သားတဲ့ အဖြေတစ်ခုတော့
လိုချင်မိတယ် ။ 



April
16.11.2011 (2:03 AM )
                
             
  
    
   

Sunday, 13 November 2011

   
    
     

စင်ကာပူတွင်ပြုလုပ်သော မိုဘာဆုပေးပွဲနှင့် တွေ့ ဆုံပွဲ အမှတ်တရ



ပြီးခဲ့သည့်ရက် စနေနေ့  (၁၂.၁၁.၂၀၁၁) တွင် ဆုရသူများနှင့် မိုဘာအဖွဲ့ ဝင်များ တွေ့ ဆုံပွဲလေးကို စင်ကာပူတွင်ကျင်းပခဲ့ပါတယ်။ တက်ရောက်သူများမှာလည်း မအားသည့်ကြားက ရှိသလောက်အချိန်လေးများပေးခဲ့သည့်အတွက် ဒီနေရာမှတင် အားလုံးကိုကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ တက်ရောက်ခဲ့သူများကတော့ ပါလေရာ ဧပ၇ယ်၊ ဟိုစပ်စပ်ဒီစပ်စပ် ဝါလေး နှင့် မိုဘာရဲ့ ဒိတ်ဒိတ်ကျဲ မမေသိမ့် တို့ ဖြစ်ကြပါတယ်။

တွေ့ ဆုံရန် နေ့ လယ်ခင်း ၃နာရီ Sembawang MRT တွင်ချိန်းဆိုထားသော်လည်း .. အလုပ်များမပြီးကာ ဘော့စ်အော်သဖြင့် မမေသိမ့်တစ်ယောက် ၄နာရီကျော်မှ တွေ့ ဆုံပွဲကိုရောက်လာခဲ့ပါတယ်။ စောင့်စားနေချိန် ၁နာရီအတွင်း ဧပ၇ယ်နှင့် ဝါလေးမှာ Shopping များပတ်ကာ ဆိုင်များဝင်ကြည့်ရင်း ပါလေရာ ဧပ၇ယ်ရဲ့ အမြောက်ကောင်းမှုကြောင့် ဟိုစပ်စပ်ဒီစပ်စပ်ဝါလေးမှာ စိတ်များ တိမ်းညွတ်ပြီး အကျီ င်္တစ်ထည်ဝယ်ဖြစ်ခဲ့ပါတယ်။ ရာသီဥတုလေးကလည်း အေးအေး မိုးလေးကလည်းတဖွဲဖွဲဆိုတော့ စောင့်နေသူ နှစ်ယောက်မှာလည်း အပျင်းကြောဆွဲကာ တစ်နေရာတွင်ထိုင်ရန်ဆုံးဖြတ်လိုက်ပြီး Mc Donald သို့ ရောက်လာခဲ့ကြပါတယ်။ Mc Donald ရောက်တော့ မျောက်စိတ် ဧပ၇ယ်က Mc Orea Flurry သောက်မယ်လုပ်ပြီး ဝါလေးကတော့ Ice-cream သာစားမယ်ပြင်ပေမဲ့ .. စက္ကန့် ပိုင်းအတွင်း နှစ်ယောက်သား စိတ်များပြောင်းကာ Strawberry Milk Shake နှင့် Vanilla Milk Shake သာမှာဖြစ်ခဲ့ကြပါတယ်။ အရှေ့  အနောက် တောင် မြောက် အကုန်လုံးလှမ်းကာကြည့်ပြီးအတင်းတုပ်နိုင်သော အလယ်တည့်တည့်ခုံတွင်ဝင်ထိုင်ကြပြီး တစ်ယောက်ကိုတစ်ယောက် အတင်းတုပ်ခြင်းဖြင့် အချိန်ကုန်မှန်းမသိ ကုန်နေချိန်တွင် မမေသိမ့်တစ်ယောက် “ဟောဟဲ ဟောဟဲ” ဆိုပြီးရောက်လာတော့မှ .. “အော် .. မမေသိမ့်ရောက်ပြီပဲ” ဆိုပြီး စကားစများပြတ်လို့ သွားခဲ့ကြပါတယ်။

“ဗိုက်ဆာတယ် .. ဗိုက်ဆာတယ် ..” အော်ပြီး ကောင်တာရောက်သွားသော မမေသိမ့်က ဟမ်ဘာဂါ .. အအေး အာလူးကြော်များ ဝယ်ချလာပြီး တွေ့ ဆုံပွဲကစတင်လိုက်ကြပါတယ်ရှင်။ အများတကာလို မိတ်ဆက်စရာမလိုတဲ့ ထူးခြားတဲ့မျက်နှာအလှပိုင်ရှင်များမို့  တစ်ယောက်ကိုတစ်ယောက် သွားအဖြီးသားဖြီးပြခြင်းဖြင့် မိတ်ဆက်ခြင်းပြီးမြောက်လို့ သွားခဲ့ပါတယ်။ တစ်ဦးကိုတစ်ဦးဖြီးပြပြီးသည့်အချိန်မှာတော့ တစ်ယောက်အကြောင်းတစ်ယောက် ပိုမိုသိရှိစေရန် ညည်းခြင်းကိုစတင်လိုက်ကြပါတယ်။ ပထမဆုံး မျက်ရည်ပေါက်ပေါက်ကျအောင်ညည်းပြသူကတော့ ဒိတ်ဒိတ်ကျဲ မမေသိမ့်ပဲဖြစ်ပါတယ်။ နှစ်ကုန်ခါနီးမို့ လို့  စာရင်းများချုပ်နေရသည်မှာ OT တောင် မလိုချင်သည်အထိဖြစ်လာကြောင်း အွန်လိုင်းမတက်ဖြစ်သည်မှာ ၁၀ ရက်လောက်ရှိပြီဖြစ်ကြောင်းနှင့် .. မိုဘာကိုမဝင်နိုင်သောကြောင့် စားမဝင်အိပ်မပျော် တချိချိတောင် ဖြစ်နေကြောင်း ညည်းပြပြီးသည့်နောက် အလှည့်ကျလာသူ ဟိုစပ်စပ် ဝါလေးကလည်း အားကျမခံ Busy ကို နှုတ်ဖျားမှမချဘဲ နာရီဝက်တိတိညည်းပြသွားနိုင်ခဲ့ပါတယ်။ ပါလေရာ ဧပ၇ယ်ကလည်း နေမကောင်းဖြစ်သည်ကို အခွင့်ကောင်းယူကာ ညည်းလိုက်ပြီး နောက်ဆုံးတွင် သုံးယောက်သား အနိုင်အရှုံးမရှိ ပူးတွဲချန်ပီယံဆုကိုရရှိလို့ သွားကြပါတယ်ရှင်။ ဆုအဖြစ်ကတော့ Mc Donald မှ တစ်ရှူးတစ်ယောက်တစ်ရွက်စီသွားယူပြီး ကိုယ့်ကိုယ့်ကို ဆုပြန်ချလိုက်ကြပါတယ်။ အဲ့ဒီနောက်မှတော့ ဗဟုသုတအဖြစ် မမေသိမ့်က အလုပ်တွင် တွေ့ ကြုံရပုံများကို ဟာသလေးများဖြင့်ပြောပြခဲ့ပြီး ပထမအပိုင်း အစီအစဉ်ပြီးဆုံးလို့ သွားခဲ့ပါတယ်။

ဒုတိယအပိုင်းမှာတော့ လာရောက်သူ သုံးယောက်စလုံးမှာ စာရေးကြသူများဖြစ်သည်မို့  စာရေးသည်နှင့် ပတ်သတ်သည်များ ဆွေးနွေးခဲ့ကြပါတယ်။ နောက် စာရေးခြင်းနှင့် ပတ်သတ်ပြီး မိဘများ၏အမြင် ကိုယ့်၏အမြင်များ ကို အပြန်အလှန်ပြောဆိုပြီး ဘယ်အချိန်ကမှန်းမသိ မိဖုရားဖွားစောရဲ့ ကျိန်စာများအကြောင်းရောက်သွားပြီး  ဒိတ်ဒိတ်ကျဲ မမေသိမ့်က Pyramid များရှိသည့် Egypt တွင် ဓာတ်ပုံရိုက်ချင်ကြောင်း ဆိုလာခဲ့ပါတယ်။ နောက် ထိုPyramid များမှာ ကျိန်စာသင့်နေသည်ဖြစ်ကြောင်းကိုပြောပြရာဋ္ဌ် ဟိုစပ်စပ်ဝါလေးမှာ ကျိန်စာများရှိသည်ကို လက်ခံသဘောတူပြီး ပါလေရာဧပ၇ယ်ကတော့ “မ .. ကလည်း ပေါက်ကရတွေ” ဆိုပြီးကျိန်စာအပိုင်းပြီးလို့ သွားခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ဟိုစပ်စပ်ဝါလေးက Disney မှထုတ်လုပ်သည့် Rapunzel ကာတွန်းနှင့် ထိုမင်းသမီးမှာ သူမ၏အကြိုက်ဆုံးဖြစ်ကြောင်း ဆိုခဲ့သည့်အချိန်မှာ လုံးဝမထင်မှတ်ရသော ဒိတ်ဒိတ် မမေသိမ့်ကလည်း သူမလည်း ထိုRapunzel ကိုကြိုက်ကြောင်းဆိုလာခဲ့ပါတယ်။ အဲ့ဒီနောက်မှာတော့ ကာတွန်းဝါသနာရှင်များဖြစ်ကြသော မမေသိမ့်နှင့် ဝါလေး ဓာတ်ကျပြီး ပါလေရာ ဧပ၇ယ်ကတော့ ဒီတစ်ခါ မပါလေဘဲရှိနေခဲ့ပါတယ်။ သို့ သော်မပါဘဲငြိမ်နေမည်ဆိုလျှင် မနက်ဖြန်နေ နောက်မှ ထွက်လိမ့်မည်မှာမလွဲဧကန်ပင်။ ပါလေရာ ဆိုသည့်အတိုင်း သူမပါရင် သူပါရမည့်အကြောင်းကို မပါပါအောင် ပြောင်းလဲမည်ဆိုတာ မသိသော မမေသိမ့်နှင့် ဝါလေးတို့  ကောင်းနေသော စကားဝိုင်းကြားထဲ အထုပ်ကလေးတစ်ထုပ်ပစ်ပေးခဲ့ပါတယ်။ အဲ့ဒီအထုပ်ကလေးမှာ မမေသိမ့် ဘာဂါ စားတုန်းက ထည့်မစားသော ငရုတ်ကောင်းထုပ်ကလေးဖြစ်ပြီး ထို အထုပ်ကလေးကိုဖောက်ကာ ဗောက်ချာ စာရွက်ဖြင့် ပြန်လည်ချည်နှောင်ကာ ပါလေရာက ဟိုစပ်စပ်အား ပေးခဲ့သော ပထမဆုံး အမှတ်တရလက်ဆောင်လေးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက်မှတော့ Rapunzel ကနေ ငရုတ်ကောင်းအကြောင်းရောက်သွားပြီး ပါလေရာလည်း ထုံးစံအတိုင်းပါသွားခဲ့ရင်း ဝါလေးအား အထုပ်ကလေးလက်ဆောင်ပေးမိလို့ ထိုအထုပ်ကလေးမှာ ဆေးထုပ်ကလေးနှင့်တူလို့  ဒိတ်ဒိတ်ကျဲ မမေသိမ့်က အဖေအမေသဘောတူညီမှုမယူဘဲ ပါလေရာဧပ၇ယ်ကို ဗိန္ဓောဧပ၇ယ် ဆိုပြီး အမည်ပြောင်းလဲကာပေးခဲ့ပါတယ်ရှင်။

အမည်ကင်ပွန်းတပ်အခမ်းအနား ပြီးဆုံးသွားသည့်အချိန်မှာတော့ Mc Donald တွင်ဖွင့်ထားသော ဘောလုံးပွဲကို ခဏတာငေးမောပြီး အင်မတန်မှ ဘောလုံးအကြောင်းကျွမ်းကျင်နားလည်သော သုံးယောက်က Chelsea Vs Arsenal ပွဲကို ကြည့်ကာ Arsenal ကိုအာကြီးလို့ ဟုခေါ်တာဖြစ်ကြောင်း ဝါလေးကပြောသည်ကို ဧပ၇ယ်ကထောက်ခံသော်လည်း မမေသိမ့်ကငြင်းကာ အာကြီးဆိုတာ Argentina ဖြစ်ကြောင်းပြောကြရင်း နောက်ဆုံးတွင် မမေသိမ့်က မော်ရင်ဟို ကို မော်ကြီးဟုခေါ်ကြောင်း ချက်လ်ဆီးကို ချက်ကြီးဟုခေါ်ကြောင်း အာဂျင်တီးနားကို အာကြီးဟုခေါ်ကြောင်း ဟုတ်မဟုတ်မှန်မမှန် မသိသောအချက်အလက်များချပြကာ ဝါလေးအား တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ယူသွားနိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်မှတော့ ရသစာပေပြိုင်ပွဲတွင် နှစ်သိမ့်ဆုရရှိသူ နှစ်ယောက်အား မမေသိမ့်မှ တစ်ရှူးစများဖြင့် ပစ်ပေါက်ပြီး ဆုပေးရန် ပြင်ဆင်ခဲ့ပါတယ်။ ချစ်စရာကောင်းလောက်အောင် ချစ်ဖို့ ကောင်းတဲ့ လက်ဆောင်အိတ်ကလေးနှစ်အိတ်ကိုထုတ်ပြီး တစ်ယောက်တစ်အိတ်စီ ပေးခဲ့ပါတယ်။ အဲ့ဒီနောက်မှတော့ ရင်ခုန်ကြည်နူးဖွယ်ရာ ဆုရရှိသူများရဲ့ ရင်တွင်းစကားကိုနားထောင်မယ်မလုပ်ဘဲ ဒိတ်ဒိတ်ကျဲ မမေသိမ့်က သူပြောချင်ရာများကိုသိမ်းကျုံးပြောပြီး ဆုပေးပွဲအစီအစဉ်ပြီးမြောက်လို့ သွားခဲ့ပါတယ်ရှင်။ ဒါတောင် အဆစ်အနေနဲ့  ဝါလေးက ပွဲသိမ်းခါနီး နားမလည်သောဘာသာစကားဖြင့် ၃ မိနစ်ခန့် မနားတမ်း ပြောကြားသွားပါသေးတယ်ရှင်။

တွေ့ ဆုံပွဲလေး ၂ နာရီကျော်မျှ အချိန်ကြာမြင့်သွားပြီးသည့်နောက် တစ်ယောက်ကိုတစ်ယောက် ခင်မင်ရင်းနှီးစွာ နှုတ်ဆက်ရင်း အပြန်ခရီးတွင် အတွေးများကိုယ်စီဖြင့်ပြန်သွားပြီး မိုဘာတွေ့ ဆုံပွဲလေးလည်း အောင်မြင်စွာပြီးဆုံးလို့ သွားခဲ့ပါကြောင်း မလာရောက်ဖြစ်သော သူငယ်ချင်းမိတ်ဆွေ မောင်နှမ များအားလုံးကို အကြောင်းကြားအပ်ပါသည်ရှင်။

(မှတ်ချက် .. ရန်ကုန်တွင်ပြုလုပ်သော တွေ့ ဆုံပွဲကိုအားကျသည်နှင့် ရေးခြင်းဖြစ်ပါသည်။ ချစ်သော မမေသိမ့်နှင့် ဝါလေးကို စနောက်သည်များလွန်သွားခဲ့သည်ရှိသော် အပြစ်မမြင် ဗွေမယူ စိတ်ထဲမမှတ် မထားဘဲ .. ခွင့်လွှတ်ပေးပါရန် တောင်းဆိုလိုက်ပါသည်။)

April
13.11.11 (Sun) (05:22 PM)
                
             
  
    
   

Friday, 11 November 2011

   
    
     

သူမ ရေးသောဇာတ်သိမ်းခန်းနှင့် ဇာတ်ကောင် ကျွန်တော်


“ဒါ … မဖြစ်သင့်ဘူး .. မဖြစ်သင့်ဘူး .. ” ခေါင်းလေးတခါခါ မျက်မှောင်လေးကြုံ့ ကာ ပြောလာသော သူမကို ကျွန်တော်ကြည့်ပြီး သူမလှမ်းကြည့်နေသော နေရာသို့ ကြည့်မိလိုက်သည်။ အဝါနဲ့ အစိမ်း တလိုင်းစီဆွဲထားသော နံရံကလွဲလို့  ကျန်တာမရှိ။ တစ်ခါတစ်ခါ သူမပြောချင်တာကို ခေါင်းမရှိ အမြီးမရှိ ပြောချတတ်သော သူမအကျင့်ကို ကျွန်တော် အကျင့်သားရသင့်ပြီဖြစ်သင့်သော်လည်း ယခုချိန်အထိ အသားမကျနိုင်ပဲရှိနေသေးသည်။ ခဏနေတော့ ကျွန်တော့်ဘက်ခေါင်းလေးလှည့်လာပြီး …

“ဟဲ့ .. သိလား ..” ကျွန်တော် အသာရယ်ပြတော့ .. သူမက သဘောကျစွာ လိုက်ရယ်ပြီး

“လူဆိုတာကိုလေ .. အမြဲတရေသေ မှတ်လို့ မရဘူးဟ .. ဗုံးတစ်လုံးလိုပဲ . .ဘယ်အချိန်ထပေါက်မယ်မှန်းမသိနိုင်ဘူး .. တစ်ယောက်ကိုတစ်ယောက်နားလည်ပါတယ် … ရင်းနီးပါတယ် ခင်မင်ပါတယ် .. ပြောနေကြတာတွေက .. အမှန်တော့ ကာကွယ်နည်းတစ်မျိုးပဲ .. ဟုတ်တယ်မဟုတ်လား .. ” ကျွန်တော် သူမကိုစိုက်ကြည့်ကာ ခေါင်းငြိမ့်ပြလိုက်သည်။ သူမကလည်း ကျွန်တော့မျက်လုံးများကို သေချာစိုက်ကြည့်ပြီးတော့မှ တစ်ဖက်သို့ ပြန်လှည့်သွားတော့သည်။ “လူတွေမှာ လိမ်နည်းပေါင်းစုံရှိတယ် .. ကိုယ့်ကိုလူတစ်ယောက်က လိမ်လား မလိမ်ဘူးလားဆိုတာ .. သိနိုင်တဲ့နည်းက မျက်လုံးချင်းထိပ်တိုက်စုံဖို့ ပဲ .. အဲ့ဒါကြောင့် နောက် နင်နဲ့ ငါစကားပြောတိုင်း မျက်လုံးကိုပဲတည့်တည့်ကြည့်ကြေး .. အဲ့ဒါမှ ငါလိမ်လည်းနင်သိ .. နင်လိမ်လည်းငါသိ .. ဘယ်လိုလဲ .. ကတိနော် ” သူမ ပြောခဲ့ဘူးတဲ့ စကားလုံးများကို ကြားယောင်ရင်း ကျွန်တော်အသာပြုံးမိသည်။ သူမက အမြဲလို ကတိများ စကားများနဲ့ စည်းထားမှုကို ကျေနပ်သူဖြစ်သည်။ သူများပေါ်တွင်သာမကာ .. သူမကိုယ်တိုင်ကိုယ်ကိုလည်း စည်းများ မျဉ်းများ ချမှတ်ကာနေတတ်သူဖြစ်သည်။ တစ်ခါတစ်ခါ သူမအတွက် သူမ ချမှတ်သော စည်းများမှာ ကလေးဆန်လှသည်။

                
             
  
    
   

Monday, 31 October 2011

   
    
     

ကြယ်တစ်လုံး၏ချစ်ခြင်း

ကြယ် .. တလက်လက်နဲ့ တောက်ပနေသော ကျွန်မရဲ့ကြယ်ကလေး .. အို .. မဟုတ်သေးဘူး ကျွန်မမက်မောတမ်းတခဲ့တဲ့ကြယ်ကလေးတစ်လုံး .. နေ့ ခင်းချိန်မှာတောင် နေမင်းနဲ့ အတူ အပြိုင်တောက်ပနေတဲ့ ကျွန်မ ဘယ်တော့မှ ပိုင်ဆိုင်ဖို့ မဖြစ်နိုင်တဲ့ ကြယ်ကလေး … ။


xxxxxxxxxxxxxxx           xxxxxxxxxxxxxx        xxxxxxxxxxxxx

အိမ်တံခါးဖွင့်ဖွင့်ချင်း မြင်လိုက်ရသော မြင်ကွင်းကြောင့် ကျွန်မမှင်သက်သွားသည်။ အိမ်နဲ့ ကျောင်း .. ကျောင်းနဲ့ အလုပ် .. အလုပ်နဲ့ အိမ် လုံးချပတ်နေသော ကျွန်မအတွက် ဘေးဘီအိမ်များကို ဂရုမစိုက်မိတာကြာလှပြီ။ သို့ သော် ဒီနေ့ တော့ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မ့ဘက်မှအိမ်တံခါးဖွင့်သည့်အချိန်နှင့် ဘေးအိမ်မှ အိမ်ထဲဝင်ရန်ပြင်နေသည့်အချိန် ထိပ်တိုက်တိုးမိသည်။ ခဏတာလေး အချိန်အတွင်းမှာပင် ကျွန်မရင်ခွင်တစ်ခုလုံး ဗြောင်းဆန်သွားခဲ့သည်။ သူဘယ်လိုလုပ်ပြီး .. ဒီကို ကိုယ့်ကိုယ်ကို မယုံကြည်နိုင်အောင် ကျွန်မဖြစ်ခဲ့သည်။ သူ့ ဘက်ကတော့ တစ်ချက်သာ လှမ်းကြည့်ပြီး အခန်းလေးထဲဝင်သွားတော့ ကျွန်မတစ်ယောက်သာ အပေါက်ဝတွင် ငူတူတူနှင့်ကျန်ရစ်တော့သည်။

တစ်နေ့ လုံး ကျောင်းမှာရော .. အလုပ်မှာရော စိတ်မပါချေ။ ဒီနေ့ ကျမှ အိမ်ကို ထူးထူးဆန်းဆန်း မြန်မြန်ပြန်ရောက်ချင်လှပြီဖြစ်သည်။ ကျောင်းဆင်းသည်နှင့် အလုပ်ကို ဖုန်းဆက်ပြီး သူငယ်ချင်းတစ်ယောက်ကို အစားဝင်ခိုင်းကာ အိမ်သို့  ခပ်သုတ်သုတ်ပြန်ပြေးလာခဲ့သည်။ လမ်းတွင်လည်း သူနဲ့ နောက်တစ်ကြိမ်ထပ်ဆုံရန် အကြိမ်ကြိမ်ဆုတောင်းခဲ့သည်။ ကျွန်မ ကံဇာတာပဲကောင်းလာလို့ လားမသိ . .ဆုတောင်းသည့်အတိုင်းသူနှင့် ထပ်ဆုံခဲ့သည်။ သို့ သော်  မနက်တုန်းကလောက် ကျွန်မနှုတ်ခမ်းတွင် အပြုံးများတွဲခိုမနေ။ ဂစ်တာအိတ်လေး လွယ်ကာ တံခါးအပေါက်ဝတွင် သူရပ်ကာနေသည်။ နောက် မရှေးမနှောင်း သူ့ ထက်အနည်းငယ် ငယ်သယောင်ရှိသည့် မိန်းကလေးတစ်ယောက်လည်း ဂစ်တာအိတ်ကလေးလွယ်ကာ ထွက်လာသည်။ သူ ထွက်လာသော မိန်းကလေးရဲ့ ပခုံးကို အသာဆုပ်ကိုင်ကာ ကျွန်မဘေးမှ ဖြတ်လျှောက်သွားတော့ ကျွန်မ မျက်လုံးများထဲတွင် မျက်ရည်များပင်ဝေ့တက်လာခဲ့သည်။ နောက်အသာပြုံးကာ အိတ်ထဲမှ သော့လှမ်းယူပြီး အိမ်တံခါးလေးဖွင့်လိုက်သည်။

                
             
  
    
   

Friday, 14 October 2011

   
    
     

ဝက်သားလုံးဟင်းနှင့် သယ်ချင်း ^^

“ဟေ့ .. ဒီနေ့  ဘာဟင်းချက် .. ”

“ခေါက်ဆွဲ ပြုတ် ... ” ကျွန်မ ရယ်ကာပြောတော့ ချစ်သယ်ချင်းက

“တစ်နေ့ တစ်နေ့  ခေါက်ဆွဲပြုတ်ချည်းပဲ .. နင်ပြောတော့ ဟင်းချက်တတ်တယ်ဆို .. ”

“အင်းလေ .. ချက်တတ်တယ်လေ .. ”

“ဒါဆို ဘာလို့  ချက်မစားတာလဲ ..  ” စားလက်စ ခေါက်ဆွဲပန်းကန်ကိုချပြီး 

“ဘာလဲ .. ဟင်းချက်တတ်ရင် ခေါက်ဆွဲပြုတ်မစားရဘူးလား .. စားရင် တရားစွဲလို့ လား .. ” ပေကပ်ကပ်ပြောတော့မှ အမိက ခေါင်းဘယ်ပြန်ညာပြန် ထပ်တလဲလဲခါကာ အသံတိတ်သွားတော့သည်။ 

                
             
  
    
   

Monday, 3 October 2011

   
    
     

ရင်ခွဲသူ


စကားလုံးတွေထဲမှာ 
ဓားသွားများထည့်ထားသလား မောင်ရယ် .. 
မာနကိုရိုက်ချိုး မျက်ရည်တွေကိုမှ လောင်းချိုးချင်တယ်တဲ့လား ..

ဝင်သက်ထွက်သက်လေးကိုတောင်မှ မငဲ့ညှာ
ပေးခဲ့တဲ့ ဒဏ်ရာတွေက ရင်ဝမှာ ဆို့ စေတယ် .. 

တူညီတဲ့ခေါင်းစဉ်အောက်
ထားခဲ့သူနဲ့  ထားခံရသူ 
ဘယ်ဘက်အခြမ်းမှာ နေချင်သလဲတော့ မမေးပါနဲ့  ..
ညင်သာစွာ ကွဲအက်လာတဲ့အသည်းကို
မြင်သာအောင် မပြတတ်လို့ 
ရင်နာအောင် တည်ရှိမဲ့အလွမ်းကိုပဲ
ကြင်နာစွာ ဆုပ်ကိုင်ခွင့်ပြုပါ .. ။

April
03.10.2011 (05:14 PM) Mon

                
             
  
    
   

Sunday, 2 October 2011

   
    
     

မှတ်မိသေးလား



မှတ်မိသေးလား 
စကားလုံးတွေနဲ့  ခလုပ်တိုက်ခဲ့ကြတဲ့ 
တို့ နှစ်ယောက်

မှတ်မိသေးလား
လေလှိုင်းပေါ်မှာ လွင့်မျောခဲ့တဲ့
ရင်ခုန်သံ သံစဉ်အချို့

မှတ်မိသေးလား
ဘယ်တော့မှ .. ကတိစကားတွေနဲ့ 
ချိတ်ခဲ့ဘူးတဲ့ လက်သန်းကလေး

မှတ်မိသေးလား
လက်ဖဝါးချင်းအပ်လို့  လှမ်းခဲ့ဘူးတဲ့
ပန်းခင်းလေး

မှတ်မိသေးလား
အနမ်းတွေ ဝေခဲ့ဘူးတဲ့
ခုံတန်းလျားလေး

မှတ်မိသေးလား
လမ်းခွဲမှာ မျက်နှာချင်းဆိုင်ခဲ့တဲ့
ကျောပြင်နှစ်ခု

မှတ်မိသေးလား
တစ်ချိန်က တို့ နှစ်ယောက်
ချစ်ခဲ့ဘူးတယ်ဆိုတာ

မှတ် .. မိ .. သေး .. လား ... ။

April
02.10.2011 (03:03 PM) Sun