တစ်ခန်းရပ် သူနှင့်လေလှိုင်း
“မမ .. ဒီနေ့  ကောင်းကင်ကြီးက ပြာရောင်သန်းနေတယ် .. တိမ်ဖြူဖြူလေးတွေကိုလည်း ဟိုတစ်နေရာ ဒီတစ်နေရာ တွေ့ ရတယ် .. ကျောင်းရှေ့ မှာ စိုက်ထားတဲ့ ပန်းလေးတွေလည်း ပွင့်နေပြီ .. အရမ်းလှတာပဲ ..” ကျွန်မသဘောကျစွာပြုံးလိုက်မိသည်။
“မမ့ကို .. ပန်းလေးတွေနားခေါ်သွားပေး .. အနံ့ လေးခံရအောင်”
“ဟုတ် .. မမ .. သတိထားနော် .. မိုးရွာထားလို့  နည်းနည်းချော်နေတယ်” ကျွန်မလက်များကို ကိုင်တွယ်ကာ တစ်လှမ်းချင်းစီ သူမ သတိထားကာ လျှောက်လှမ်းနေသည်။
“ရောက်ပြီ .. မမ .. ခဏလေးနော် .. သတင်းစာသွားယူလိုက်ဦးမယ် .. အောက်မှာ ခင်းထိုင်လို့ ရအောင်” ပြောပြီး ခပ်မြန်မြန် ခြေနင်းသံလေးများကို အဆက်မပြတ်ကြားလိုက်ရသည်။ ကျွန်မ ရှေ့ တည့်တည့်သို့  လက်ကလေးဆန့် ထုတ်ကာ စမ်းကြည့်တော့ မိုးရွာထားတာ မကြာသေးလို့  ရေစက်လေးများကို ထိတွေ့ ရသည်။ နောက် ခပ်သင်းသင်း မြေနံ့ နှင့် ပန်းပွင့်တို့ ၏ ရနံ့ များမှာ ကျွန်မ စိတ်ကို ကြည်လင်စေသည်။ ကျွန်မရှေ့ တွင်ရှိနေသော ပန်းပွင့်သည် ဘာအရောင်လဲ ဘယ်လိုပုံစံမျိုးလဲ ကျွန်မ မသိ။ သို့ သော် လှပမည်ဆိုတာကတော့ ကျွန်မသေချာပေါက်ပြောရဲသည်။
ကျွန်မ့အသက် ၈ နှစ်တွင် ကားအက်ဆီးဒင့်ဖြစ်ပြီး အမြင်အာရုံကွယ်ခဲ့သည်။ ကားပေါ်တွင်ပါသော ကျွန်မ့ဖေဖေ မေမေ မောင်လေး သုံးယောက်လုံး ပွဲချင်းပြီး သေဆုံးခဲ့ကြသည်။ ကျွန်မတစ်ယောက်သာ အသက်ရှင်ကျန်ရစ်ပေမဲ့ အက်စီးဒင့်ကြောင့် မျက်စိကွယ်ခဲ့ရသည်။ ဆွေမျိုးများကလည်း ကျွန်မကို အလိုမရှိသောကြောင့် နောက်ဆုံးတွင် မျက်မမြင်ကျောင်းသို့ ပို့ ခဲ့သည်။ အစပိုင်းမှာ နေသားမကျပေမဲ့ ဆရာမများ၏ ဖေးမမှု ဂရုစိုက်မှု သူငယ်ချင်းများ၏ အားပေးမှုတို့ က ကျွန်မ့အတွက်အားဖြစ်စေခဲ့ပြီး ပျော်ရွှင်လာစေခဲ့သည်။ ကျွန်မတို့ ကျောင်းက မျက်မမြင်ကျောင်းဆိုပေမဲ့ မျက်မမြင်ချည်းပဲမဟုတ်။ ဆွံအသူ နားမကြားသူ ကိုယ်လက်အင်္ဂါမသန်စွမ်းသူများလည်း ရှိသောကျောင်းဖြစ်သည်။ ဘဝတူချင်းမို့ လို့  တစ်ယောက်နဲ့ တစ်ယောက် အားပေးကာ နေ့ ရက်များကို ဖြတ်သန်းလာခဲ့ကြသည်မှာ ကျွန်မ့အသက်ပင် ယခုဆို ၂၀ ပြည့်ကာနီးပြီဖြစ်သည်။
သူမပြောပြသည့် ကွန်ပြူတာ ဆိုသည်မှာလည်း ကျွန်မတို့  နားထောင်ပြီး တအံ့တသြဖြစ်ခဲ့ရသည်။ ကွန်ပြူတာဆိုတာ တီဗွီအသေးစားလိုပဲတဲ့ .. ဒါပေမဲ့ သူက တီဗွီလို လိုင်းတွေမပါဘူး အင်တာနာ ဆိုသည့် ဟိုဘက်ဒီဘက် အတံများထွက်နေသည့် ဒုတ်မလိုဘူး ဆိုသည့်အကြောင်း ကွန်ပြူတာထဲမှ နိုင်ငံတကာသတင်း အနုပညာရှင်တွေရဲ့ သတင်း အခုခတ်စားတဲ့ ကိုရီးယားကားတွေကို အချိန်မရွေး နေရာမရွေး ကြည့်လို့ ရသည်ဖြစ်ကြောင်း နောက်ပြီး ကွန်ပြူတာကို အသုံးပြုကာ ကမ္ဘာ့နေရာ အရပ်ရပ်မှ လူများနှင့် မိတ်ဆွေဖွဲ့ နိုင်ကြောင်း ကျွန်မတို့ အတွက်တော့ သူမ၏ ကွန်ပြူတာဆိုသည်မှာ ဂြိုလ်သားတစ်ကောင်လိုပင် ပါးစပ်အဟောင်းသားနှင့် နားထောင်နေမိသည်။
ကွန်ပြူတာပြီးသွားသည့်အချိန်မှာတော့ ချိုချို အခုတစ်လောပြောဖြစ်သည်မှာ ဟန်းဖုန်းများအကြောင်းဖြစ်သည်။ ဟန်းဖုန်းဆိုတာကလည်း ရိုးရိုးဖုန်းအသေးစားဖြစ်ကြောင်း သူက သာမန်ဖုန်းတွေလို ကြိုးတွေမပါကြောင်း လက်ဖဝါးတစ်ဖဝါးစာ အရွယ်ရှိသောကြောင့် သွားလေရာ အလွယ်တကူထည့်သွားလို့ ရကြောင်းစသည်ဖြင့် သူမဆိုလာပြန်သည်။ သူမပြောသော ဟန်းဖုန်းကိုတော့ ကျွန်မစိတ်ဝင်စားမိသည်။ ချိုချိုကဆက်ဆိုသေးသည် အရင်တုန်းက ဟန်းဖုန်းများသည် ဖုန်းပြောရုံနှင့် စာပို့ ရုံပဲဖြစ်ပြီး အခုနောက်ပိုင်းမှာတော့ ဖုန်းထဲတွင် ရေဒီယို ဂိမ်းများ နှိုးစက် ကင်မရာ သီချင်းနားထောင်ရန် စသည်ဖြင့် ပါဝင်လာကြောင်း။ ချိုချိုပြောသည့် ဖုန်းလေးကို ကျွန်မစိတ်ကူးထဲတွင် ပုံဖော်ကြည့်သောအခါ တော်တော်လေး ချစ်ဖို့ ကောင်းလှသည်။ ကျွန်မ ဖုန်းလေး တစ်လုံးလောက်လိုချင်မိသည်။ သို့ သော် မျက်မမြင်တစ်ယောက်အနေနဲ့  ဖုန်းတကိုင်ကိုင်ဆိုရင် ရယ်စရာကောင်းလိမ့်မည်ဖြစ်သည်။ ထို့ ကြောင့် ကျွန်မအတွေးများကို ရပ်လိုက်သည်။ သို့ သော် ကျွန်မညအိပ်တိုင်း ချိုချိုပြောသော ဖုန်းလေးကို မြင်ယောင်မိသည်။ ကြာလာသည်နှင့်အမျှ ဖုန်းလိုချင်သော ကျွန်မ၏စိတ်က စိတ္တဇလိုဖြစ်လာတော့သည်။
တစ်နေ့ မှာတော့ ကျွန်မရဲ့ ဆန္ဒပြည့်လာခဲ့သည်။ ကျွန်မမှာ ကိုယ်ပိုင်ဖုန်းလေးတစ်လုံးရှိလာခဲ့သည်။ ထိုဖုန်းလေးသည် ဖုန်းအစစ်တော့ မဟုတ်ချေ။ စိတ်ကူးဖုန်းကလေးတစ်လုံးဖြစ်သည်။ ကျွန်မ၏ စိတ်ထဲတွင် ဖြစ်တည်လာသော ဖုန်းကလေးဖြစ်သည်။ တစ်ခြားမည်သည့်အရာမှ ကျွန်မ မမြင်ရပေမဲ့ .. ထိုဖုန်းကလေးကိုတော့ ကျွန်မ မြင်နေရသည်။ ဒါပေမဲ့ စိတ်ကူးဖုန်းလေးကို ကျွန်မ ဘယ်လိုအသုံးပြုရမည်လဲ ကျွန်မ မသိချေ။ ချိုချို့ အပြောအရဆိုရင် ဖုန်းလာရင် ကိုင်ရန် အစိမ်းရောင် ခလုတ်တစ်ခု ဘယ်ဘက်တွင်ရှိပြီး ငြင်းဆိုရန် အနီရောင်ခလုတ် ညာဘက်တွင်ရှိကြောင်းနှင့် ထိုခလုတ်များ၏ အောက်တွင် ၁ မှ ၀ အထိ ဂဏန်းများ သုံးလုံး တစ်ကြောင်းနှုန်းဖြင့် လေးကြောင်းရှိကြောင်းသိရသည်။ ဒီဖုန်းလေးက ခေါ်လို့ ရလား မရလား ကျွန်မ မသိပေမဲ့ ကျွန်မပျော်ရွှင်နေမိ သည်ကတော့ သေချာသည်။
ဖုန်းလေးရပြီးကတည်းက အရင်ကနဲ့ မတူ ကျွန်မ၏နေ့ ရက်များသည် ပိုပြီး ပြည့်စုံလာသလိုလို အမြဲလိုလိုလည်း ကျွန်မပြုံးလာတတ်သည်။ ဒါကို သတိထားမိသော ချိုချိုက .. မေးသော်လည်း ကျွန်မ အပြုံးများဖြင့်သာ တုံ့ ပြန်ခဲ့သည်။
“ဟွင် .. ငါ့မမကတော့ .. လုပ်ပြန်ပြီ .. တစ်ယောက်ထဲ ရယ်နေပြန်ပြီ .. ချို့ ကိုလည်းပြောပြလေ ” ကျွန်မ့လက်ကို ဆွဲကာ ဂျီကျသော ချိုချိုရဲ့ လက်ကလေးကို ကျွန်မပြန်ကိုင်လိုက်ပြီး
“မဟုတ်ပါဘူးကွယ် .. ပန်းလေးတွေရဲ့ ရနံ့ က ဒီနေ့ ကျမှ ပိုသင်းနေလို့ .. အဲ့ဒါကြောင့် သဘောကျပြီး ရယ်မိတာ”
“ဟုတ်လား .. ချိုကတော့ မြေကြီးနံ့ ကလွဲလို့  … ဘာပန်းနံ့ မှမရဘူး .. ” ပြောပြီး ကျွန်မထိုင်ရန် သတင်းစာများခင်းပေးပြီး အချိန်တန်ကြာအောင် ကျွန်မတို့ နှစ်ယောက် စကားများဖောင်ဖွဲ့ မိကြသည်။
ညနေထမင်းစားချိန်ရောက်မှ နှစ်ယောက်ကျောင်းထဲသို့ ပြန်ဝင်လာခဲ့ကြသည်။ ဒီညတော့ ချိုချိုတစ်ယောက် ကျွန်မတို့ အဆောင်တွင် မအိပ်ဘဲ သူမ၏ကျောင်းသို့ ပြန်အိပ်ရန် ပြန်သွားသည်။ သုံးယောက်တစ်ခန်း နှုန်းဖြင့် အခန်း ၂၀ ပါရှိသော ကျွန်မတို့ အဆောင်လေးသည် ဒီနေ့ တော့ ခြောက်ကပ်လှသည်။ ကျွန်မလည်း ကျွန်မနဲ့ အတူနေသော အခန်းဖော် မဝါကို နှုတ်ဆက်ပြီး အိပ်ရန်ပြင်တော့သည်။ “ချပ် ချပ် ချပ်” နာရီလက်သံလှုပ်ရှားမှုမှအပါ တစ်ခြားဘာအသံမှမကြားရသော ကျွန်မတို့ အခန်းလေးတွင် ရုတ်တရက် သီချင်းသံကြောင့် ကျွန်မလန့် နိုးသွားသည်။ ညကြီး အချိန်မတော် ဒီသီချင်း ဘယ်ကထွက်လာတာလဲ ကျွန်မဘေးဘီသို့  နားစွင့်မိသည်။ သေချာသည်က ထိုအသံသည် ကျွန်မဘေးနားမှ ထွက်လာသောအသံဖြစ်သည်။ လက်နဲ့  အသံလာရာကို စမ်းကြည့်ပေမဲ့လည်း ဘေးတွင် မည့်သည့်အရာဝတ္ထုမှမရှိ။ သုံးမိနစ်လောက်အကြာတွင်တော့ ရပ်တန့် သွားသည်။ ရုတ်တရက် ဆိတ်ငြိမ်မှုကြောင့် ကျွန်မ အိပ်မက်များ မက်နေတာလား ထင်မိပြီး အိပ်ယာပေါ်သို့  ပြန်လှဲလိုက်ပြီး မျက်လုံးပိတ်မိသည့်အချိန်တွင် ထိုသီချင်းသံလေးပြန်ထွက်ပေါ်လာပြန်သည်။ ဒီတစ်ခါတွင်တော့ အသံလာသည်မှာ ကျွန်မနှင့် အလွန်အလွန်နီးစပ်ရာနေရာကဖြစ်သည်။ သို့ သော် ကျွန်မတို့ အခန်းလေးထဲတွင် ခုတင်သုံးလုံး စီရီထားပြီး အရှေ့ တွင် စားပွဲရှည်တစ်လုံးထားရှိသည်ကလွဲလို့ ကျန်မည်သည့် ပစ္စည်းမှမရှိ။ ထူးဆန်းသည်မှာ ဒီလောက်အသံကျယ်ကြီးမြည်နေသော သီချင်းသံကို အလွန် အအိပ်စက်သော မဝါမှာ တုတ်တုတ်မှလှုပ်ခြင်းမရှိခြင်းဖြစ်သည်။
သရဲများခြောက်သလား ရုတ်တရတ်တွေးမိတော့ လူက နည်းနည်းလေးတုန်လှုပ်သွားမိသည်။ သို့ သော် ဘယ်သရဲက မျက်မမြင်ကိုလာခြောက်မှာလဲ။ အရှေ့ မှာ သူပြူးပြ ဖြဲပြနေလည်း ကျွန်မက မြင်ရမည်မှမဟုတ်တာ စဉ်းစားမိပြီး ကြောက်စိတ်များပြေလာပြီး ရယ်တောင်ရယ်ချင်လာသည်။ ဒီတစ်ခါတွင်တော့ သီချင်းသံသည် ပထမတစ်ခေါက်ထပ် ပိုကြာသည်။ အိပ်ယာပေါ်တွင် ဟိုစမ်းဒီစမ်းလိုက်စမ်းနေမိပြီး ကျွန်မပြုံးမိသည်။ ဒီသီချင်းသည် ကျွန်မရေဒီယိုတွင်နားထောင်ခဲ့သော ကျွန်မအကြိုက်ဆုံး သီချင်းလေးဖြစ်သည်။ နားထောင်ရင်း အသာလေးတိုးငြင်းစွာညဉ်းမိသည်။ ထိုအချိန်တွင် ကျွန်မရုတ်တရက် ထိတ်လန့် သွားခဲ့သည်။ သီချင်းလာသည်မှာ အပြင်ကမဟုတ် ..ကျွန်မ့ပတ်ဝန်းကျင်မှမဟုတ် ကျွန်မ့၏ စိတ်ထဲ .. ကျွန်မ၏အတွင်းစိတ်ထဲ ဖုန်းကလေးတည်ရှိရာနေရာမှဖြစ်သည်။
မျက်စိကိုအသာလေးမှိတ်ကာနေလိုက်တော့ ဖုန်းကလေးက ကျွန်မ အာရုံထဲတွင်ပေါ်လာသည်။ ထို့ နောက် ချိုချိုပြောသလို မီးလေးမှိတ်တုပ်မှိတ်တုပ်နှင့် လင်းနေသည်။ အံ့သြစွာ ကျွန်မကြည့်နေမိပြီး ဖုန်းလေးကိုကိုင်မိလိုက်သည်။ တစ်ဖက်မှ
“ဟယ်လို” အသံကြောင့် ကျွန်မဆွံ့ အ လို့ နေတော့သည်။ ထို့ နောက်
“ဟယ်လို” ကျွန်မတုန်ရင်စွာပြန်ထူးမိသည်။
“ဖုန်းလျှောက်စမ်းရင်းနဲ့  လိုင်းဝင်သွားတာ” တစ်ဖက်က ကြည်လင်သော ယောကျာ်းတစ်ယောက်အသံကြောင့် ရုတ်တရက် ပြောစရာစကားများ ကျွန်မပျောက်နေခဲ့သည်။
“စိတ်ဆိုးသွားလားမသိဘူး .. ”
“မဆိုးပါဘူး” ကျွန်မပြန်ဖြေလိုက်ပြီး
“တော်သေးတာပေါ့ .. ကျွန်တော့်နာမည်က မှိုင်း .. ခင်ဗျားနာမည်ရော”
“ပန်း .. နု”
“လှလိုက်တာ .. ကျွန်တော် ပန်းလို့ ခေါ်မယ် .. ရတယ်မဟုတ်လား” သူစိမ်းယောကျာ်းတစ်ယောက်နဲ့  ပထမဦးဆုံးအကြိမ်စကားပြောသည်ကတစ်ကြောင်း သူရဲ့ ပန်း လို့ ခေါ်လို့ ရမည်လားဆိုသည့်မေးခွန်းကြောင့် ကျွန်မ တစ်ကိုယ်လုံး ရှိန်းတိန်းတိန်းဖြစ်သွားသည်။ သို့ သော် ကျွန်မ မငြင်းမိ
“အင်း ” ပြန်ဖြေလိုက်ပြီး နှစ်ဖက်လုံးတိတ်ဆိတ်နေမိသည်။ ထို့ နောက် သူကစ၍
“ကျွန်တော်အခု ပန်းကို ခေါ်နေတာ တကယ့်ဖုန်းကမဟုတ်ဘူး .. ကျွန်တော့်ရဲ့ စိတ်ကူးထဲကဖြစ်ပေါ်လာတဲ့ ဖုန်းနဲ့ ခေါ်နေတာ .. နည်းနည်းအူကြောင်နိုင်မလားဟင် .. ”ရယ်သံစွတ်ကာ ပြောလာသော သူကြောင့် ကျွန်မပြုံးကာ
“ပန်းလည်း .. အတူတူပဲ .. စိတ်ကူးဖုန်းနဲ့ ပဲ” သူ့ ကိုပြန်ပြောတော့ အံ့သြသောအသံဖြင့် သူက
“တကယ်လား .. ကျွန်တော့်ကို နောက်နေတာလား … ကျွန်တော့်အိမ်က ဆင်းရဲတယ် .. တစ်နေ့ လုပ်မှ တစ်နေ့ စားရတဲ့ဘဝ .. ကျွန်တော်နဲ့ ရွယ်တူ လူငယ်တွေ ဖုန်းလေးကိုင်ပြီး ပြောဆိုနေကြတာမြင်တော့ ကျွန်တော် အရမ်းအားကျတာပဲ .. အဲ့လိုနဲ့  .. ကျွန်တော်စိတ်ကူးထဲမှ ဖုန်းလေးတစ်လုံးလောက်ပိုင်ရင်ဆိုပြီးတော့ စိတ်ကူးရင်းနဲ့  ဒီဖုန်းလေး ဖြစ်တည်လာခဲ့တာ” တဆက်ထဲသူပြောချသွားပြီး ခဏနားကာ
“ဒါနဲ့  .. ခင်ဗျားကရော .. ” သူမေးတော့ ကျွန်မလည်း ကျွန်မရဲ့ စိတ်ကူးဖုန်းလေးအကြောင်းသူ့ ကိုပြောပြမိသည်။ သူ့ ဘက်က အတန်ကြာအောင် စကားတုံ့ ပြန်ခြင်းမရှိတော့ ကျွန်မဝမ်းနည်းသွားခဲ့သည်။ အင်းလေ .. မျက်မမြင်တစ်ယောက်နဲ့ ဘယ်သူက အဖက်လုပ်ပြီး စကားပြောချင်မှာလဲ ကျွန်မတွေးမိပြီး ဖုန်းလေးကို ချမည်အလုပ်
“တောင်းပန်ပါတယ်ဗျာ .. ကျွန်တော် မမေးသင့်ဘူး .. ခင်ဗျား ရဲ့ အနာကိုဆွသလိုဖြစ်သွားရင်တောင်းပန်ပါတယ် .. ” သူရဲ့ တိုးညဉ်းစွာ တောင်းပန်သံကြောင့် ကျွန်မ ပြုံးမိသည်။
“ရပါတယ် .. ကိစ္စမရှိပါဘူး” ပြောပြီး သူနဲ့ ကျွန်မ တစ်ယောက်အကြောင်းတစ်ယောက် အပြန်အလှန်အတန်ကြာအောင် ပြောမိကြသည်။ နာရီလက်သံ လေးချက်ထိုးသံကြားတော့မှ လေးနာရီထိုးပြီဆိုတာ သတိရပြီး သူနှင့်စကားဖြတ်လိုက်သည်။ ဖုန်းချခါနီး
“ကျွန်တော် နောက်နေ့ တွေလည်း .. ဆက်လို့ ရမလား” သူမေးတော့
“အင်း … ” ပြန်ဖြေပြီး ကျွန်မဖုန်းလေးချမိသည်။ ထို့ နောက် အိပ်ရန်ကြိုးစားပေမဲ့လည်း ကျွန်မအိပ်မပျော်တော့ချေ။ တစ်ခါမှ မခံစားဖူးသည့် ခံစားချက်အသစ်ကြောင့် ကျွန်မ ရင်တွေခုန်လို့ နေတော့သည်။
ထိုနေ့ မှစပြီး နေ့တိုင်းနီးပါး သူနှင့် ကျွန်မဖုန်းပြောခဲ့ကြသည်။ စိတ်ထဲတွင်လာသောဖုန်းကို စိတ်ထဲမှာပင် အသံထွက်ကာ ပြောသောကြောင့် မည်သူမှလည်း မရိပ်မိကြ။ မသိကြပေ။ ကျွန်မတို့ နှစ်ယောက် တစ်ယောက်ကို တစ်ယောက်အခုချိန်ဆို ခင်လာခဲ့ကြသည်မှာ သုံးလ ကျော်လောက်ရှိပြီဖြစ်သည်။ သူက သူနေထိုင်သော ပတ်ဝန်းကျင်အကြောင်း သူ အမြဲသွားသွားလည်တတ်သော နေဝင်ချိန် ခုံတန်းလေးအကြောင်းကို စီကာပတ်လည်ပြောနေသည်မှာ ကျွန်မကိုယ်တိုင် ထိုနေရာလေးသို့ ရောက်သွားသည့်နှယ် ခံစားရသည်။ ချိုချိုတစ်ယောက်ကတော့ ကျွန်မအခုတစ်လော တစ်ယောက်ထဲအနေများပြီးတော့ အမြဲလိုလိုပြုံးရယ်နေတတ်သူကို သတိပြုမိကာ
“မမ .. အခုတစ်လော .. အရင်လိုမဟုတ်ဘူး .. ချို တို့ အဆောင်က မနိုင် ရည်းစားရတုန်းကအတိုင်းပဲ .. တစ်ယောက်ထဲ ပြုံးလိုက် ရယ်လိုက်နဲ့  .. မမ .. မနိုင်လို ရည်းစားရနေပြီလား” .. တည့်တည့်ကြီးမေးလာသော ချိုချို့ အမေးကြောင့် ကျွန်မ အနေရခက်သွားသည်။ ထိုချိန်မှစပြီး သူနဲ့  ဖုန်းပြောတိုင်း ဖြစ်ပေါ်လာသည့် ရင်ခုန်သံကို အဖြေထုတ်ရင်း ကျွန်မ တစ်ခါတစ်ခါ ဆွံ့ အ နေတော့သည်။
ဒီလိုနဲ့  ရာသီတွေ တစ်ရာသီပြီး တစ်ရာသီပြောင်းလဲခဲ့သည်မှာ နောက်ရက်ပိုင်းအနည်းငယ်အတွင်းမှာပင် ကျွန်မ အသက် ၂၃ ပြည့်တော့မည်ဖြစ်သည်။ သုံးနှစ်ဆိုသည့်ကာလအတွင်း တစ်ရက်လေးမှ မပြတ် နေ့ တိုင်းဖုန်းပြောလာသော မှိုင်းနှင့် ကျွန်မတွင်လည်း သံယောဇဉ်လေးများ တွယ်ငြိလာခဲ့ကြသည်။ သို့ သော် မှိုင်းနှင့် ကျွန်မကြားထဲတွင် ကွားခြားသည်တစ်ချက်ရှိသည်။ ထိုသည်က အချိန်ကာလပင်ဖြစ်သည်။ မှိုင်းရောကျွန်မရော နှစ်ယောက်လုံးဟာ တစ်နိုင်ငံ တစ်မြို့ ထဲ ဖြစ်ပေမဲ့ .. နာရီပိုင်းတော့ကွာခြားသည်။ ဥပမာ ကျွန်မဆီတွင် ညနေလေးနာရီဆိုလျှင် မှိုင်းဆီတွင် နေ့ ခင်း ၂နာရီသာရှိသေးခြင်းဖြစ်သည်။ သို့ သော် ရက်၊လ၊နှစ် များမှာတော့ အတူတူပင်ဖြစ်သည်။ မှိုင်းကို ခင်တွယ်လာသည်နှင့်အမျှ ကျွန်မအဖြစ်သည် ပုံပြင်ဆန်ဆန် ဖြစ်လာသည်။ ယခုအချိန်တွင် ကျွန်မသည် တစ်စုံတစ်ယောက်ကို မှိုင်းနှင့် ကျွန်မအကြောင်းဖွင့်ပြောရင် မည်သူမှ ယုံကြည်မည်မဟုတ်။ ကျွန်မရူးနေသည်ဟုသာ ထင်မြင်ကြမည်ဖြစ်သည်။
သို့ သော် ကျွန်မဖွင့်ပြောဖို့ ဖြစ်လာသည့် အကြောင်းအရာများရှိလာခဲ့သည်။ နောက်သုံးရက်တွင် ကျရောက်မည့် ကျွန်မ၏မွေးနေ့ ကို မှိုင်းက လက်ဆောင်ပေးချင်သည်ဟုဆိုလာသည်။ ကျွန်မလည်း မှိုင်းနှင့်ဆုံချင်သည်။ နောက်ဆုံးတွင် ကျွန်မတို့ နှစ်ယောက် အအေးဆိုင်လေးတစ်ခုတွင် တွေ့ ဆုံရန် ချိန်းဆိုခဲ့ကြသည်။ သို့ သော် မှိုင်းချိန်းဆိုသော နေရာကို ကျွန်မ မသိ။ ကျောင်းထဲကလွဲပြီး အပြင်သိပ်ထွက်လေ့မရှိသော ကျွန်မ့အတွက် မှိုင်းနှင့်တွေ့ ဆုံဖို့ သည် ပင်လယ်ထဲ အပ်လိုက်ရှာရသလိုပင်။ နောက်ဆုံး ကျွန်မ ချိုချို့ ကို ဖွင့်ပြောဖြစ်ခဲ့သည်။ ချိုချို ကျွန်မကိုဘာမှပြန်မပြောဘဲ ကျွန်မ၏နဖူးကို လက်နှင့်စမ်းကာ
“မမ .. နေမကောင်းဘူးလား” မေးတော့ ကျွန်မ ချိုချို့ လက်ကို တင်းကျပ်စွာကိုင်ကာ
“ချို့ ကို .. မမ ဘယ်တုန်းကလိမ်ဘူးလို့ လဲ” ကျွန်မ ခပ်အေးအေးလေသံနှင့် ပြောတော့မှ ချိုချိုတစ်ယောက် အနည်းငယ်တွေဝေသွားကာ
“ကောင်းပြီလေ .. ချိုလိုက်ပို့ ပါ့မယ် .. ဒါပေမဲ့ တစ်ခုတော့ရှိတယ် .. မမ .. သူနဲ့ တွေ့ တဲ့အချိန်မှာလည်း ချို .. မမ ဘေးမှာပဲနေမယ် .. သဘောတူလား”
“အင်း .. တူတယ် .. ” ကျွန်မဆိုင်းငံ့ခြင်းမရှိ ပြန်ဖြေလိုက်သည်။ အရေးကြီးသည်က ကျွန်မသူနှင့် တွေ့ ဆုံဖို့ သာဖြစ်သည်။
ညနေ လေးနာရီ .. ကျွန်မသူနှင့်ချိန်းထားသည် ဆိုသည့်အတွေးက ကျွန်မကိုရင်မောစေသည်။ စိတ်လှုပ်ရှားစေသည်။ အဖြူရောင်ဂါဝန်လေးကိုဝတ်ပြီး ကျွန်မနှင့် ချိုချို ချိန်းဆိုရာ နေရာသို့ ထွက်လာခဲ့သည်။
“မမ .. ခဏလေး .. ဒီမှာရပ်နေနော် .. အရှေ့ မှာ အန်တီကြီးတစ်ယောက် ပစ္စည်းတွေမနိုင်မနင်းဖြစ်နေလို့ ချိုသွားကူညီလိုက်ဦးမယ်” ပြောပြီး ကျွန်မဘေးမှ ထွက်သွားသော ချိုချိုကို ကျွန်မ ခေါင်းညိမ့်ကာ လက်တွင်ပတ်လာသော နာရီလေးကိုစမ်းလိုက်သည်။ သုံးနာရီ ၅၀ ရှိနေပီဖြစ်သည်။ ကျွန်မ ရပ်စောင့်နေသော နေရာလေးတွေ ကားသံများ လူသံများဖြင့် ဆူညံနေသည်။ ကျွန်မ လက်တွင်ကိုင်ထားသော ဒုတ်ကလေးကို တင်းကျပ်စွာဆုပ်ကိုင်ထားမိသည်။ ထိုအချိန်တွင် ရုတ်တရက် အနောက်မှ
“မမ .. မမ” ချိုချိုရဲ့ အသံများတုန်ယင်နေပြီး ငိုသံများစွတ်နေသည်။ ကျွန်မ တစ်ချက်ညဉ်းလိုက်သည်။ နောက်
“မမ .. သတိရလာပြီနော် .. မမ .. ” ကျွန်မလက်ကို တင်းကျပ်စွာကိုင်ကာ ဆိုလာသော ချိုချိုကို့  ကျွန်မခေါင်းငြိမ့်ပြလိုက်သည်။
“အခု .. ဘယ်မှာလဲ” ကျွန်မ တိုးညင်းစွာမေးတော့
“ဆေးရုံမှာ .. မမ .. အခု မမ ဘယ်လိုနေသေးလဲ .. ခေါင်းတွေဘာတွေမူးသေးလား .. ခြေထောက်တွေလက်တွေရော နာနေသေးလား” မေးလာသော ချိုချို့ ကို ကျွန်မပြုံးကာ
“မမ .. ဘာမှမဖြစ်ပါဘူး .. ဒါနဲ့  .. မမ ဘာလို့ ဆေးရုံရောက်နေတာလဲ”
“မမ .. မမှတ်မိဘူးလား .. မမ့ကို ချို ဘယ်မှမသွားနဲ့ ဒီမှာပဲနေလို့ ပြောထားတာ .. ချို ပြန်ရောက်လာတော့ မမ ကလမ်းလယ်ခေါင်ရောက်နေပြီ .. အဲ့ဒီအချိန်မှာ ရုတ်တရက် ဆိုင်ကယ်တစ်စီးဝင်လာပြီး ” တုန်ခါနေသော ချိုချို့ လက်များကို ကျွန်မ ထိန်းထားရင်း ..
“ချိုချို .. အရမ်းလန့် သွားမှာပဲ .. မမ .. တောင်းပန်ပါတယ် ”ပြောရင်း ချိုချို့ ကို ကျွန်မပွေ့ ဖက်မိသည်။ ချိုချိုတစ်ယောက်ကျွန်မရင်ခွင်ထဲတွင် ခေါင်းငိုက်စိုက်ကာ ရှိုက်ကြီးတငင်ငိုတော့သည်။
“ဒါနဲ့  .. မမ့ ကိုတစ်ယောက်ယောက် တွန်းလွှတ်လိုက်တာ .. နောက်ဆုံး .. မမ .. မှတ်မိလိုက်တယ် .. အဲ့ဒီလူရော .. ” ကျွန်မမေးတော့ ချိုချို အငိုရပ်သွားပြီး ..
“မမ .. မမ့ကို ကယ်လိုက်တဲ့လူ .. သူ .. သူ .. ” ဆက်မပြောဘဲ တုံ့ ဆိုင်းတုံ့ ဆိုင်းဖြစ်နေသာ ချိုချို့ အသံကြောင့် ကျွန်မ သိချင်စိတ်များ ပိုလာကာ ..
“အင်း .. သူ .. အခု ဆေးရုံမှာပဲလား .. ဘာဖြစ်သွားသေးလဲ .. ထိခိုက်ဒဏ်ရာ အကြီးအကျယ်မရဘူးဟုတ်” ကျွန်မမေးတော့
“သူ .. ဆိုင်ကယ်တိုက်ပြီး ဆေးရုံရောက်တော့ … အသက် .. မရှိတော့ဘူး …” ချိုချို့ အသံလည်း ဆုံးရော ကျွန်မ အတန်ကြာအောင်မှင်သက်နေမိသည်။ ကျွန်မကြောင့် လူတစ်ယောက် အသက်ဆုံးရှုံးရသည်။ ကျွန်မ လူတစ်ယောက်ကို သတ်မိပြီ … ဆိုသည့်အတွေးက ကျွန်မကို ခြောက်လန့် နေတော့သည်။
“မမ … အဲ့ဒီလူ မသေခင် .. ဘူးလေးတစ်ဘူး မမ့ အတွက်ပေးခဲ့တယ်” ကျွန်မတုန်လှုပ်သွားသည်။ ဘူးတစ်ဘူး .. ဘာတွေလဲ .. အဲ့ဒီလူက ကျွန်မနှင့် သိသူလား .. အတွေးများစွာ ဖြတ်သန်းသွားပြီး ကျွန်မ့လက်ထဲ ဘူးလေးတစ်ဘူး ချိုချို ထည့်ပေးခဲ့သည်။ တုန်ယင်စွာ ဘူးလေးကို ကျွန်မဖွင့်ကြည့်လိုက်တော့ အထဲတွင် …
“ပန်း .. နောက်လဆိုရင် ပန်းမွေးနေ့ ရောက်တော့မယ်နော် .. ”
“အင်း .. ဟုတ်တယ် ”
“ပန်း .. ဘာလိုချင်လဲ .. ”
“အာ .. ရပါတယ် .. ပန်း ဘာမှမလိုချင်ပါဘူး .. လိုလည်းမလိုအပ်ဘူးလေ” ပြောရင်း ကျွန်မရယ်လိုက်သည်။
“မရဘူးကွာ … တစ်ခုခုတော့ ရှိမှာပဲ လိုချင်တာ .. ပြောကွာ .. ပန်း .. အတွက် မှိုင်း ပိုက်ဆံစုထားတယ် .. ပန်းလိုချင်တာ .. ဝယ်ပေးမယ် ..”
“မလုပ်ပါနဲ့ … မှိုင်းကလည်း .. မှိုင်းစုထားတဲ့ ပိုက်ဆံ မှိုင်းအတွက်ပဲသုံးပါ .. ” ကျွန်မပြောတော့
“မှိုင်းအတွက် စိတ်မပူပါနဲ့ .. မှိုင်းအခု အလုပ်နှစ်ခုလုပ်နေတယ်လေ .. တစ်ခုကရတဲ့လစာကို ပန်းအတွက်မွေးနေ့ လက်ဆောင်ဝယ်ပေးမယ်ဆိုပြီး စုထားတာ .. မှိုင်း စေတနာကို မငြင်းပါနဲ့ ကွာ” သူပြောလာတော့
“ဒါဆိုရင်လည်း .. မှိုင်း ကြိုက်တာဝယ်ပေးလေ .. မှိုင်းဝယ်ပေးတာဆိုရင် .. ပန်းကြိုက်မှာ သေချာတယ် ” ကျွန်မပြောတော့ သူ သဘောကျစွာရယ်ကာ
“အင်း .. ဒါဆိုရင် .. မှိုင်း .. ပန်းအလိုချင်ဆုံး အရာကို လက်ဆောင်ပေးမယ် .. မှိုင်းပေးတဲ့လက်ဆောင်ကြောင့် ပန်းအံ့သြသွားစေရမယ် ”
ကျွန်မအလိုချင်ဆုံး … အလိုချင်ဆုံး .. လက်တဖဝါးစာလောက်ရှိသော ပြားပြားအရာလေးကို ကိုင်ရင်း ကျွန်မရင်ထဲဆို့ နစ်လို့ လာသည်။ ကျလာသော မျက်ရည်များကို ကျွန်မသုတ်ပြီး
“ချို .. သူ .. အခုဘယ်မှာလဲ .. မမ့ကို သူဆီ့ပို့ ပေး” တောင်းဆိုလာသော ကျွန်မကြောင့် ချို တစ်ယောက်ကျွန်မလက်ကိုတွဲကာ သူရှိရာသို့ ပို့ ပေးခဲ့သည်။
“မမ .. အရှေ့ မှာ .. လှဲနေတဲ့သူက .. မမ .. တွေ့ ချင်တဲ့သူ ” ကျွန်မရှေ့ သို့  လက်ကလေးထုတ်ပြီး စမ်းမိတော့ အေးစက်နေသော ခန္ဓာတစ်ခုကိုထိတွေ့ ရသည်။
“မှိုင်း ဆီမှာ .. ထင်ရှားတဲ့အမှတ်အသားတို့ ဘာတို့ ရှိလား” ကျွန်မမေးတော့
“ထင်ရှားတဲ့ အမှတ်အသားရယ်လိုတော့မရှိဘူး .. ဒါပေမဲ့ ငယ်ငယ်က မှန်ကွဲစခြစ်မိလို့  ဘယ်ဘက်လက်မှ ၁၂ချက် ချုပ်ထားတဲ့  ချုပ်ရိုးအရှည်ကြီးကတော့ ထင်းနေတာပဲ” သူပြောခဲ့တာကို ကျွန်မ ပြန်လည် သတိရပြီး သူရဲ့ ဘယ်ဘက်လက်ကိုစမ်းမိတော့ ကျွန်မအသက်ရှူလမ်းကြောင်းတွင် တစ်ခုခုဆို့ လာသည့်နှယ် တင်းကျပ်လာသည်။
“ဒါမဖြစ်နိုင်ဘူး .. မဖြစ်နိုင်ဘူး .. ဒါ .. မှိုင်းမဟုတ်ဘူး .. မှိုင်းမဟုတ်ဘူး .. ” ကျွန်မ ရူးသွပ်စွာဆိုမိသည်။ ကျွန်မ့ကို အနောက်မှ ချိုချို သိုင်းဖက်ကာ ..
“မမ .. စိတ်ကိုထိန်းပါ … သူ .. အခုတစ်ခြားနေရာတစ်ခုကနေ .. မမ့ကိုကြည့်နေမှာသေချာတယ် .. မမ ငိုနေတာ သူသိရင် .. သူလည်း အရမ်းဝမ်းနည်းမှာ” စကားသံအဆုံးတွင်တော့ ကျွန်မ အငိုတိတ်သွားသည်။ တစ်ခြားတစ်နေရာ .. တစ်ခြားတစ်နေရာ .. ဒါဆိုရင် ကျွန်မ နာရီလေးကို လက်နှင့်စမ်းကြည့်မိတော့ ခြောက်နာရီထိုးဖို့ ၁၀ မိနစ်သာလိုတော့သည်။ ဒါဆို မှိုင်းဆီမှာ လေးနာရီထိုးကာနီး .. ကျွန်မတုန်လှုပ်သွားပြီး ဖုန်းကလေးကို လှမ်းခေါ်လိုက်သည်။ “ကိုင်ပါ .. ကျေးဇူးပြုပြီး ဖုန်းကိုင်ပေးပါ .. ကျေးဇူးပြုပြီး” ကျွန်မဆုတောင်းရင်း .. တစ်ဖက်မှ
“ဟယ်လို” အသံကြောင့် ကျွန်မတုန်ယင်စွာ
“မှိုင်း အခုဘယ်မှာလဲ” မေးတော့
“ရောက်တော့မယ် .. လမ်းကူးပြီးရင် ရောက်ပြီ .. ကြိုရောက်နေပြီလား ” သူမေးတော့ ကျွန်မတုန်လှုပ်စွာ
“မကူးနဲ့  .. အဲ့ဒီလမ်းကိုမကူးနဲ့  .. ပြန်တော့ .. ပန်း .. မှိုင်းနဲ့ မတွေ့ ချင်ဘူး”
“ဘာဖြစ်လို့ လဲ .. ပန်း .. တစ်ခုခုများဖြစ်လို့ လား .. ဒီအချိန်ဆို ပန်း .. မှိုင်းနဲ့ တွေ့ ပြီးပြီပေါ့ .. မဟုတ်ဘူးလား .. ပန်းဆီမှာ ခြောက်နာရီထိုးကာနီးပြီလေ” သူဆိုလာတော့ ကျွန်မ အခြမ်းတွင်ရှိသော မှိုင်းကို ကျွန်မဆုံးရှုံးခဲ့ပြီးပြီဖြစ်သည်။ ယခုအချိန်မှာတော့ နောက်တစ်ခြမ်းတွင်ရှိသော မှိုင်းကို ကျွန်မ မဆုံးရှုံးချင်။ ကျွန်မ ဘာလုပ်ရမလဲ .. ကျွန်မဘယ်လိုပြောမှ သူ ကျွန်မကို လာမတွေ့ မှာလဲ .. ကျွန်မ စဉ်းစားပေမဲ့ နောက်ဆုံး ကျွန်မအဖြေမထွက်ဘဲနေတော့သည်။
“ပန်း .. ဘာလို့  မှိုင်းကို မလာခိုင်းတာလဲ မှိုင်းမသိပေမဲ့ .. မှိုင်းကတော့ ပန်း .. ဆီကိုမရောက်ရောက်အောင်လာမှာပဲ ” သူပြတ်သားစွာပြောတော့ ..
“မှိုင်း .. သေလိမ့်မယ် .. မှိုင်း .. လာရင် မှိုင်းသေလိမ့်မယ်” ကျွန်မတုန်ယင်စွာပြောမိသည်။
“ဘာလို့ သေမှာလဲ” သူမေးတော့ ကျွန်မ သူ့ ကိုငိုကာ ဖြစ်ကြောင်းကုန်စင်ပြောပြတော့ သူ အနည်းငယ်တွေဝေသွားသည်။ နောက်
“ဒီနေ့  .. ပန်း .. အဖြူရောင် ဂါဝန် ဝတ်ထားတာမဟုတ်လား .. အရမ်းလှတယ်” သူပြောကာ ကျွန်မ ..
“လမ်းမကူးနဲ့ .. လမ်းလုံးဝမကူးနဲ့ .. ” ကျွန်မ အော်ဟစ်ကာ တောင်းဆိုမိသည်။ သို့ သော် ကျွန်မကြားလိုက်ရသည်မှာ ဆူညံသံများ ကျွန်မ အရုပ်ကြိုးပျက်သလို ခွေကျသွားသည်။ ဘာလို့ လဲ .. ကျွန်မ တားသည့်ကြားထဲမှ သူ ဘာလို့  ကျွန်မ ပါးပြင်သို့ မျက်ရည်များ ကျလာပြီး .. တစ်ဖက်မှ
“သေရမယ်ဆိုတာ ကြိုသိလည်း .. ပန်းကို ဒီအတိုင်း မှိုင်းမထားခဲ့နိုင်ဘူး .. ပန်းက မှိုင်းအတွက် အရေးပါတဲ့လူတစ်ယောက်မို့ လို့  ” သူ ဖြေးညှင်းစွာပြောလာတော့ ..
“ပန်းကိုတွန်းမဲ့အစား .. အကျယ်ကြီးလှမ်းအော်ပြီး သတိပေးလိုက်ပါလား .. ဒါဆိုရင် .. ” ကျွန်မအသံများတဖြည်းဖြည်းတိုးလာပြီး သူ့ ကိုပြောတော့
“အဟွတ် .. အဟွတ် .. ပန်းကို မပြောရသေးတာတစ်ခုရှိတယ် .. အဲ့ဒါ .. မှိုင်းက မွေးကတည်းက လျှာခင် တိုလို့  စကားပြောနိုင်စွမ်းမရှိဘူး .. အသံမထွက်ဘူး .. အဲ့ဒါကြောင့် သူများတွေ ရယ်ရယ်မောမော သူငယ်ချင်းတွေနဲ့ စကားပြောတဲ့အခါ .. အရမ်းအားကျခဲ့တယ် .. ” သူ့ အသံတွေ တဖြည်းဖြည်းတိမ်ဝင်လာပြီး ကျွန်မဆွံ့ အ နေတော့သည်။
“ဒါပေမဲ့ .. မှိုင်းအရမ်းပျော်တယ် .. ဘာလို့ လဲဆိုတော့ ပန်း နဲ့ သိခွင့်ရခဲ့လို့  ..  မှိုင်းအပျော်ဆုံးက ပန်းက .. မှိုင်းရဲ့ အသံကိုကြားနိုင်စွမ်းရှိလို့ ပဲ .. ကျေးဇူး .. ပန်း .. ” ပြောပြီး သူ့ အသံပျောက်ကွယ်သွားတော့
“မှိုင်း .. မှိုင်း .. နဲ့ ပန်း စကားတွေအများကြီးပြောဦးမယ်လေ .. ပန်းကို ဒီအတိုင်းမထားခဲ့နဲ့  .. ပန်းကိုထားခဲ့ရင် ပန်းစိတ်ဆိုးမှာနော် .. ” ကျွန်မတုန်ခါနေသော အသံကို တတ်နိုင်ဆုံးထိန်းကာပြောတော့ သူတစ်ချက်ရယ်ကာ ..
“နောက်ဆို .. ပန်း .. ဒီစိတ်ကူးဖုန်းလေး သုံးစရာမလိုတော့ဘူး .. ဘာလို့ လဲဆိုတော့ .. ပန်း အတွက် မှိုင်းအကောင်းဆုံးလက်ဆောင်ပေးခဲ့မှာမို့ လို့  ”
“အမ် .. ” ကျွန်မတုန်ယင်စွာ ..
“အင်း .. မှိုင်းပေးတဲ့ .. လက်ဆောင်ကြောင့် ပန်း အံ့သြရစေမယ်လို့ ပြောခဲ့တယ်မဟုတ်လား .. ” သူအသက်ခပ်ပြင်းပြင်းရှူသံကို ကျွန်မအနီးကပ်ကြားနေရသလိုပင် ..
“တော်ပြီ .. ဆက်မပြောနဲ့ တော့ .. ပင်ပန်းနေပြီ .. ” ကျွန်မတားတော့ ..
“မှိုင်းမှာ .. အချိန်ဘယ်လောက်မှမကျန်တော့ဘူး .. ပန်း .. မှိုင်းကို ကတိတစ်ခုပေး .. ပန်း နေ့ ရက်တိုင်းကို ပျော်ရွှင်စွာဖြတ်သန်းပါ့မယ် .. လို့ ” သူတောင်းဆိုလာတော့ .. ကျွန်မခေါင်းငြိမ့်ကာ
“အင်း ” လို့ သဘောတူမိသည်။ နောက် သူ့ ဖက်မှ လိုင်းလေးပြတ်ကျသွားသည့်နှယ် မည်သည့်အသံမှမကြားရတော့ချေ။ ကျွန်မ သူ့ ဖုန်းလေးကို ထပ်ခါထပ်ခါ ခေါ်ပေမဲ့လည်း လိုင်းလေးမှ ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။ ကျွန်မ မျက်ရည်များ အဆက်မပြတ်ကျဆင်းလာပြီး သူ့ အလောင်းကိုထုကာ ကျွန်မငိုမိတော့သည်။ အချိန်ဘယ်လောက်ကြာသွားသည်လဲ ကျွန်မ မသိ။ ချိုချို ကျွန်မကို အိမ်ပြန်ဖို့ ပြောသည့်အချိန်တွင်တော့ ကျွန်မခြေထောက်များ ကြင်ကာ မထနိုင်ဘဲဖြစ်နေခဲ့သည်။
မှိုင်းမရှိတော့ပြီဆိုသည့် အတွေးက ကျွန်မ့အတွက် အိပ်မက်တစ်ခုလိုဖြစ်တည်နေခဲ့သည်။ အခန်းထဲမှ ဘယ်မှမထွက်ဘဲ ကျွန်မနေခဲ့သည်မှာ အခုဆို ၁ ပတ်တိတိရှိပြီဖြစ်သည်။ ဆရာမများနှင့် ကျွန်မသူငယ်ချင်းများကတော့ ကျွန်မ အက်ဆီးဒင့်ကြောင့်လန့် ကာ နေသည်ဟုပင် သတ်မှတ်ကြသည်။ အကြောင်းစုံသိသော ချိုချိုကတော့ ကျွန်မဘေးတွင့် ၂၄နာရီ အပြည့်နေကာ ကျွန်မကို အဖော်လုပ်ပေးခဲ့သည်။ အချိန်တွေ တဖြည်းဖြည်းကုန်ဆုံးသွားခဲ့ပြီး မှိုင်းဆုံးတာ ၁လပြည့်ပြီဖြစ်သည်။
“တရှပ် ရှပ် ” ခြေသံများကိုကျွန်မကြားလိုက်ရပြီး
“ဘယ်လိုနေလဲ .. သမီး .. ကိုက်တာတို့  .. နာတာတို့ ရှိသေးလား ” ကျွန်မ့ကိုမေးတော့ ကျွန်မပြုံးကာ
“မရှိပါဘူး .. ဆရာ” ပြန်ဖြေလိုက်သည်။
“ဒါဆို ပတ်တီး .. ဖြေရအောင် .. ဆရာမ ကတ်ကြေး” ဆိုပြီး တစပြီးတစပြီး စီးထားသော အဖြူရောင် ပတ်တီးလေး တဖြည်းဖြည်း ပြေစပြုလာသည်။ နောက် ဂွမ်းစနှစ်ဖက်ကိုခွာပေးကာ ..
“မျက်လုံး ဖြေးဖြေးချင်းစီ ဖွင့်ကြည့်ကြည့် .. ” ဆရာဝန်စေခိုင်းချက်အတိုင်း ကျွန်မဖြည်းဖြည်းချင်းစီ မျက်ခွံများကို အသာဖွင့်ကာကြည့်မိသည်။ ပထမဆုံး မျက်လုံးထဲဝင်လာသော စူးရှသော အလင်းရောင်ကြောင့် ကျွန်မ မျက်ခွံများ အသာပြန်ပိတ်လိုက်သည်။ နောက် အသာပြန်ဖွင့်ကာ ကြည့်မိတော့
“မမ .. ချို့ ကို မြင်ရလား .. ” စိတ်အားထက်သန်စွာမေးနေသော ချိုချို နှင့် စိုးရိမ်မှုအပြည့်နှင့် ဆရာမများ၏ မျက်နှာကို ကျွန်မကြည့်ပြီး ခေါင်းငြိမ့်ပြလိုက်သည်။
“ဝေးးး .. ဒါမှ ဒို့  .. မမကွ” ကျွန်မကိုဖက်ကာ ပျော်နေသော ချိုချို ခေါင်းကို ကျွန်မအသာလေးသပ်ပြီး ရယ်မိသည်။ ကျွန်မ ပတ်ဝန်းကျင် တွင်လှပသော အရာဝတ္ထုများ .. အရောင်များကို ကျွန်မ တအံ့တသြနှင့်လိုက်ကြည့်မိသည်။ ဒီလောက်လှပသည့် အရာများနှင့် ကျွန်မကို ဆက်သွယ်ပေးခဲ့သည့် မှိုင်းကိုတော့ ကျွန်မ ဒီတစ်သက်မေ့နိုင်မည်မဟုတ်ချေ။ ဆေးရုံပြတင်းပေါက်မှနေ၍ အပြင်သို့ ကျွန်မလှမ်းကြည့်မိလိုက်သည်။ နေဝင်ခါနီးပြီဖြစ်၍ ကောင်းကင်တစ်ခုလုံး မှိုင်းပြောသလို ပုဇွန်ဇီရောင်သန်းကာနေသည်။ ကျွန်မပြုံးလိုက်ပြီး မှိုင်းပေးခဲ့သည့် ဖုန်းလေးကိုထုတ်ကာ ကောင်းကင်ကြီးကိုဓာတ်ပုံရိုက်လိုက်သည်။ ထို့ နောက် တိုးတိုးလေး .. “မှိုင်း .. ကျေးဇူး .. မှိုင်းပေးခဲ့တဲ့ မွေးနေ့ လက်ဆောင်နှစ်ခုက .. ပန်းအတွက် တကယ့်ကို အံ့သြစရာတွေချည်းပဲ” ပြောကာ ကျွန်မ ပါးပြင်သို့ မျက်ရည်စက်များကျဆင်းလာတော့သည်။
ကျွန်မစိတ်ကူးထဲတွင်တည်ရှိသော ဖုန်းလေးကိုတော့ ကျွန်မအမြဲဖွင့်ထားမိသည်။ တစ်နေ့ မှိုင်းများ ခေါ်လေမလားဆိုသည့် စိတ်ကူးဖြင့်သာ …… ။
April
11.09.2011 (02:10 PM)
(မှတ်ချက်း ကြိုက်နှစ်သက်မိသော ဂျပန်ဝတ္ထုတိုတစ်ပုဒ်အား မိမိစိတ်ကူးဖြင့် ပြန်လည်ရေးသားသည်။) 
2 comments:
မိုးခါး said...
;( စိတ်မကောင်းစရာနော် ..
April said...
မမိုးခါး --> အားပေးသွားလို့  ကျေးဇူးပါ .. မ ^^
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်