အပယ်ခံနှလုံးသားနှင့် ကြိုးဆွဲသူ
“ဟိတ် .. ဒီမှာ .. နင်ကလည်း နောက်ကျလိုက်တာ .. အကုန်လုံးစောင့်နေပြီ”  စိတ်ဆိုးသည့်လေသံနှင့်ပြောလာသော အိမေကြောင့် ကျွန်မလျှာ လေးထုတ်ကာ
“စော်ရီးဟာ .. ဘတ်စ်စောင့်နေရလို့  …” ပြောပြီး အိမေ ပေးသောခုံလေးတွင်ထိုင်လိုက်သည်။
“ဘတ်စ်ကိုလာလွှဲချမနေနဲ့  .. နင်အိမ်ကထွက်လာတာနောက်ကျရင်ကျတယ်ပေါ့ .. ဒီလူနဲ့ ဒီလူမသိတာမှတ်လို့ ” နှုတ်ခမ်းလေး မစူ့ တစူလုပ်ကာပြောနေသော အိမေစကားကြောင့် ကျွန်မ ရယ်မိသည်။ နောက်
“ဟိုက .. ရောက်နေတာကြာပြီ .. အခု ငါတို့ စားဖို့ မုန့် သွားမှာတယ် .. လာလိမ့်မယ် .. အဟိ”
“အံမယ် .. အတော်အူမြူးနေပါလား .. ငအိမ .. ” ကျွန်မရယ်ကာစတော့ အိမေတစ်ယောက် မျက်နှာတစ်ခုလုံးနီရဲကာ
“နင်ကလည်း .. အဟိ .. ဒါနဲ့ ငါကြိုပြောဦးမယ်နော် .. သူနဲ့ တွေ့ ရင် ပေါက်ကရတွေလျှောက်မပြောနဲ့နော် .. နင်က သိပ်ယုံရတာဟုတ်ဘူး ”
“ဒါတော့ .. ကြောက်တယ်ပေါ့” မျက်ခုံးလေးပင့်ကာ ကျွန်မမေးတော့ အိမေ ကျွန်မကို မျက်စောင်းထိုးကာ
“နင်နော် .. ” ထို့ နောက် ကျွန်မတို့ နှစ်ယောက် သဘောကျစွာရယ်မိကြတော့သည်။
အိမေသည် ကျွန်မ၏အချစ်ဆုံးသူငယ်ချင်းဖြစ်သည်။ သူငယ်တန်းမှ ဆယ်တန်းအထိတွဲလာသောသူများလည်းဖြစ်ကြသည်။ ဆယ်တန်းပြီးသည့်အချိန်တွင် ကျွန်မက စင်ကာပူတွင်ကျောင်းတက်ရန် ထွက်လာခဲ့သည်။ အိမေကတော့ ရန်ကုန်မှာပင် LCCI ပြီးအောင်တက်ပြီးမှ စလုံးသို့  လိုက်လာခဲ့သည်။ ထို့ မတွေ့ ရသည့် အချိန်တစ်နှစ်ဆိုသည့်အတွင်းတွင် ကျွန်မတို့ နှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် အဆက်အသွယ်ပြတ်ခဲ့ခြင်းမရှိပေ။ အွန်လိုင်းတွင် အမြဲရှိသည့် ကျွန်မနှင့်တွေ့ ရန် သူမကလည်း သူမအားသည့်အချိန်တိုင်း အွန်လိုင်းသို့ လာခဲ့သည်။ ထို့ ကြောင့် ကျွန်မတို့ နှစ်ယောက် အနေဝေးပေမဲ့လည်း စိမ်းသွားချင်းမျိုးမရှိချေ။ ဝေးရင်ဝေးသလို နီးရင်နီးသလို အလွမ်းသယ်တတ်သော ကျွန်မတို့ နှစ်ယောက်ကို အိမ်ကပင်ပြောယူလောက်သည်အထိ အမြင်ကပ်ခြင်းကိုလည်းခံခဲ့ရသည်။
အခုတော့ ကျွန်မရဲ့ ချစ်သူငယ်ချင်းက သူ့ ချစ်သူနှင့် ကျွန်မကို မိတ်ဆက်ပေးမည်တဲ့ စိတ်ထဲတွင် ဝမ်းနည်းတာလား ဝမ်းသာတာလား ကျွန်မ မပြောတတ်ပေ။ နည်းနည်းလည်း သဝန်တိုမိသည်။ မကြာခဏ စကားထဲထည့်ပြောတတ်သော အိမေကြောင့် သူမ၏ချစ်သူကို ကျွန်မ မမြင်ဘူး မတွေ့ ဘူးပေမဲ့ စကားလုံးများနဲ့ တော့ရင်းနီးခဲ့သည်မှာ ကြာပြီဖြစ်သည်။ ဒီနေ့ လည်း သူတို့ ၏ ရက် ၁၀၀ ပြည့်နေ့ အနေနဲ့  မုန်းကျွေးသည်ကိုအကြောင်းပြပြီး မိတ်ဆက်ပေးခြင်းဖြစ်သည်။ အမှန်တော့ သူတို့ ချစ်သူဖြစ်ပြီး တစ်ပတ်လောက်ကတည်းက မိတ်ဆက်ပေးမည်ပြောသော်လည်း နောက်ဆုံးနှစ် စာမေးပွဲ နီးနေသော ကျွန်မကြောင့် နောက်ဆုတ်ရင်း နောက်ဆုတ်ရင်း ရက် ၁၀၀ ပြည့်ရောက်သွားခြင်းဖြစ်သည်။
“မုန့် သွားဝယ်တာ ကြာလိုက်တာ .. ငါလိုက်ကြည့်ဦးမယ်” ပြောပြီး ထထွက်သွားသော အိမေရဲ့နောက်ကျောကိုကြည့်ပြီး ကျွန်မပြုံးမိသည်။ နောက်
“ကိုကို .. ” ကျယ်လောင်သော ခေါ်သံကြောင့် သူရော ကျွန်မရော နှစ်ယောက်စလုံး အသံလာရာကိုကြည့်မိတော့ ကျွန်မတို့ နှစ်ယောက်ဆီပြုံးကာ လှမ်းလာသော အိမေကြောင့် ကျွန်မတစ်ကိုယ်လုံး တောင့်တင်းသွားတော့သည်။ “ကိုကို .. ကိုကို .. ကိုကို ” အိမေ၏ ခေါ်သံသည် ကျွန်မ၏နားထဲတွင် ထပ်ခါထပ်ခါနေတော့သည်။ ခေါင်းလေးအသာစောင်းကာ နားနှစ်ဖက်ကို လက်နှင့် အသာပိတ်ပေမဲ့လည်း အသံကပျောက်မသွားပေ။ မွန်းကျပ်လာသော အမည်မသိခံစားမှုတစ်စုံကို မျိုသိပ်ကာ အိမေကို ကျွန်မပြုံးပြမိသည်နှင့်တူသည်။
“ဘယ်တွေသွားနေတာလဲ .. အိတို့ စောင့်နေတာကြာပြီ” ခပ်နွဲ့ နွဲ့  စိတ်ဆိုးသလိုပုံမျိုးဖြင့်ပြောကာနေသော အိမေကို
“ကိုကို .. ဒါ အိရဲ့ အချစ်ဆုံးသူငယ်ချင်း မသုံးလုံး မိုးမိမယ် .. အဟိ”
“မိမယ် .. ဒါက ငါ့ရဲ့ .. ချစ်ကိုကို .. ” ပြောကာ အိမေ၏ လက်များက အလိုအလျောက်သူ၏ လက်မောင်းများသို့  လှမ်းကာဖက်လိုက်သည်ကို ကျွန်မလိုက်ကြည့်နေမိသည်။ ဘာမှမသိသလို
“ဟုတ် .. မိုးမိမယ်ပါ .. အိမေရဲ့ သူငယ်ချင်း .. တွေ့ ရတာ ဝမ်းသာပါတယ်”  တုန်နေသော အသံများကို ထိန်းကာ ကျွန်မ နှုတ်ဆက်လိုက်သည်။ သူ ပြုံးရုံသာပြုံးပြီး အအေးကို တစ်ငုံသောက်လိုက်သည်။ နောက် အိမေ၏ စကားသံများကို ကျွန်မကြားတစ်ဝက် မကြားတစ်ဝက်ဖြင့်သာ နားထောင်နေမိသည်။ ဒီနေ့ ကြမှ အချိန်ကုန်တာ နှေးလိုက်တာ ကျွန်မတွေးမိပြီး ဖုန်းမှ နာရီလေးကို ခဏခဏကြည့်နေမိသည်။  ဖြစ်နိုင်ရင် ဒီနေရာမှ အဝေးဆုံးကို ကျွန်မထွက်ပြေးသွားချင်သည်။ မဟုတ်သေးပါဘူး .. ငါဘာလို့ ထွက်ပြေးရမှာလဲ .. ငါ့ဘက်ကမမှားခဲ့ဘူး .. စိတ်ကိုတင်းကာ ထိုင်နေပေမဲ့လည်း လက်ဖျားခြေဖျားများကတော့ အေးစက်လို့ နေတော့သည်။
“ဟဲ့ … ” ဆိုပြီးလူကိုလှမ်းပုတ်လိုက်သောကြောင့် ကျွန်မလန့် လို့ သွားသည်။ နောက် အိမေက ကျွန်မကိုကြည့်ကာ
“နင် .. ဘာဖြစ်နေတာလဲ .. နေမကောင်းဘူးလား”
“ဘာဖြစ်လို့ လဲ .. ဘာမှမဖြစ်ပါဘူး” ကျွန်မ ကြောင်တောင်တောင်နဲ့  အိမေကိုကြည့်ပြီးပြန်ဖြေလိုက်သည်။ နောက် နဖူးပေါ်သို့ ကျလာသော အိမေ၏လက်များကို နောက်သို့ ယို့ ကာ ကျွန်မရှောင်မိလိုက်သည်။ အိမေက ကျွန်မကို ထူးဆန်းသည့်ပုံမျိုးဖြင့် ကြည့်လို့ နေတော့သည်။ အိမေ၏ အကြည့်ကိုမျက်နှာလွှဲကာ ရှေ့ သို့  မရည်ရွယ်ဘဲ ကြည့်လိုက်မိသည်။ သူစိမ်းဆန်ဆန် မျက်ဝန်းတစ်စုံရဲ့ အကြည့်ကြောင့် မွန်းကျပ်မှုတွေ ကျွန်မရင်ထဲ ပိုလို့ ပြည့်နှက် လာတော့သည်။ နောက်ဆုံး ကျွန်မခုံမှ ရုတ်တရက် မတ်တပ်ရပ်လိုက်ပြီး
ကုတင်ပေါ်သို့  အိတ်ကလေးပစ်တင်ကာ ကြမ်းပြင်သို့  ငေးကြည့်နေမိသည်။ “တီင်” မြည်လာသော ဖုန်းသံကြောင့် ကြည့်မိတော့ “hey! R u okay ?” ကျွန်မခေါင်းအသာခါရမ်းလိုက်ပြီး ရေချိုးရန် ရေချိုးခန်းထဲဝင်လိုက်သည်။ ကျလာသော ရေစက်များကို လက်နှင့် အသာခံပြီး ဇိမ်ခံကာ တော်တော်ကြာအောင် ချိုးနေမိသည်။ ရေချိုးပြီးသွားပေမဲ့ လန်းဆန်းမရှိသော စိတ်ကြောင့် ကော်ဖီတစ်ခွက်သောက်ရန် အနောက်ဘေးခန်းထဲသို့ ထွက်လာခဲ့သည်။ ကော်ဖီဖျော်ပြီး ဆိုဖာပေါ်တွင်ထိုင်ကာ တီဗွီကြည့်နေမိသည်။ တီဗွီကလာသောအစီအစဉ်များထက် အိမိုး၏ “ကိုကို” ခေါ်သံ .. အပျော်များ .. သူ၏အကြည့်များသာ ကျွန်မ့မျက်လုံးထဲ ပြန်မြင်ယောင် လာသည်။ နောက်ဆုံး တီဗွီလေးပိတ်ကာ အခန်းထဲသို့ ပြန်ဝင်လာခဲ့သည်။ နောက် ဘယ်သူ့ မှ မသိအောင် တိတ်တခိုးသိမ်းထားသော ဒိုင်ယာရီ စာအုပ်ကလေးကို ခုတင်အောက်မှ ထုတ်ကာ
“၁၇ရက် ၉လ ၂၀၀၈  .. ဒီနေ့ သူ အရမ်းစိတ်ညစ်နေတယ် .. ကျောင်းမှာ စာမေးပွဲဖြေထားတာ အမှတ်က သူထင်သလောက် မကောင်းလို့ တဲ့ .. ဘယ်လိုလုပ်ပေးရမလဲ မသိဘူး .. ည တိတ်တိတ်လေး သူ့ ကျောင်းသွားပြီး အမှတ်စာရင်း သွားပြင်ရင်ကောင်းမလား .. ဒါမဲ့ .. မိရင် ရဲဖမ်းခံရမှာ .. ဖြစ်သေးပါဘူး .. သူ မပျော်တော့ .. မယ်လည်း မပျော်ဘူး .. ညစ်တယ် .. အိပ်တာပဲကောင်းတယ် .. မနက်ဖြန်ကျမှ သူ့ အတွက် နေ့ လည်စာတစ်ခုခုလုပ်သွားပေးမယ် … ^^
၁၁ရက် ၁၁လ ၂၀၀၈  .. ဒီနေ့  အရမ်းပျော်တယ် .. သူက “ချစ်တယ်တဲ့” အဟိ .. ဘယ်လိုလုပ်ရမလဲတောင်သိဘူး .. အရမ်းပျော်တယ် … အရမ်းပျော်တယ် .. ဒီအကြောင်းကို အိမေကို ပြောရင်ကောင်းမလားမသိဘူး .. ဖြစ်သေးပါဘူး .. အိမေသိရင် စိတ်ဆိုးမှာ .. နောက် ၄လလောက်ဆိုရင်ပဲ .. အိမေ ဒီလာတော့မှာ .. အဲ့ကျတော့မှပဲ ပြောပြတော့မယ် .. အဟိ
၂၅ရက် ၁၂လ ၂၀၀၈  .. ဒီနေ့  ခရစ်စမတ် .. မပျော်ဘူး .. အလုပ်ရှိလို့ တဲ့ .. အလုပ်ကအဲလောက်အရေးကြီးတာလည်း မဟုတ်ဘဲနဲ့  .. တကယ်ပါပဲ .. မုန်းဖို့ ကောင်းလိုက်တာ .. အာာ ဟုတ်သေးပါဘူး .. မုန်းဖို့ မကောင်းဘူး .. ဘယ်လိုပြောရမလဲ  .. စိတ်တိုင်းမကျဘူး .. သူ့ သူငယ်ချင်းက ရည်းစားနဲ့ အတူလျှောက်လည်ချင်လို့  သူက အစားဝင်ပေးတာတဲ့ … ကြည့်ဦး .. ဒီကလူအတွက်တော့ ထည့်မတွက်ဘူး .. ကောင်းကို မကောင်းဘူး .. T_T
၃၀ ၁၂လ ၂၀၀၈  .. ဒီနေ့  မယ်နဲ့ သူ ရန်ဖြစ်တယ် .. ရုပ်ရှင်ကြည့်ဖို့ ချိန်းထားပြီးမှ ..  သူ့ သူငယ်ချင်းက ခေါ်လို့ ဆိုပြီး .. မယ့်ဆီမလာဘူး .. အရမ်းလည်းစိတ်ဆိုးတယ် .. တစ်ခါလည်း မဟုတ် .. နှစ်ခါလည်း မဟုတ်နဲ့ .. အဲ့လောက် သူငယ်ချင်းချစ်တတ်ရင် ဘာလို့ ရည်းစားထားသေးလဲ .. တကယ်ပဲ .. မခေါ်ဘူး.. သူ့ ကို
၁၀ရက် ၁လ ၂၀၀၉  .. အရမ်းစိတ်ညစ်လာပြီ .. သူလေ .. မယ့်ကို မချစ်ဘူးထင်တယ် .. အဲ့လိုထင်မိတိုင်း .. တကယ်မွန်းကျပ်တယ် .. အဝေးကြီးကိုလည်း ထွက်ပြေးချင်တယ် .. မနေ့ က အွန်လိုင်းမှာ အိမေနဲ့ တွေ့ တော့မေးကြည့်တယ် .. ယောကျာ်းလေးတစ်ယောက်က မိန်ကလေးတစ်ယောက်ကို တစ်ကယ်ချစ်လား မချစ်လား ဘယ်လိုလုပ်သိနိုင်မလဲလို့  .. အိမေကပြောတယ် .. “လမ်းခွဲစကားပြောလိုက်” တဲ့ .. တကယ်ချစ်ရင် ဘယ်သူမှ လမ်းမခွဲပေးဘူးတဲ့ .. မချစ်ရင်တော့ လမ်းခွဲပေးလိမ့်မယ်တဲ့ .. မသိတော့ဘူး .. ဒီည သူဖုန်းဆက်ပြီး မချော့ရင် မခေါ်ဘူးပဲ .. ဟွင့် ..
၂၁ရက် ၁လ ၂၀၀၉  .. ဒီနေ့  မယ် သူ့ ကို လမ်းခွဲမယ်လို့ ပြောလိုက်တယ် .. သူဘာမှပြန်မပြောဘူး .. မယ် အရမ်းညစ်တယ် .. သူ မယ့်ကို ထားတော့ထားမသွားပါဘူးနော် .. မသိဘူး .. မသိတော့ဘူး .. သူ မယ့်ကို တကယ်ချစ်လား မချစ်လား သိချင်လို့  .. လမ်းခွဲမယ်ပြောမိတာ .. သူ မယ့်ကို ချစ်တယ်မဟုတ်လား ..
၂၈ရက် ၁လ ၂၀၀၉  .. သူ အဆက်အသွယ်မလုပ်တာ ၁ ပတ်ရှိပြီ .. မယ် နေလို့ မကောင်းဘူး .. မယ်အရင်ခေါ်သင့်လား .. ပြန်ခေါ်ဖို့ လဲ .. မယ့်မရဲဘူး .. “ယောကျာ်းကြိုက်တော့ ဆိုက်ဆိုက်လာ .. မိန်းမကြိုက်တော့ မျှော်လိုက်တာ” စကားပုံတောင်ရှိသေးတာပဲ .. မယ်မျှော်နေရင် .. သူပြန်လာမှာ သေချာတယ် မဟုတ်ဘူးလားဟင် .. မယ် သူ့ ကို အရမ်းလွမ်းတယ် .. တကယ်ပါပဲ .. ဘာလို့  အူကြောင်ကြားနဲ့  လမ်းခွဲစကားပြောမိလည်း မသိဘူး .. ချီးထုပ် အိမေကြောင့် .. သူသာ ပေါက်ကရအကြံဥာဏ်တွေမပေးရင် .. မယ်လည်း အခုလိုမျိုးပြောမိမှာ မဟုတ်ဘူး ..
၂၁ရက် ၂လ ၂၀၀၉  .. တစ်လပြည့်ပြီ .. သူ အဆက်အသွယ်မလုပ်ဘူး .. အရမ်းသတိရတယ် .. အရမ်းလည်းလွမ်းတယ် .. မနေ့ က သူ့ ဖုန်းကို ခေါ်မိတယ် .. ဒါမဲ့ .. ကိုင်မဲ့လူမရှိဘူး .. ဖုန်းပြောင်းသွားပီနဲ့ တူတယ် ..
၁၁ရက် ၄လ ၂၀၀၉  .. လမ်းမခွဲခဲ့ဘူးဆိုရင် ဒီနေ့  ၅လပြည့်ပြီ .. သူ့ ကို အရမ်းသတိရတယ် .. သူနေကောင်းတယ်ဟုတ် .. အလုပ်ကပြန်လာတာနောက်ကျလို့ ဆိုပြီး ခေါက်ဆွဲပြုတ်ချည်းပဲ စားမနေဘူးဟုတ် .. နောက်အပတ်ဆို စာမေးပွဲဖြေရမယ် .. သူလည်းဒီချိန်လောက်ပဲ နဲ့ တူတယ် .. ညလုံးပေါက် ကော်ဖီတွေသောက်ပြီး စာပဲကြည့်နေမလားမသိဘူး .. ကော်ဖီထုပ်တွေရော အသင့်ဖျော်သောက်ဖို့  ရှိပါ့မလား .. 
၂၅ရက် ၄လ ၂၀၀၉  ..  ဒီနေ့  အိမေကျောင်းသွားအပ်တော့ လိုက်သွားတယ် .. အစက မလိုက်ဘူးလုပ်တာ .. ပြီးတော့မှ အိမေတက်မဲ့ကျောင်းက သူတက်နေတဲ့ကျောင်းလည်းဆိုရော .. သူနဲ့ များတွေ့ မလားဆိုပြီး လိုက်သွားတာ .. ကံမကောင်းဘူးထင်တယ် .. သူ့ ကိုမတွေ့ ခဲ့ဘူး .. ခဏလောက် သူ့ ကို အဝေးကပဲဖြစ်ဖြစ်တွေ့ ခွင့်ရခဲ့ရင် အရမ်းကောင်းမှာပဲ .. ဒီနေ့ လည်း အရင်နေ့ တွေကလိုပဲ သူ့ ကိုအရမ်းလွမ်းတယ် .. သတိလည်းပိုရတယ်
၃၀ရက် ၄လ ၂၀၀၉   .. ဒီနေ့  မယ့်မွေးနေ့  .. သူအနားမှာရှိရင် သိပ်ကောင်းမှာပဲ .. မယ် သူ့ ကိုအရမ်းလွမ်းတယ် .. ” အသံထွက်ကာ ဖတ်နေသော ဒိုင်ယာရီလေးကို ပိတ်ချကာ အခန်းထဲတွင် ကျွန်မတစ်ယောက်ထဲ စိတ်လွတ်ကိုယ်လွတ်ငိုမိတော့သည်။ အရင်တုန်းက ကျွန်မ သူ့ ကိုဘယ်လောက် လွမ်းလွမ်း သတိရရ ဒီဒိုင်ယာရီစာအုပ်ကလေးကိုပြန်ပြန်ဖတ်မိလျှင် ကျွန်မပြုံးမိသေးသည်။ အခုတော့ ကျွန်မအရင်လို မပြုံးနိုင်တော့ ဒီလောက်လူတွေအများကြီးထဲမှ သူ့ ချစ်သူက ဘာလို့ အိမေဖြစ်နေရတာလဲ .. သူဘာလို့  မယ့်ဆီကိုပြန်မလာတာလဲ .. မယ့်ကိုစိတ်နာသွားတာလား .. မေးခွန်းပေါင်းများစွာ ကိုယ့်ဘာသာကိုယ်မေးရင် ကျွန်မလက်သီးလေးများကျစ်ကျစ်ပါအောင်ဆုပ်ထားမိတော့သည်။
အချိန်ဘယ်လောက်ကုန်သွားသည်လဲ ဆိုတာ ကျွန်မ မသိလိုက်။ ရုတ်တရက် ပွင့်လာသော မီးအလင်းကြောင့် ကျွန်မ မျက်စိလေးအသာဖွင့်ကာ ကြည့်မိတော့ အိမေတောင်ပြန်ရောက်နေပြီဖြစ်သည်။
“နေမကောင်းဘူးလား .. ” အိမေ၏ အမေးကို
“အင်း .. ခေါင်းမူးလို့ ” တစ်ဖက်သို့  မျက်နှာလွှဲကာ ကျွန်မဖြေလိုက်သည်။
“နင် .. တကယ် ကူညီမှာလား .. ” ကျွန်မမေးတော့ အိမေ ခေါင်းငြိမ့်ကာ
“ဒါဆို .. နင်အခုတွဲနေတဲ့ လူနဲ့ ဖြတ်လိုက် .. ” တိုတိုတုတ်တုတ် ပြောလိုက်သော ကျွန်မစကားကြောင့် ကျွန်မလက်ကို ကိုင်ထားသော အိမေလက်များ ရုပ်သိမ်းသွားသည်။ ထို့ နောက် အိမေ ကျွန်မကို သေချာစိုက်ကြည့်ကာ
“မယ် .. နင် ကိုကို့ အကြောင်း တစ်ခုခုများ သိလို့ လား .. နင် ကိုကိုနဲ့တွေ့ တဲ့အချိန်မှာ နင့်အမူအရာတွေပျက်နေတယ် .. နင် ဘာတွေသိလဲ . .ဘာလို့  ကိုကိုနဲ့ လမ်းခွဲဖို့ ပြောတာလဲ” အဆက်မပြတ်မေးလာသော မေးခွန်းများကို လျစ်လျူရူကာ
“နောက်ဆို နင်မလုပ်နိုင်ဘဲနဲ့  ကူညီမယ်လို့ မပြောနဲ့  .. ” ခပ်ပြတ်ပြတ်ပြောပြီး အခန်းထဲမှ ကျွန်မထွက်လာခဲ့သည်။
အခုချိန်မှာ အိမေကို ကျွန်မ မျက်နှာချင်းမဆိုင်လို။ တစ်ယောက်ထဲအေးဆေးနေရန် ပန်းခြံထဲသို့ ဆင်းလာခဲ့သည်။ အစ အဆုံးပြန်စဉ်းစားကြည့်ရင် လမ်းခွဲဖို့ စပြောခဲ့သော ကျွန်မသာ အမှားဖြစ်သည်။ ၂နှစ်ဆိုသည့် အချိန်ကာလတစ်ခုသည် လူတစ်ယောက်ကိုမေ့ပြီး နောက်တစ်ယောက်ကို ချစ်ဖို့ လုံလောက်သည်မဟုတ်ပါလော။ ကျွန်မကသာ သူ့ ကို သတိရပြီး မမေ့နိုင်ဖြစ်ခဲ့တာ ပြန်စဉ်းစားကြည့်တော့ ကျွန်မသာ တစ်ဖက်သက်ရူးခဲ့ခြင်းဖြစ်သည်။ ဆိုင်သာဆိုင်ခဲ့ပြီး မပိုင်ခဲ့သော သူ့ ကို ကျွန်မမေ့ပစ်ဖို့ အချိန်ရောက်ပြီ .. ။ ပြီးတော့ သူ့ ဘေးမှာရှိတဲ့သူက တစ်ခြားသူမှမဟုတ်တာ ကျွန်မ့အချစ်ဆုံးသူငယ်ချင်း .. အိမေ .. ။ ကျွန်မထက်မသာရင်တောင် ကျွန်မနီးပါးအချစ်တွေနဲ့ အိမေ သူ့ ကို ချစ်နိုင်မယ်ဆိုတာ ကျွန်မယုံကြည်သည်။ ဒါပေမဲ့ ဘာလို့  ကျွန်မရင်ထဲ မွန်းကျပ်မှုတွေ ပြေမပျောက်ဘဲ ပိုလို့ တိုးလာတာလဲ .. ခေါင်းမော့ကာ ကောင်းကင်ကြီးကိုကြည့်မိတော့ အိပ်တန်းပြန်ပြီဖြစ်တဲ့ ငှက်ကလေးတွေတောင် အုပ်စုလိုက် .. ရုံးပြန်ချိန်မို့  ဘတ်စ်ကားမှတ်တိုင်တွင် လူများ .. “အိမ်ပြန်ချိန်ရောက်ပြီ” တိုးတိုးလေးညဉ်းကာ ကျွန်မအခန်းလေးရှိရာ တိုက်ကလေးသို့ လှမ်းကြည့်လိုက်မိသည်။ လှစ်ခနဲ လူရိပ် .. ကျွန်မစိတ်များထင်တာလား .. ထိုင်နေရာမှထကာ …. ။
xxxxxxxx                        xxxxxxxx                        xxxxxxxxxx
ကောင်လေးတစ်ယောက် ပြုံးကာ ကောင်မလေးခါးကိုဖက်ထားသည့် ဓာတ်ပုံလေးကို ထုတ်ကြည့်ပြီး ဒိုင်ယာရီစာအုပ်ထဲသို့  သူမအသာပြန်ညှပ်ပေးလိုက်သည်။ နောက်တိုးတိုးလေး “တောင်းပန်ပါတယ် မယ် .. ငါ ကိုကို ကို့ အရမ်းချစ်လွန်းလို့ ပါ”  ပြောပြီး ပန်းခြံထဲတွင် တစ်ယောက်ထဲထိုင်ကာနေသော ဓာတ်ပုံထဲမှ ကောင်မလေးကိုလှမ်းကြည့်လိုက်သည်။ တိုက်ဆိုင်စွာ ထိုကောင်မလေးကလည်း  ….
April
02.09.2011 (03:35 PM)
2 comments:
သြချိ said...
စာလေးကဖတ်လို.ကောင်းတယ် ဒါပေမယ်.နောက်ဆုံးပိုင်းသိပ်နားမလည်ဘူး......သဘောက အိမေ က တမင်လုပ်တာလား ....ဒါမှမဟုတ်တိုင်ဆိုင်တာလား....
April said...
မသြချိ --> အိမေက တမင်လုပ်တာတော့မဟုတ်ဘူး .. တိုက်ဆိုင်မှုပါ .. သူချစ်တဲ့သူက မိုးမိမယ်ရဲ့ ချစ်သူဟောင်းဖြစ်နေတာ .. ပြီးတော့ မိုးမိမယ် သူ့ ချစ်သူကို အခုထက်ထိစောင့်နေတုန်း ချစ်နေတုန်းဆိုတာကိုလည်းသိပေမဲ့ အိမေဘက်က သူကိုယ်တိုင်လည်း နောက်ဆုတ်မပေးနိုင်ဘူးဖြစ်နေတဲ့ သူငယ်ချင်းရဲ့ နှစ်ယောက်ရဲ့ ဇာတ်လမ်းလေးပါ ..
Post a Comment
လာရောက်ဖတ်ရှုအားပေးမှုအတွက် ကျေးဇူးအထူးတင်ရှိပါသည်။ ဝေဖန်အကြံပြုချက်များကိုလည်း ပွင့်လင်းစွာပြောကြားသွားနိုင်ပါသည်ရှင်